B.B Queen Bags/ Luggage ရဲ့ Founder ဖြစ်သူ ဒေါ်သွယ်သွယ်အေးနှင့် တွေ့ဆုံခြင်း

လုပ်ငန်းစတင်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်

၂၀၁၆ မှာ လုပ်ငန်းစတင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတည်းကလည်း ကိုယ်တိုင်က မြန်မာမှုတွေကို ကြိုက်တဲ့အတွက် ကိုယ်ဘာသာကိုယ် ပစ္စည်းသေးသေးလေးတွေ စလုပ်နေခဲ့ပါတယ်။ သူငယ်ချင်းတွေကိုလည်း လက်ဆောင်ပေးတယ်။ ပစ္စည်းတွေလည်း လိုက်စုခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဝါသနာပါတဲ့အတွက် လုပ်ငန်းကိုအောက်ဆုံးအဆင့်အထိလိုက်လေ့လာခဲ့ပါတယ်။ ရွှေချည်ထိုးနေတဲ့သူတွေဆီကို ရောက်အောင်သွားတယ်။ လေ့လာတယ်မေးမြန်းတယ်။

ဒီလုပ်ငန်းလုပ်ရတဲ့ရည်ရွယ်ချက်က ပထမတစ်ချက်က မြန်မာမှုကို ကြိုက်နှစ်သက်တာ၊ ဒုတိယတစ်ချက်ကတော့ ပြည်တွင်းထုတ်ကုန်တစ်ခုကို အရည်အသွေး ကောင်းကောင်းနဲ့ထုတ်ချင်တာ စတာတွေကတော့ အဓိကပါ။ ပြည်တွင်းဖြစ်ကို ပြည်တွင်းကလူတွေလည်း ပြန်ပြီးသုံးဖြစ်စေချင်တာကလည်း ရည်ရွယ်ချက်တစ်ခုပါ။

ကျွန်မတို့ မိသားစုထဲမှာ ရွှေချည်ထိုးမျိုးရိုးမရှိပါဘူး။ မြန်မာမှုကိုနှစ်သက်ပြီး တချို့မြန်မာမှုထုတ်ကုန်လေးတွေရဲ့ အရည်အသွေးလိုအပ်ချက်ကိုလည်းမြင်ပြီးလုပ်ဖြစ်ခဲ့တာပါ။

ကျွန်မရဲ့ Product ကို နိုင်ငံခြားဧည့်သည်တွေအတွက် အဓိကထားပြီးလုပ်တာမဟုတ်ဘဲနဲ့ ပြည်တွင်းကလူတွေ အမှန်တကယ်သုံးလာအောင် လုပ်ပါတယ်။ ပွဲလမ်းသဘင်သွားတဲ့အခါမှာလည်း သုံးနိုင်အောင်၊ ပွဲလမ်း သဘင်နဲ့လိုက်ဖက်အောင် အရောင်၊ ဒီဇိုင်း ခေတ်မီလှပအောင်၊ အတွင်းမှာသုံးထားတဲ့ အိတ်သားကလည်း နေ့စဉ်သုံးအတွက် ခိုင်ခံ့အောင်အမြဲတမ်း လုပ်နေပါတယ်။ ဒါမှ ပြည်တွင်းကလူတွေလည်း သုံးလာမှာပါ။ ဒီအတွက် အားစိုက်ထုတ်ထားပါတယ်။ အဲဒီလို ပြည်တွင်းကလူတွေသုံးလာအောင်အားစိုက်လုပ်ရင်း သူတို့လည်းကြိုက်ပြီးသုံးပြီး သူများကို လက်ဆောင် ပေးချင်တဲ့အဆင့်ကိုရောက်အောင် သွားပါတယ်။

နိုင်ငံတကာဧည့်သည်တွေအနေနဲ့ဆိုရင်လည်း မြန်မာ့ထုတ်ကုန်တစ်ခုအဖြစ် လက်ဆောင်ရတဲ့အခါ အရည်အသွေးက ကောင်းလိုက်တာ၊ ဒီဇိုင်းနဲ့ လှပမှုလည်း ရှိလိုက်တာ၊ မြန်မာ့ရိုးရာထုတ်ကုန်တွေဆိုတာ ဒီလိုကောင်းပါလားဆိုတဲ့ အမြင်ကိုလည်း ရသွားစေချင်ပါတယ်။ ရွှေချည်ထိုးဆိုတာက ဒီလိုပါလားဆိုတဲ့ အမြင်ကိုရစေချင်ပါတယ်။

ရနိုင်တဲ့ပစ္စည်းတွေ
ရနိုင်တဲ့ပစ္စည်းတွေကတော့ အဓိကကတော့ ပိုက်ဆံအိတ်တွေကတော့ ပထမဆုံးထုတ်ခဲ့တာပါ။ အခုဆိုရင် ဒီဇိုင်းအမျိုးပေါင်း ၃၀ ကျော်လောက်ရှိနေပါပြီ။ နေ့စဉ်သုံးလို့ရတဲ့ လိပ်စာကဒ်ထည့်တဲ့အိတ်လေးတွေ၊ ခေါက်ပိုက်ဆံအိတ်လေးတွေ၊ ငွေအကြွေစေ့ထည့်နိုင်တဲ့ အိတ်လေးတွေပါ။ နောက်တစ်မျိုးကတော့ ပွဲတက်တဲ့ လက်ပွေ့အိတ်အပြားလေးတွေပါ။ ပွဲတက်အတွက် သီးသန့်ထုတ်ထားတဲ့ဒီဇိုင်းတွေရှိပါတယ်။ ခရီးသွားချိန်မှာ သုံးနိုင်တဲ့ ကျောပိုးအိတ်လေးတွေနဲ့ပန်းချီကားတွေလည်းရှိပါတယ်။

ကျွန်မတို့ရဲ့ ရွှေချည်ထိုးပညာရှင်တွေကလုပ်ထားတဲ့ ရှေးမူလည်း မပျက်ဘဲ ပြန်လည်ဆန်းသစ်ထားတဲ့ မြန်မာ့ရိုးရာ အမျိုးမျိုးကို ပုံဖော်ထားတဲ့ရွှေချည်ထိုးပန်းချီကားတွေဖြစ်ပါတယ်။ လက်မှုပစ္စည်းကိုကြိုက်နှစ်သက်သူတွေအတွက်လည်း ကုမ္ပဏီအမှတ်တံဆိပ်တွေကို ရွှေချည်ထိုးပေးတာ မျိုးလည်း လုပ်ပေးပါတယ်။ ဒါကတော့ Product အသစ်တစ်မျိုးပါ။

ရွှေချည်ထိုးပုဝါတွေလည်း ရှိပါတယ်။ Customized Design နဲ့ ရွှေချည်ထိုးပုဝါတွေကို လုပ်ပေးပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ပန်းချီကား၊ လက်ဆောင်ပစ္စည်း အမျိုးမျိုးကို Logo နဲ့ လိုချင်တာရှိရင်လည်း လုပ်ပေးပါတယ်။

ဒီဇိုင်းပိုင်း
ဒီဇိုင်းပိုင်းအနေနဲ့ ကျွန်မကတချို့ Inspire ယူထားတာရှိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပန်းချီပညာရှင်တွေကတော့ မူပိုင်ဒီဇိုင်းတွေ သီးသန့်ထုတ်လုပ်ပေးနေတာဖြစ်ပါ တယ်။ Copy မလုပ်ပါဘူး။ ပန်းချီမှာလည်း ဆင်ချင်းတူရင်တောင်မှ ကိုယ်ပိုင်လက်ရာဟန်ပါတဲ့ ဆင်ရုပ်ကိုပဲလုပ်ပါတယ်။ ရွှေချည်ထိုးလက်ချက်တွေကိုလည်းကြည့်ရင် သိနိုင်ပါတယ်။ လက်ချက်ကို ခပ်ကျဲကျဲထိုးလို့ရပေမယ့်လည်း ကျွန်မတို့ကတော့ အရည်အသွေးလက်ရာကို အထိမခံဘဲ ရွှေချည်ထိုးလက်ချက်မှန်ပြီးစိပ်စိပ်ပဲ ထိုးပါတယ်။အချိန်လည်းပိုပေးရပါတယ်။ ပညာရှင်ကို ပေးရတဲ့တန်ကြေးလည်းကွာသွားတယ်။ ဒါကြောင့် ပစ္စည်းတွေရဲ့ တန်ဖိုးလည်းကွာသွားပါတယ်။

ထူးခြားချက်
ထူးခြားချက်ကတော့ ပုံမှန်ကအကုန်လုံးက ကတ္တီပါပေါ် မှာပဲ ရွှေချည်ထိုးကြတာပါ။ တချို့ထုတ်ကုန် ၅၀ ရာခိုင်နှုန်းလောက်ကိုလည်း ကတ္တီပါပေါ်မှာထိုးပါတယ်။ ဒါပေမဲ့ ကျွန်မက ထုတ်ကုန်ပစ္စည်းတချို့မှာ မြန်မာနိုင်ငံထွက်တွေပဲဖြစ်ရမယ်ဆိုတဲ့ ပစ္စည်းရှိပါတယ်။ ကတ္တီပါက မြန်မာနိုင်ငံကလုပ်တာမဟုတ်ဘူး ထိုင်းကဝင်တာ၊ တရုတ်က ဝင်တာတွေရှိပါတယ်။ ဒါကြောင့် ပြည်တွင်းဖြစ် ချည်ထည်ကိုသုံးပြီး ချည်သားကိုဘောင်ကျက်လိုက်ပြီး အဲဒီအပေါ်မှာ ရွှေချည်ထိုးထားတာ တွေရှိပါတယ်။ အဲဒါကို အိတ်ပြန်ချုပ်ထားတာပါ။ ပုံမှန်ကတော့ ချည်သားအိတ်ကိုချုပ်ပြီးအဲဒီပေါ်မှာ ရွှေချည်ထိုးအဖတ်ကို ကပ်လိုက်တာပါ။ ကျွန်မကတော့အဲဒီလိုမဟုတ်ဘဲ တစ်ခါတည်းပုံ ဖော်ပြီးလုပ်ထားပြီး ရွှေချည်ထိုးပြီးသားချည်ထည်ကိုပဲအိတ်ချုပ်ထားတာဖြစ်ပါတယ်။ နည်းနည်းတော့ Waste ဖြစ်တာမျိုး အစပိုင်းမှာရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မလုပ်ချင်တဲ့အတိုင်းရခဲ့ပါတယ်။ ကျွန်မရဲ့ ၇၅ ရာ ခိုင်နှုန်းသောပစ္စည်းတွေက သုံးထားတဲ့ ကုန်ကြမ်းကစလို့ အကုန်လုံးက Made In Myanmar ဖြစ်ပါတယ်။

ဈေးနှုန်းပိုင်း
Pricing က အလုပ်သမားနဲ့ ပညာရှင်တွေရဲ့လုပ်ခလစာ၊ သုံးတဲ့ကုန်ကြမ်းတွေရဲ့ကုန်ကျစရိတ်အပေါ်ကိုမူတည်ပြီး ဈေးနှုန်းသတ်မှတ်ပါတယ်။ ပြီးတော့ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးကို Fixed Price ပဲထားပါတယ်။ ရွှေချည်ထိုးပစ္စည်းတွေရဲ့ ဈေးကိုကြိုက်ဈေးထားပြီးရောင်းကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ကျွန်မကတော့ Fixed Price ပဲ လုပ်ထားပါတယ်။ BBQueeen Product တွေကို ဘယ်မှာပဲ ဝယ်ဝယ်ဒီဈေးနှုန်းအတိုင်းပဲဖြစ်အောင် သတ်မှတ်ထားပါတယ်။

အိတ်တွေဆိုရင်တော့ အနည်းဆုံးက ၅၅၀၀ ကျပ်တန်ကနေစပြီး အများဆုံး ၃၀၀၀၀ ကျော် ၄၀၀၀၀ ကျပ်တန်ဝန်းကျင်အထိရှိပါတယ်။ ပန်းချီကားတွေမှာတော့ ၂၀၀၀၀ ကျပ်ဝန်းကျင်ကနေစပြီးတော့ ၁၀ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ ကျော် စသဖြင့် အစားစားရှိပါတယ်။

အနာဂတ်အစီအစဉ်
အနာဂတ်အစီအစဉ် မြန်မာမှုကိုပဲ ပိုပြီးကောင်းအောင် လုပ်သွားဖို့ရှိပါတယ်။ ပန်းချီကားပိုကောင်းအောင်၊ အိတ်တွေလည်း ဒီဇိုင်းပိုကောင်းအောင် အများကြီးလုပ် သွားဖို့ရှိပါတယ်။ ကျွန်မကကိုယ်တိုင်ကလည်း မန္တလေးသူဖြစ်တဲ့အတွက် မြန်မာမှုနဲ့ပတ်သက်ရင် မန္တလေးမှာအကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ရှိပါတယ်။

ရရှိနိုင်တဲ့နေရာတွေ
ကျွန်မရဲ့ပစ္စည်းတွေကို အလုပ်ရုံကနေဆိုင်တွေကို တိုက်ရိုက်ဖြန့်ပါတယ်။ ကျွန်မဆိုင်လည်းရှိပါတယ်။ နောက်တစ်ခုက မြို့တစ်မြို့အတွက် Reseller တစ်ယောက်စီထားပြီးလည်း ဖြန့်ပေးပါတယ်။

BBQueen Facebook(https://www.facebook.com/BBQueenMandalay/) ကနေလည်း မှာနိုင်ပါတယ်။
ဖုန်း – ၀၉၂၅၆၁၀၆၆၃၃ ၊ ၀၉၉၇၅၃၄၆၆၃၃၊
Viber – ၀၉၂၅၆၁၀၆၆၃၃

၁) မနောမြေ (ရိုးရာစတိုး )
လမ်း ၃၀ ၊ ၇၇ ထ ၇၈၊ ဘူတာကြီးအနီး၊ မန္တလေးမြို့
၂) Little Mandalay (ကုန်တိုက်)
၊ ၂၈ လမ်း၊ ၇၃ ထ ၇၄ ၊ မန္တလေးမြို့

၃) BBQueen
ဆိုင်အမှတ် ၆၆ ၊ ဗဟိုရုံ၊ ဗိုလ်ချုပ်ဈေး၊ ရန်ကုန်မြို့

၄) Three Sisters
ရုံအမှတ် ၄-F၊ ဆိုင်အမှတ် ၅၊ သန်လျင် မြို့မဈေးကြီး၊ သန်လျင်မြို့

၅) အေးချမ်းစည် သင်္ကန်းပရိက္ခရာဆိုင်
အမှတ် ၄၉၄/D၊ ပဒုမ္မာလမ်း၊ ရွှေကြာပင်ရပ်၊
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

၆) အောင်ဘောဂရွှေဆိုင်
ဘုရားကြီးလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဈေးဟောင်းကြီး အနီး၊ မုံရွာမြို့။

#Issue_December2019