အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

၁။ သင့်အိပ်မက်/ရည်မှန်းချက်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

မိတ်ဆက်
အောင်မြင်ခြင်းဆိုသည်မှာအဘယ်နည်း။ သင့်ဘဝတွင် မည်သည့်အောင်မြင်မှုမျိုးရယူလိုသနည်း၊ ”အောင်မြင်ခြင်းဆိုသည်မှာ” ဖြစ်နိုင်ခြေရှိသည့် ရည်မှန်းချက်၊ အိပ်မက်၊ ဦးတည်ချက်၊ သို့မဟုတ် ပြင်းပြသည့် ရည်ရွယ်ချက် အရေအတွက်မည်မျပင်ဖြစ်စေ၊ ရရှိပိုင်ဆိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

အမုန်းခံစွန့်စားရသည့်တိုင် မဖြစ်မနေရယူလိုသည့် သင်၏အကြီးမားဆုံးရည်မှန်းချက်မှစပြီး၊ အသေးငယ်ဆုံး သာမန်အကြောင်းအရာလေးများအထိ သီးသန့်အချိန်ယူ၍ သင့်ကိုယ်ပိုင်စာရင်းတစ်ခုပြုစုပါ။ မိမိစိတ်ထဲပေါ်လာသည်ကို ပေါ်လာသည့် အစီ အစဉ်အတိုင်းချရေးပါ၊ ပြန်လည်ပြင်ဆင်ခြင်း၊ အစီ အစဉ်တကျဖြစ်ရန် ဂရုစိုက်ခြင်းတို့ပြုရန်မလိုအပ် ပါ။ စိတ်ထဲရှိသည့်အတိုင်း ထွက်လာပါစေ။ ထွက် ပေါ်လာသည့် စာရင်းသည် အဆုံးမသတ်နိုင်ဖြစ် ကောင်းဖြစ်နေတတ်ပြီး၊ တစ်ခုသေချာသည်မှာ နေ့ ရက်တစ်နေ့တာသို့ ကူးပြောင်းတိုင်း အချက်အလက်များလည်း ပြောင်းလဲနေမည်ဆိုခြင်းပင်ဖြစ်သည်။ လာမည့်အခန်းပေါင်း ၁၀၀ သည် သင်မှန်းဆနိုင်သည့် မည်သည့်အောင်မြင်မှုမျိုးကိုမဆို ရယူပိုင်ဆိုင်နိုင်ရန် အထောက်အကူပေးမည်ဖြစ်သည်။

အခန်းတိုင်းသည် သင်၏ ရည်မှန်းချက်ပန်းတိုင် နှင့် ပိုမိုနီးစပ်နိုင်မည့် အကြံသစ်ဉာဏ်သစ်များကို ဖော်ပြပေးသွားမည်ဖြစ်သည်။ တစ်ခန်းစီတွင် ပထမ တစ်ပိုင်း၌ အကြံဉာဏ်များကို မိတ်ဆက်၊ ရှင်းပြပေး သွားမှာဖြစ်ပြီး ဒုတိယတစ်ပိုင်းတွင် အောင်မြင်မှုရရှိ နိုင်မည့် အခွင့်အရေး အမြင့်မားဆုံးရရှိရန် သင့်အ တွက် လိုအပ်သော အကောင်းဆုံးအတွေးအမြင်၊ အကျင့်နှင့် အပြုအမူများရရှိရန်အတွက် ယနေ့ပင် စတင်လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများနှင့် လုပ်ဆောင်ရမည့် အချက်ကြီး/ငယ်တို့ကို ဖော်ပြပေးသွားမည်ဖြစ်သည်။

လက်ရှိသင့်ဘဝတွင်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များပေါ်မူတည်၍ ယခုချက်ချင်းအကောင် အထည်ဖော်ရမည့်အလုပ်များနှင့် နောင်တစ်ချိန်ကျမှ လုပ်ဆောင်ရမည့် အလုပ်များတွေ့ရှိလာမည်ဖြစ်သည်။ အကြံဉာဏ်တစ်ခုခုသည် ယနေ့သင်ဖြစ်ပျက် နေသည့် အခြေအနေအတွက် အသုံးမဝင်လျင်ဘေး ဖယ်ထားလိုက်ပြီး တစ်ချိန်လိုအပ်မှ ပြန်လည်ဖော်ထုတ်အသုံးပြုရန်ဖြစ်သည်။

၁။ သင့်အိပ်မက်/ရည်မှန်းချက်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ

သင်ခံစားမှုပြင်းပြသည့်ဝါသနာပါရာအတိုင်း လိုက်ပါလုပ်ဆောင်လျင် ပိုမိုကောင်းမွန်သည့်ဘဝကို ရရှိလိမ့် မည်။ မိမိနှစ်သက်သည့်အလုပ်ကို လုပ်နေရသူတို့သည် အခြားသူများထက် မိမိတို့ဘဝကို ကျေနပ်နှစ်သက်လေ့ရှိ သည်၊ အဘယ်ကြောင့်ဆိုသော် ¤င်းတို့သည် ”မိမိတို့၏ အိပ်မက်/ရည်မှန်းချက်များကို လိုက်ပါလုပ်ဆောင်နေကြသူများ” ဖြစ်နေကြသောကြောင့်ဖြစ်သည်။

Richard Branson
သင့်အိပ်မက် (ရည်မှန်းချက်) များသည် သင့်အောင်မြင်မှုအတွက်လောင်စာ (တွန်အား) များပင်ဖြစ်သည်။ ထိုအရာများမပါဘဲနှင့် သင့်ဘဝတွင် အဓိပ္ပာယ်နှင့်ပြည်စုံသော၊ ကြာရှည်ခံသည့် အောင်မြင်မှုမျိုးမည်သည့် အခါမျရနိုင်မည်မဟုတ်ပေ။

အောင်မြင်သည့် ပုဂ္ဂိုလ်တိုင်း၏ နောက်ကွယ်တွင် ပြီးပြည့်စုံသွားသော အိပ်မက်တစ်ခုစီရှိကြသည်။ ၄င်းတို့ ငယ်စဉ်တောင်ကျေး၊ ကလေးဘဝကတည်းက မက်ခဲ့သော အိပ်မက်များဖြစ်နိုင်သကဲ့သို့ ၄င်းတို့၏ ဘဝနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အိပ်မက်များလည်း ဖြစ်နိုင်ပေသည်။ သို့သော် ယင်းတို့၏အိပ်မက်များထဲမှ အနည်းဆုံး (စေ့ဆော်မှုတွန်းအားပေးနေသော၊ မောင်းနှင်နေသော၊ စိတ်လှုပ်ရှားမှုနှင့် ဆွဲဆောင်မှုဖြစ်စေသော) ”အိပ်မက်တစ်ခု” ကတော့ အောင်မြင်မှုနှင့် ဆက်နွှယ်နေမည်ဖြစ်သည်။ ဤ ”အိပ်မက်” သည် သင့်အားမဖြစ်နိုင်သည့်အရာများကို ယုံကြည်မှုရှိစေရန်၊ မျော်လင့်မထားသော ဘဝအပြောင်းအလဲများကို ပြုလုပ်ဖြစ်ရန်၊ သက်သောင့်သက်သာရှိသည့် အခြေအနေမှသွေဖည်၍ မခန့်မှန်းနိုင်သည့် စွန့် စားမှုများ ပြုလုပ်ဖြစ်ရန် သင့်ကိုတွန်းအားပေးသည့် ”ပန်းတိုင်”တစ်ခုဖြစ်လာပေသည်။

အောင်မြင်သူတို့သည် မိမိတို့နှစ်သက်သည့်၊ ဆန္ဒပြင်းပြသည့် အရာများကို မည်သည့်အခါမျမမေ့ကြပေ။ ထိုသူများသည် မည်မျပင်ရူးသွပ်သည့် ပုံပေါက်နေ သည်ဖြစ်စေ၊ အများအမြင်တွင် သေးသိမ်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်ရွေးချယ်သည့် လမ်းကြောင်းအတိုင်း လိုက်၍ မှန်ကန်သည့် ရွေးချယ်မှုပြုလုပ်ရန် မဆိုင်းမတွ လုပ်ဆောင်လေ့ရှိကြသည်။ ”အောင်မြင်သည့် ပုဂ္ဂိုလ်တိုင်း၏ နောက်ကွယ်တွင် ပြည့်စုံသွားသည့် အိပ်မက်တစ်ခုရှိသည်”

လက်တွေ့လုပ်ဆောင်ခြင်း

သင့် (အိပ်မက်/မျော်မှန်းသည့်ပန်းတိုင်) ကို နားလည်သဘောပေါက်ခြင်း၊ သင့်အိပ်မက်ကားအဘယ်နည်း၊ သင်မည်သည့်အရာကို အမှန်တကယ်ရယူလိုနေပါသ နည်း၊ အကြမ်းဖျင်းရေးခြစ်ခြင်းများ၊ ရုပ်ပုံများနှင့် စကား လုံးများအား အသုံးပြု၍ စာရင်းတစ်ခုချရေးပါ။

သင့်အိပ်မက်ကို အကောင်းဘက်မှရှုမြင်ယုံကြည်ပါ

သင့်အိပ်မက်ကို မည်သို့ရယူပိုင်ဆိုင်နိုင်မည်ဆိုသည်ကို စဉ်းစားကြည့်ပြီး သင့်စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်ခြင်းနှင့် မကောင်းမြင်မှုများ ဖြစ်ပေါ်လာသလားဆိုသည်ကို စောင့်ကြည့်လေ့လာပါ။ သင့်စိတ်က ”ငါအသက်ကြီးလွန်း နေပြီ၊ ဒါလုပ်ဖို့ သိပ်နောက်ကျသွားပြီ” ”အခုတော့ ငါ့မှာအိမ်ထောင်နဲ့၊ ပြီးတော့ လစဉ်အကြွေးဆပ်စရာကလည်းရှိသေးတယ်၊ ငါ့ဘဝကို ဘာကြီးကျယ်တဲ့အပြောင်း အလဲမှမလုပ်နိုင်ပါဘူး” သို့မဟုတ် ”ငါ့မိဘတွေ ငါ့အကြံကို ဘယ်တော့မှ ထောက်ခံအားပေးမှာမဟုတ်ပါဘူး” စသည်ဖြင့် ဆိုကောင်းဆိုမိလိမ့်မည်။ အောင်မြင်သူများက ”အလုပ်တစ်ခုမလုပ်ဖြစ်ရန် ဆင်ခြေများဆိုသည်မှာ အမြဲ ရှိနေတတ်ကြောင်း” သင့်အားပြောပြလိမ့်မည်။ သင့်အနေနှင့်မူ ရှေ့ဆက်တိုးရန်နှင့် အစပြုဖို့ရန်သတ္တိနှင့် ခွန်အားသာရှာဖွေရမှာဖြစ်သည်။

သင့်အိပ်မက်များကို အကောင်အထည်ဖော်နိုင်မည့်အဖြေများ ရှာဖွေဖန်တီးထားပါ

သင့်အိပ်မက်ကို မည်သို့အကောင်အထည်ဖော်ရမည်ကိုသိဖို့ စိုးရွံ့ထိတ်လန့်မှုဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အဓိက သော့ချက်မှာ ယခုသင်မည်သည့်အခြေအနေတွင် ရပ် တည်နေသနည်း၊ မည်သည့်အခြေအနေသို့ ရောက်လိုသနည်း၊ ကွာဟမှုကို နီးစပ်အောင် မည်သို့လုပ်မည်နည်းဆိုသည်တို့ကို သတိထားမိရန်ဖြစ်သည်။ လွယ်ကူသောအရာတော့မဟုတ်ပေ။ သို့သော် သင်နှင့်အနီးစပ်ဆုံးအကူအညီ ရနိုင်သူများကို စာရင်းပြုစုရန်တိုက်တွန်းလိုသည်။ သင့်ရည်မှန်းချက်များ နှင့်သူတို့၏ရည်မှန်းချက်များယှဉ်တွဲ ကြည့်ရှုပြီး တူညီသောရည်မှန်းချက်များကို ရယူလျင် အတူတကွဦးတည်လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။

အောင်ကို (တောင်ငူ)

ရှေ့လဆက်ရန်

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း