E-Scooter ထုတ်လုပ်သူ Ather ကုမ္ပဏီအမြတ်အစွန်းရဖို့ မရှိသေး

အိန္ဒိယနိုင်ငံထုတ် လျှပ်စစ်စကူတာထုတ်လုပ်သူ Ather Energy က ကုန်ကြမ်းစရိတ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုတွေကြောင့် ဝယ်လိုအားတွေရှိနေသော်လည်း အမြတ်ရဖို့လမ်းကြောင်းဟာနှောင့်နှေးနေရကြောင်းပြောပါတယ်။

ကုမ္ပဏီက ဒီနှစ်ကုန်ပိုင်းမှာ အရင်းကြေမယ်လို့ အစကမျှော်မှန်းထားခဲ့တာ၊ ခုတော့ နောက်ထပ် လေး၊ ငါး၊‌ေ ခြောက်လလောက် ထပ်ကြာဦးမယ်ထင်ပါတယ်ဆိုပြီး Ather Energy ရဲ့ ပူးတွဲတည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ Tarun Mehta က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လူတွေဟာ ပိုမိုသန့်ရှင်းတဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကို ကမ္ဘာတစ်ဝန်းပိုမို လိုလားလာတာနဲ့အမျှ လျှပ်စစ်စွမ်းအင်သုံးဘီးတပ်ယာဉ်တွေရဲ့ ဝယ်လိုအားပိုတက်လာတာကို မြင်တွေ့ရပေမယ့် လူသုံးကုန်ပစ္စည်းတွေ တဟုန်ထိုးဈေးကြီးမြင့်လာတာ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်မှုက ဆိုးရွားလာတာတွေကြောင့် ထင်သလောက် ဒီကဏ္ဍဟာ မတိုးတက်လာဘူးဖြစ်နေတာပါ။

Ather ကုမ္ပဏီအနေနဲ့လည်း ကုန်ပစ္စည်းတွေရဲ့ စရိတ်မှာ ဒေါ်လာရာထောင်ချီတက်လာတာကြောင့် လူသုံးကုန်တွေဈေးတက်မှုနဲ့အတူ ဝယ်သူတွေပါက ဒီတိုးမြင့်လာမှုဒဏ်ကို ဝင်ကူထမ်းဖို့ဖြစ်လာတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ Mehta က ဆိုပါတယ်။

ကုမ္ပဏီရဲ့ထုတ်လုပ်မှုပမာဏဟာလည်း chip ပြတ်လတ်မှုနဲ့ ဘက်ထရီတွေအတွက်လိုတဲ့ Lithium-ion cell တွေထုတ်လုပ်မှုက စိန်ခေါ်မှုတွေရှိနေဆဲမို့လို ထင်သလောက်မရောက်လာနိုင်ဘူးဖြစ်နေပါတယ်။ အဓိကကတော့ တရုတ်နိုင်ငံအတွင်း COVID-19 ကြောင့် lockdown တွေလုပ်တာနဲ့ ကုန်ပစ္စည်းသိုလှောင်သယ်ပို့မှုကွင်းဆက်အကြီးအကျယ်ပြတ်တောက်တာတွေက အဓိကအကြောင်းရင်းတွေဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Tiger Global နဲ့ အိန္ဒိယရဲ့ အကြီးဆုံးစက်ဘီးထုတ်လုပ်သူ Hero MotoCorp တို့ရဲ့ (ငွေကြွေး)ထောက်ပံ့မှုရရှိထားတဲ့ Ather ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ လျှပ်စစ်စကူတာ အစီးရေ ၃၂၀၀ ကျော်ရောင်းချနိုင်ခဲ့ပါတယ်။ Ather ဟာ ဂျပန်နိုင်ငံက SoftBank Group Corp နဲ့ Hero Electric တို့နောက်ခံရှိတဲ့ ပြိုင်ဘက်ကုမ္ပဏီ Ola Electric ရဲ့နောက်မှာပဲရှိနေပါသေးတယ်။

Ather အနေနဲ့ လာမယ့် အင်္ဂါနေ့မှာ 450X e-scooter ကို စတင်မိတ်ဆက်သွားမှာဖြစ်ပြီး ဒီနှစ်ကုန်အထိ တစ်လကို အစီးရေ တစ်သောင်းထုတ်သွားနိုင်ဖို့လုပ်ထားသလို ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာတော့ ပုံမှန် နှစ်စဉ်ထုတ်လုပ်နိုင်နှုန်းထား အစီးရေ လေးသိန်းအထိ ပြည့်မီထုတ်လုပ်နိုင်ဖို့လည်း ရည်မှန်းထားတာပါ။

ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်စကူတာရောင်းအားက ငါးဆကျော်တက်လာခဲ့တာဖြစ်ပြီး အဓိကကတော့ စွမ်းအင်ဈေးနှုန်းတွေမြင့်တက်လာလို့ လူတွေဟာ တခြားသက်သာရာရှာလာြကတာလည်းပါပါတယ်။ပြီးတော့ အစိုးရလက်အောက်ခံအဖွဲ့အစည်းတွေကလည်း လျှပ်စစ်စွမ်းအင်သုံးနဲ့ ဓာတ်ဆီသုံး ယာဉ်တွေအတွက်ဈေးနှုန်းကွာဟချက်ကိုလည်း လျှော့ချပေးနေပါတယ်။

သို့သော်လည်း ၂၀၂၁ ခုနှစ်အတွင်း စကူတာနဲ့ မော်တော်ဆိုင်ကယ် စုစုပေါင်းအစီးရေအရောင်းပမာဏ ၁၄.၅ သန်းရှိခဲ့တဲ့ထဲမှာ e-scooter က တစ်ရာခိုင်နှုန်းပဲပါဝင်ခဲ့သေးတာဖြစ်ပါတယ်။ ၂၀၃၀ အရောက်မှာတော့  ၄၀ ရာခိုင်နှုန်းအထိတိုးလာဖို့ အစိုးရက မျှော်မှန်းချက်ထားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဖြူလဲ့မွန်

Ref : BKK Post