နှာခေါင်းစည်းနဲ့ ခံတွင်းရနံ့ဆိုးပြဿနာ

နှာခေါင်းစည်း (မတ်စ်)(Mask)တွေကို ဘယ်အချိန်လောက်အထိဆက်တပ်ပြီး သွားလာနေဦီးမလဲဆိုတာကိုအခုအချိန်အထိဘယ်သူကမှ အတိအကျမပြောနိုင်သေးပါဘူး။ လာမည့် သုံး၊လေးလအတွင်းကတော့ အခုလိုပဲဆက်ပြီးအပြင်ထွက်တိုင်းဝတ်ထားကြရမှာကတော့အသေအချာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အခုတင်မိုးတွေရွာလာပြီးရိုးရိုးတုပ်ကွေးတွေနဲ့ အခြားရာသီတုပ်ကွေးစတဲ့ ရောဂါပိုးတွေကလည်းစလာပြီဖြစ်လို့ပါပဲ။

တဘက်မှာလည်း အခုလိုနေ့စဉ်နေ့တိုင်း အပြင်သွားတိုင်းနှာခေါင်းစည်းကို တပ်ထားရမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ပါးစပ်ထဲကအနံ့တွေဟာလည်းတဖြည်းဖြည်းထွက်ပေါက်မရှိဘဲ ကိုယ့်အနံ့ကို ကိုယ်ပြန်ရှူနေရတဲ့အခြေအနေကိုရောက်မှန်းမသိရောက်လာတတ်ပါတယ်။အဲဒီကျမှ ကိုယ့်ခံတွင်းအနံ့ကဘယ်လိုရှိသလဲဆိုတာကို သတိပြုမိလာတတ်ကြပါတယ်။တနည်းပြောရရင် နှာခေါင်းစည်းတပ်ထားလိုက်တော့မှ ကိုယ့်ခံတွင်းရနံ့အကြောင်းကို ပိုသတိထားမိလာစေနိုင်ပါတယ်။

လူတွေမှာကိုယ့်ရဲ့ခံတွင်းရနံ့ကိုယ်ရပြီဆိုရင်တော့ အဲဒါဟာပြဿနာရှိပြီလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်ဆိုတော့ လူအများစုဟာ ကိုယ့်ပါးစပ်ကထွက်တဲ့အနံ့က ဘာအနံ့ရှိသလဲဆိုတာကို မပြောပြနိုင်ကြလို့ပါပဲလို့ ခံတွင်းဆရာဝန်တွေကပြောပါတယ်။တကယ်တော့မိမိခံတွင်းက အနံ့ဆိုးတာဟာမိမိနဲ့ မိမိပတ်ဝန်းကျင်ကလူတွေအားလုံးအတွက်ကတော့ စိတ်အနှောက်အယှက်တစ်ခုပါပဲ။

ဒါပေမယ့် အဲဒါဟာမိမိတစ်ဦးတည်း မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာ လူသန်းပေါင်းရှစ်ဆယ်လောက်ဟာနာတာရှည်ခံတွင်းရနံ့ဆိုး (အာပုပ်စော်နံ့) ရှိတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။အဲဒါဟာမိမိရဲ့ လူမှုဘဝအောင်မြင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိနေနိုင်တာထက်မကပါဘူး။ခံတွင်းရနံ့ဆိုးတာဟာ မိမိမှာရောဂါဝေဒနာတစ်ခုခု၊ အခြေအနေတစ်ခုခုဒါမှမဟုတ် တစ်ချို့အခြေအနေတွေဟာ ဆိုးဝါးတဲ့အခြေအနေတစ်ခုခုကို ညွှန်ပြနေတာလည်းဖြစ်နေနိုင်ပါတယ်။ကိုယ့်ဖာသာအနံ့သက်သာအောင် ပူရှိန်းသကြားလုံးတွေဖြစ်ဖြစ် ပီကေတွေဖြစ်ဖြစ် ငုံဖို့ကြိုးစားနေတုံးမှာပဲခံတွင်းရနံ့ဆိုးခြင်းရဲ့တွေ့ရလေ့ရှိတဲ့အကြောင်းရင်း ၁၀ချက်နဲ့ ဘာဆက်လုပ်သင့်တယ်ဆိုတာတွေကိုလည်း လေ့လာကြည့်ကြရအောင်။

၁။ သင်သွားတိုက်တာမမှန်ကန်လို့လား။

ဖြစ်နိုင်ပါတယ်။ ခံတွင်းကိုကောင်းကောင်း သန့်ရှင်းမထားတာဟာခံတွင်းရနံ့ဆိုးခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းရင်းတစ်ခုပါပဲ။မိမိရဲ့သွားတွေနဲ့သွားဖုံးတွေကြားမှာ အသားတွေ စားကြွင်းစားကျန်တွေညှပ်နေတဲ့အခါ ဘက်တီးရီးယားပိုးတွေဟာအဲဒီပစ္စည်းတွေကိုဖျက်စီးပြီးအနံ့ဆိုးတဲ့ ဓာတ်ငွေ့တွေကိုဖြစ်ပေါ်လာစေပါတယ်။အဲဒီဓာတ်ငွေ့တွေကဘဲဥပုပ်နံ့လိုလိုဆိုးဝါးလာရင် ကိုယ်ခန္ဓာကစွန့်ထုတ်လိုက်တဲ့ အစာဟောင်းနံ့လိုလိုရတတ်ပါတယ်။

ဘာလုပ်ရမလဲ။

ခံတွင်းဆရာဝန်တွေပြောပြတဲ့ နည်းလမ်းတစ်ခုကတော့ သွားကြားကိုရှင်းပေးတဲ့ကြိုးစ (Floss) ကိုအသုံးပြုပြီးလို့ ကြိုးစကိုပြန်ရှူကြည့်လိုက်လို့ ကြိုးစကရနံ့ဆိုးရတယ်ဆိုရင် မိမိမှာခံတွင်းရနံ့ဆိုးရှိမယ်လို့ သိနိုင်ပါတယ်။အဲဒီပြဿနာကိုဖြေရှင်းဖို့က လွယ်ပါတယ်။တစ်နေ့နှစ်ကြိမ် ဖလူရိုက် (Fluoride) ပါတဲ့ သွားတိုက်ဆေးနဲ့သွားကို တစ်ကြိမ်တိုက်ရင်အနည်းဆုံးနှစ်မိနစ်ကြာအောင် နည်းစနစ်မှန်မှန်တိုက်ပေးပြီးစားကြွင်းစားကျန်တွေကိုရှင်းပေးတဲ့ကြိုးစ(Floss) ကိုပုံမှန်အသုံးပြုပေးရပါမယ်။ သွားတိုက်နေချိန်မှာလည်း မိမိရဲ့ လျှာနဲ့ပါးစောင်တွေကိုမေ့ထားလို့မရပါဘူး။ သွားတိုက်သလိုပဲ သူတို့ကိုလည်းတိုက်ပေး၊သန့်ရှင်းရေးလုပ်ပေးမှ ဘက်တီးရီးယားပိုးတွေပေါက်ပွားမှုက နည်းပါးမှာဖြစ်ပါတယ်။ခံတွင်းရနံ့ကောင်းစေတယ်ဆိုတဲ့ ခံတွင်းငုံဆေးရည်တွေ၊ ပီကေတွေစတဲ့ အလှအပပစ္စည်းတွေဟာရနံ့ဆိုးတွေကိုအချိန်ခဏပဲထိန်းထားနိုင်ပါတယ်လို့ ခံတွင်းဆရာဝန်တွေကသတိပေးထားပါတယ်။ အကြောင်းကတော့ သူတို့ဟာဘက်တီးရီးယားပမာဏကိုလျော့နည်းအောင်လည်းမလုပ်ပေးနိုင်ပါဘူး။

၂။ အနံ့ပြင်းတဲ့ အစားအစာတစ်ခုခု သို့မဟုတ် အရည်တစ်မျိုးမျိုးကို သောက်ထားလို့လား။

ကော်ဖီ၊ ကြက်သွန်ဖြူ၊ ငါး၊ ဥတစ်မျိုးမျိုး၊ ပူစပ်တဲ့အစားအစာ။ မိမိတို့စားသုံးလိုက်တဲ့အစားအစာတွေဟာ အလွယ်တကူပဲရနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခံတွင်းရနံ့ကိုဆိုးစေနိုင်တဲ့ အစားအစာအတော် များများဟာဆာလဖိုက်ဓာတ်ငွေ့တွေကိုဖြစ်စေပါတယ်။ သင်သိတဲ့အတိုင်း ဆာလဖာဓာတ်ဟာဥအပုပ်နံ့နဲ့တူပါတယ်။ ပူရှိန်းပါတဲ့ ပီကေတစ်ခုကိုဝါးပြီးအနံ့ဆိုးကို ဖုံးကွယ်ထားနိုင်ပါတယ်။ သင်သွားတိုက်နေသည့်တိုင်အောင် မိမိစားသောက်လိုက်တဲ့ အစားအစာတွေဟာ ကိုယ့်ကိုယ်ခန္ဓာထဲမှာ လှည့်ပတ်နေရင်းအနံ့တွေကိုဖြစ်ပေါ်နေစေမှာ ဖြစ်ပါတယ်။ကော်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေမှာပါတဲ့ ဓာတ်တစ်မျိုး (Allyl methyl sulfide) ဟာမိမိခန္ဓာကိုယ်ထဲမှာ ၇၂ နာရီ (သုံးရက်) ကြာအောင်သင့်သွေးကြောထဲမှာဆက်ရှိနေပြီး သင်အသက်ရှူလိုက်တဲ့လေထဲမှာ ပါလာတာကိုတွေ့ရပါတယ်။

သံပုရာ၊ နံနံနဲ့ ပန်းသီးလိုလတ်ဆတ်တဲ့ အသီးအနှံတွေမုန်လာနီစတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ အခြားအစားအစာတွေကိုပြန်ပြီးစားသုံးပေးခြင်းဖြင့် ပြောခဲ့တဲ့အစားအသောက်ကြောင့်ဖြစ်တဲ့ အနံ့ဆိုးတွေကိုဖယ်ရှားကြည့်ပါ။အဲဒီအစားအစာတွေက တံတွေးထွက်အောင်လှုံဆော်ပေးပြီး တံတွေးကခုနကအနံ့ဆိုးတွေကို ဖယ်ရှားပေးသွားမှာဖြစ်ပါတယ်။ ရေများများသောက်တာဟာလည်းအထောက် အပံ့ရနိုင်ပါတယ်။ အကယ်၍ ကော်ဖီတွေသွားသောက်ရင်တော့ တံတွေးထွက်တာကို နည်းပါးသွားစေမှာဖြစ်ပါတယ်။

၃။အချိုတွေအများကြီးစားမိလို့လား။

နောက်တစ်ခါ သကြားလုံးတွေ၊ ကိတ်မုန့်တွေဘီစကွတ်တွေမစားခင်မှာ နည်းနည်းနားစိုက်ထောင် ကြည့်လိုက်ပါ။ အဲဒီအစားအစာတွေကိုမိမိခံတွင်းထဲက ဘက်တီးရီးယားတွေကဆိုင်းတွေဗုံတွေနဲ့ ဝမ်းသာအားရကခုန်ပြီးကြိုဆိုနေကြတဲ့အသံတွေကို။သူတို့အတွက်တော့ သကြားကနတ်သုဒ္ဓါ ပါပဲ။သူတို့အဲဒါကိုဝိုင်းဝန်းစားသောက်ပြီးလို့ရှိရင် အဲဒီအနံ့ဆိုးတွေချန်ခဲ့မှာဖြစ်ပါတယ်။

ကပ်စေးနည်းလို ချိုပြီးစေးကပ်တဲ့ သကြားလုံးမျိုးတွေကအဆိုးဆုံးပဲလို့ခံတွင်းဆရာဝန်တွေကဆိုပါတယ်။ သူတို့က သင့်ကိုအကြံပေးမှာကအချိုစားချင်ရင် (သကြားတွေနို့တွေမပါတဲ့)ချော့ကလက်အလွတ်ကိုစားဖို့တိုက်တွန်းပါလိမ့်မယ်။အဲဒါကတစ်ခြားအချိုပါတဲ့အစားအစာတွေထက် သကြားဓာတ်နည်းပါးပါတယ်။ပြီးတော့ ခံတွင်းထဲမှာလည်းမြန်မြန်ပျော်သွားစေပါတယ်။

၄။ ကစီဓာတ်နည်းပါးတဲ့အစားအစာ (ဓာတ်စာ)တွေစားနေလို့လား။

အသားဓာတ် (ပရိုတင်းဓာတ်)တွေအများကြီးစားပြီးကစီဓာတ် (ကာဘိုဟိုက်ဒရိုတ်)တွေလျှောြ့ပီးစားနေတယ်ဆိုရင် မိမိကိုယ်ခန္ဓာဟာကိုယ်ခန္ဓာကအင်အားရရှိဖို့အတွက် အဆီဓာတ်တွေပြိုကွဲမှုများတဲ့ကီတိုးစစ် (Ketosis) လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်ထွက်ရှိလာတဲ့ကီတုန်း (Ketone) ဓာတ်ပစ္စည်းတွေဟာဆီးထဲကနေ၊ အသက်ရှူထုတ်လိုက်တဲ့လေထဲကနေကိုယ်ခန္ဓာပြင်ပကိုစွန့်ထုတ်ရပါတယ်။အဲဒီရနံ့ကသစ်သီးအပုပ်နံ့နဲ့ တူပါတယ်။ကီတုန်းဓာတ်ပစ္စည်းတွေကိုကိုယ်ခန္ဓာထဲကခပ်မြန်မြန်စွန့်ပစ်လို့ရအောင် ရေများများသောက်ပေးဖို့လိုပါတယ်။ ပူရှိန်းပါတဲ့ ပရုပ်သကြားလုံးတွေပီကေတွေစားရင်လည်းသကြားမပါဖို့လိုပါတယ်။

၅။ သင်ဟာပါးစပ်နဲ့အသက်ရှူနေတာလား။

ညဘက်တွေမှာတံတွေးတွေအထွက်နည်းသွားပါတယ်။ အဲဒါကြောင့်မိမိတို့အတော်များများဟာသွားတိုက်ပြီး စားကြွင်းစားကျန်တွေကိုသေသေချာချာသန့်ရှင်းရေးလုပ်ထားသည့်တိုင်အောင် နံနက်အိပ်ရာထကာစမှာခံတွင်းရနံ့မကောင်းတာကိုသတိပြုမိကြမှာပါ။ ပါးစပ်နဲ့အသက်ရှူတတ်သူတွေ၊ညညအိပ်ရင်ဟောက်တတ်တဲ့သူတွေဟာခံတွင်းကိုပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။ ခံတွင်းနံ့ကိုလည်းပိုမိုဆိုးဝါးစေနိုင်ပါတယ်။ ခံတွင်းခြောက်သွေ့ခြင်း (Xerostomia) ဟာမကောင်းတဲ့အခြေအနေတစ်ရပ်သာမကဆိုးကျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ လည်ချောင်းနာလာမယ်၊ အသံဝင်လာမယ်၊ စကားပြောဖို့ မျိုချဖို့ခက်ခဲလာမယ်၊အံကပ်အတုတွေတပ်ဖို့ခက်ခဲလာမယ်၊အရသာတွေလည်းပြောင်းလဲလာတာတို့စတာတွေဖြစ်လာနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ။

မိမိခံတွင်းရဲ့အခြေခံအသက်ရှူတဲ့ ပြဿနာကိုဖြေရှင်းရပါမယ်။ရေအများကြီးသောက်ဖို့လိုပါမယ်။မိမိခံတွင်းသန့်ရှင်းရေးကိုနံနက်ရောညဘက်မှာပါပြုလုပ်ပေးဖို့လိုပါမယ်။ ခံတွင်းဆရာဝန်တွေကတော့ မိမိခံတွင်းကိုဆရာဝန်နဲ့ မှန်မှန်စစ်ဆေးမှုခံယူဖို့လိုတယ်လို့ပြောပေမယ့် အခုလိုကိုဗစ်ကာလအချိန်မှာတော့ အဲဒီလိုလုပ်ဖို့ကအခက်အခဲရှိနိုင်ပါတယ်။ဒါပေမယ့်လည်းမိမိရဲ့ခံတွင်းဆရာဝန်နဲ့အရင်ဆက်သွယ်ကြည့်ပါ။အကယ်၍ဆရာဝန်ကဆောင်ရွက်ပေးနိုင်မယ်ဆိုရင်ရက်ချိန်းရယူပြီးဒါမှမဟုတ် အင်တာနက်ကျန်းမာရေးဝန်ဆောင်မှု (Telemedicine) က တဆင့် သင့် ကျန်းမာရေးအတွက် စစ်ဆေးမှုကိုခံယူကြည့်သင့်ပါတယ်။ဒါမှဆရာဝန်ကမိမိပြဿနာကိုရှာဖွေဖော်ထုတ်ပေးနိုင်ပါလိမ့်မယ်။

၆။ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လား။

ဆေးဝါးအမျိုးမျိုးဟာသင့်ခံတွင်းကိုခြောက်သွေ့စေနိုင်ပါတယ်။ခံတွင်းရနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ တွေ့ရလေ့ရှိတာကစိုးရိမ်စိတ်လွန်ပျောက်စေတဲ့ဆေးတွေ၊ စိတ်ကျရောဂါကုဆေးဝါးတွေ၊ သွေးပေါင် ကျဆေးတွေ၊ အကိုက် အခဲပျောက်ဆေးတွေ၊ ကြွက်သားတွေတောင့်တင်းတာကိုသက်သာစေတဲ့ ဆေးဝါးမျိုးတွေဖြစ်တတ်ပါတယ်။
အဲဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိူးတွေထဲမှာအာခြောက်တာပါသလား။စစ်ဆေးကြည့်ပါ။အကယ်၍ ပါတယ်ဆိုရင် တံတွေးထွက်တာကိုမထိခိုက်စေတဲ့တစ်ခြားဆေးတစ်မျိုးမျိုးကိုပြောင်းပြီးပေးဖို့ မိမိဆရာဝန်ကိုပြောကြည့်သင့် ပါတယ်။

၇။ နှာစေးနေတာကြောင့်လား၊ ဓာတ်မတည့်တာတွေဖြစ်နေလို့လား။

မိမိမှာနာတာရှည်ထိပ်ခတ်နာ (chronic sinus infections) ရှိနေပါသလား။အသက်ရှူလမ်းကြောင်းရောဂါတစ်ခုခုရှိပါသလား။အကယ်၍မိမိကနှာပိတ်နေမယ်ဆိုရင်ပါးစပ်နဲ့အသက်ရှူမိမှာဖြစ်ပါတယ်။အဲဒီအခါမှာ ခံတွင်းကပိုခြောက်သွေ့လာပြီးတံတွေးတွေထွက်တာလည်းလျော့နည်းလာမှာြဖစ်ပါတယ်။

အကယ်၍မိမိမှာတစ်ခုခုနဲ့ဓာတ်မတည့်တာမျိုးရှိရင် အဲဒါသက်သာအောင် ဓာတ်မတည့်တာကိုသက်သာစေတဲ့ဆေးကိုမကြာမကြာမှီဝဲရရင် ခံတွင်းရနံ့ကိုဆိုးလာစေနိုင်ပါတယ်။နှာစေးချောင်းဆိုးအတွက်၊ တုပ်ကွေးအတွက် ဓာတ်မတည့်တဲ့ရောအလွယ်တကူဝယ်လို့ရတဲ့ဆေးတွေဟာနှာခေါင်းကိုခြောက်သွေ့စေတာထက်အများကြီးပိုပါတယ်။

နှာရည်တွေဟာအနံ့ဆိုးကိုဖြစ်ပေါ်စေပြီးမိမိရဲ့လျှာအနောက်ဘက်မှာတွယ်ကပ်နေတတ်ပါတယ်။ သွားတိုက်တံရောက်ရှိဖို့လည်းခက်ခဲတဲ့နေရာလည်းဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ လျှာခြစ်တံမျိုးကိုအသုံးပြုပြီး လျှာအနောက်ဘက်ကိုသန့်ရှင်းရေးလုပ်သင့်တယ်လို့ ခံတွင်းဆရာဝန်တွေကအကြံပြုထားပါတယ်။ပြီးရင် ကရိုရင်းဒိုင်အောက်ဆိုဒ် (Chlorine dioxide) ပါတဲ့ခံတွင်းပလုပ်ကျင်းရည်နဲ့ပလုပ်ကျင်းသွားဖို့လိုပါတယ်။

၈။ ဆေးလိပ်ကြောင့်လား၊ ဆေးရွက်ကြီးကြောင့်လား။(တစ်ခြားအကြောင်းတွေကြောင့်လား။)

မိမိဟာဆေးလိပ်သောက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဆေးလိပ်နံ့တွေဟာသင့်အဝတ်အစားတွေပစ္စည်းတွေမှာဘယ်လိုဖြစ်ပြီးစွဲကပ်လာသလဲဆိုတာကိုသင်စဉ်းစားမိမှာပါ။အထူးသဖြင့် သင် ရှူထုတ်လိုက်တဲ့လေထဲမှာဘယ်လိုပါလာသလဲဆိုတာမျိုးကိုကော။ ဆေးလိပ်ငွေ့တွေအကြားမှာအသက်ရှူကြည့်ရင်သင့်ရဲ့အနံ့တွေအရသာစတဲ့ အာရုံခံနိုင်စွမ်းတွေလျော့ကျနေမှာဖြစ်ပါတယ်။

လေပူတွေကခံတွင်းကိုခြောက်သွေ့စေပါတယ်။တံတွေးမရှိတာရယ်၊ ဆေးလိပ်ကဆေးရွက်ကြီးအနံ့ကြောင့်ရယ်ပေါင်းပြီးလူအများမနှစ်သက်ကြတဲ့ “ဆေးလိပ်သမားရဲ့အနံ့” ကိုဖြစ်ပေါ်စေပါတယ်။ဆေးရွက်ကြီးဝါးတာငုံတာတွေကမိမိရဲ့သွားတွေကိုအရာင်ပြောင်းလဲစေနိုင်ပြီးသွားဖုံးတွေကိုထိခိုက်စေနိုင်ပါတယ်။ခံတွင်းနံ့ကိုလည်းဆိုးစေပါတယ်။
ဘာလုပ်ရမလဲဆိုတာကိုတော့ သင်သိမှာပါ။

၉။ အရက်သောက်ထားလို့လား။

ခံတွင်းကိုခြောက်သွေ့စေတဲ့အကြောင်းတွေကိုဆက်ပြောပြနေတာဖြစ်ပါတယ်။ဝိုင်အရက်တွေ၊ ဘီယာတွေ၊အရက်မျိုးစုံစပ်ထားတဲ့ကောက်တေးတွေပါပဲ။ဝိုင်အရက်မှာသကြားပါတာကိုတော့ မပြောတော့ပါဘူး။ အများအပြားကအမျိုးစုံစပ်ထားတဲ့ ကောက်တေးကိုကြိုက်နှစ်သက်ကြပါတယ်။ ဝမ်းသာအားရဖြစ်နေတဲ့ ဘက်တီးရီးယားတွေကတော့တန်းစီနေကြပါပြီ။ သကြားမပါတဲ့ သကြားလုံးတွေမြှုံ့ နေပြီးတော့ ပီကေတွေဝါးပြီးတော့ တွန်းလှန်ပါ။နှစ်မျိုးစလုံးကတံတွေးထွက်တာကိုဖြစ်ပေါ်စေပါ တယ်။ ရေသောက်ဖို့လည်းမမေ့ပါနဲ့။ နောက်တစ်နေ့နံနက်အရက်နာကျ(ခေါင်းကိုက်) တာကိုလည်း သက်သာစေနိူင်ပါတယ်။တတ်နိုင်ရင်အမြန်ဆုံးသွားတိုက်ပြီးသွားကြားကအစာအကြွင်းအကျန်တွေကိုသန့်ရှင်းရေးပြုလုပ်ပါ။

သတိထားဖို့တစ်ချက်ကခံတွင်းပလုပ်ကျင်းဆေးရည်တွေ၊ခံတွင်းသန့်ရှင်းပေးတဲ့အရည်တွေမှာ အရက် (ပျံ) ပါပါတယ်။ အသုံးမပြုခင်မှာမိမိရဲ့ခံတွင်းဆရာဝန်ကိုသေသေချာချာမေးမြန်းပြီးမှ အဲဒီခံတွင်းဆေးရည်တွေကိုအသုံးပြုသင့်ပါတယ်။

၁၀။ ရောဂါတစ်ခုခုဖြစ်နေလို့လား။

လေချဉ်တက်တတ်သလား။ အစာအိမ်ရောဂါရှိလို့လား။အစာမကျေဖြစ်နေလို့လား။ စားပြီးသားအစာတွေပြန်ပြီးပျို့တက်ချင်နေလို့လား။ မိမိအစာအိမ်ထဲကအချဉ်ရည်တွေနဲ့စားထားတဲ့အစာနည်းနည်းရောပြီးပါးစပ်ထဲကိုပြန်တက်လာရင် မကောင်းတဲ့အနံ့ကိုဖြစ်စေပါတယ်။စားပြီးသားအစာတွေမကြာမကြာပြန်ပြီးပျို့တက်ချင်နေတာဟာတစ်ခါတလေမှာဆိုးဝါးတဲ့အစာအိမ်ကင်ဆာရောဂါအထိဖြစ်လာနိုင်ပါတယ်။တစ်ခါတစ်လေမှာခံတွင်းရနံ့ဆိုးတာဟာမိမိမှာရောဂါလက္ခဏာတစ်စုံတစ်ရာမပြတဲ့ ရောဂါတစ်ခုခုကြောင့်လည်းဖြစ်နေနိုင်ပါတယ်။

ဆီးချိူရောဂါရဲ့ ဆိုးဝါးပြီးအသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲအခြေအနေတစ်ရပ် (Diabetic ketoacidosis) ဟာဆီးချိုရောဂါအမျိုးအစား ၁ မှာတွေ့ရတတ်ပြီးလူနာအသက်ရှူထုတ်လိုက်တဲ့ လေဟာချိုမြိန်တဲ့ သစ်သီးရနံ့မျိုးကိုဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေဟာအရေးပေါ်ဆေးကုသမှုခံယူဖိုလိုအပ်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ဆီးချိုရောဂါအမျိုးအစား ၂ မှာလည်းရှားပါးစွာတွေ့ရတတ်ပါတယ်။

ဆိုးဝါးတဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးနေတဲ့လူနာများရဲ့အသက်ရှူထုတ်တဲ့လေဟာအမိုးနီးယားအနံ့(ဆီးနံ့သို့မဟုတ် ငါးညှီနံ့) ရတတ်ပါတယ်။

အသည်းရောဂါဝေဒနာရှင်တွေရဲ့ရှူထုတ်လိုက်တဲ့လေထဲမှာချိုမြိန်ပြီးစူးရှပြင်းထန်တဲ့အနံ့မျိုး (Fetor hepaticus) ကိုရှူရှိုက်ရမိတတ်ပါတယ်။အကြောင်းကရောဂါဖြစ်တဲ့အသည်းဟာသံပုရာသီးအခွံနဲ့အချို့အပင်တွေမှာပါတဲ့ ရနံ့မွှေးတဲ့ဓာတ်ပစ္စည်း (Lemonene) ကိုမချေဖျက်နိုင်လို့ပေါ်ပေါက်လာတာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာရှူထုတ်လိုက်တဲ့လေရဲ့ရနံ့ကိုစစ်ဆေးပြီးအသည်းမာကြွပ်လာတဲ့ရောဂါကိုစောစီးစွာရှာဖွေဖော်ထုတ်နိုင်ဖို့ စမ်းသပ်မှုတစ်ရပ်ကိုတီထွင်ဖို့ကြံဆနေကြပါတယ်။ ။

(Bad breath behind that coronavirus mask? 10 reasons — and remedies — for your halitosis By Sandee LaMotte, CNN, https://edition.cnn.com/…/mask-coronavirus-bad-b…/index.html)