ဒီစာကိုမဖတ်ပါနဲ့

အဒမ်စမစ်က တားမြစ်ခြင်းနဲ့ပတ်သက်လို့ အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ထောက်ပြခဲ့ပါတယ်။ သူကတော့ အထူးသဖြင့် အတိုးနှုန်းအလွန်များတဲ့ ဥပဒေနဲ့မညီတဲ့အရာကိုထောက်ပြတာပါ။ (သူက စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတဲ့အရာအပေါ် အလွန်စိတ်ဝင်စားမှုမြင့်မလားလေ့ရှိတတ်တာကို အထူးသဖြင့်ထောက်ပြတာပါ။) ဘယ်လိုပဲဆိုဆို သူက သင်တို့ကျွန်ုပ်တို့ကိုသတိပေးနေတာကတော့ “ဒီတားမြစ်ပိတ်ပင်ထားတဲ့အရာက တခြားသောအရာကိစ္စတိုင်းလိုပဲ အရာမရောက်ပါဘူး၊ အကျိုးသက်ရောက်မှုမရှိဘူးလို့ဆိုကြပါတယ်။ ဖြစ်နိုင်တာကတော့ မတန်တဆအတိုးကြီးစားခြင်းကို ပပျောက်သွားစေမယ့်အစား ပိုပြီးတိုးလာစေတာပါပဲ။”လို့ သူ့ရဲ့ The Wealth of Nations စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။

ပြောချင်တဲ့အရာ …

တားမြစ်ပိတ်ပင်ထားတဲ့အရာတွေမှာ ဆွဲဆောင်မှုတစ်မျိုးရှိတယ်။

Publius Cornelius Tacitus (ရိုမန်အင်ပါယာရဲ့ ဆီးနိတ်အမတ်နဲ့ သမိုင်းပညာရှင်)

သူရေးထားတဲ့အထဲမှာ စိတ်ဝင်စားဖွယ်အထူးကောင်းတာတစ်ခုက သူ့စကားစုတွေမှာဖော်ပြနေတဲ့ စိတ်ပညာပါ။ ဖြစ်နိုင်ခြေဥပမာတစ်ခုပေးရရင် သင့်အနေနဲ့ အင်တာနက်သုံးနေရင်၊ Facebook သုံးနေရင် Newsfeed ထဲပေါ်လာသမျှတွေကြားထဲမှာ ဒီစာစုရဲ့ခေါင်းစဉ်ကိုရှာတွေ့တော့ မဖတ်ပါနဲ့လို့ ရေးထားတာတောင် ဝင်ဖတ်ကြည့်လို့ ခုပြောနေတဲ့ စာတွေကို တွေ့မြင်ဖတ်မိနေပြီမလား။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။

ဘာကြောင့် သင်တို့ကျွန်ုပ်တို့က မလုပ်ပါနဲ့လို့တားမြစ်ထားတဲ့အရာတွေကိုမှ တွေ့ရှိ‌ဆွဲဆောင်မှုခံနေရတာပါလဲ။ အရင်တုန်းက ရှိခဲ့ဖူးတဲ့ Derren Brown ရဲ့ TV အစီအစဉ်တစ်ခုလိုပေါ့ … အစီအစဉ်နာမည်က Trick or Treat တဲ့။ အဲဒီထဲမှာ မျက်လှည့်ပညာရှင် Derren Brown က စိတ်ပိုင်းဆိုင်ရာလှည့်စားမှုအမျိုးမျိုးနဲ့ သိမြင်နားလည်ခြင်းကိုလှည့်စားခြင်းပုံစံအမျိုးမျိုးကို သရုပ်ပြတင်ဆက်တာပါ။ အဲဒီအစီအစဉ်ထဲက အပိုင်းတစ်ခုမှာ သူဟာ လူများစွာ ပျားပန်းခတ်လှုပ်ရှားသွားလာနေတဲ့လမ်းမကြီးတစ်ခုရဲ့ တစ်နေရာမှာ အပေါက်အသေးလည်းတစ်ခုပါြပီး “ဒီအပေါက်ထဲချောင်းမကြည့်ကြနဲ့နော်”လို့ရေးထားတဲ့ အပြာရောင်ဘုတ်ကြီးတစ်ခုကိုချထားပါတယ်။ ပြီးတော့ အဲဒီနေရာကို မျက်ကွယ်တစ်ခုကနေချောင်းမြောင်းရိုက်ကူးရေးလုပ်နေပါတော့တယ်။ အဲဒီမှာ လူတော်တော်များများက အပေါက်ကလေးကနေချောင်းကြည့်တတ်ကြတာကိုသွားပြီးရိုက်ထားမိပါတယ်။ ပြီးတော့ ဒါကိုအစီအစဉ်မှာ ပြသပြီး သုံးသပ်ချက်အနေနဲ့ လူသားတွေရဲ့ ပုန်ကန်တတ်တဲ့စိတ်နေသဘောထားနဲ့ စပ်စုလိုစိတ်များကြောင့် တစ်စုံတစ်ရာကိုမလုပ်ပါနဲ့လို့တားမြစ်ခံရတဲ့အခါ လက်မခံတွန်းလှန်တတ်ကြကြောင်း တင်ဆက်ခဲ့တာဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်က Dr Robert B. Cialdini ရေးသားထုတ်ဝေခဲ့တဲ့ Influence, Science and Practice ဆိုတဲ့စာအုပ်ထဲမှာ သူက လူသားတွေရဲ့အပြုအမူပေါ်တိုက်ရိုက်သက်ရောက်မှုရှိတဲ့ အခြေခံစိတ်ပညာဥပဒေသ ၆ ခုအကြောင်းကိုထည့်သွင်းရေးသားထားခဲ့ပြီး အဲဒီထဲကသဘောတရားနဲ့အခြေခံစိတ်ပညာတွေက အခုပြောနေတဲ့ကိစ္စအပေါ် မီးမောင်းထိုးပြသလိုဖြစ်နေပါတယ်။ သူအဓိကရေးထားတာက လူတွေကိုဘယ်အရာတွေက “လုပ်ဆောင်”ဖို့ ဆွဲငင်သလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်စမ်းသပ်လေ့လာတွေ့ရှိမှုရလဒ်တွေပဲဖြစ်ပါတယ်။ လူမှုဥပမာနဲ့ ပြတ်လပ်မှုတွေက ဒီနေရာမှာ အဓိကစိတ်ဝင်စားမှုဖြစ်တယ်။ ဒါတွေအပေါ်အခြေခံပြီး လူတွေကဘာကြောင့်အဲဟိုအပေါက်သေးကလေးထဲကနေချောင်းကြည့်သလဲဆိုတာကိုပဲ ဆက်လက်ရှင်းပြသွားပါမယ်။

လူမှုဥပမေယျဆိုတာကတော့ လမ်းပြညွှန်ကြားမှုမပါဘဲနဲ့ လူတွေဘာလုပ်သလဲဆိုတာကိုကြည့်ပြီးတင် ဒါဟာမှန်ကန်တဲ့အပြုအမူပါလားဆိုပြီး ယူဆလိုက်တတ်ကြတာကိုဆိုလိုတာပါ။ အပေါ်မှာပြောြပခဲ့တဲ့ ရုပ်သံအစီအစဉ်ထဲမှာဆိုရင် အပေါက်ကလေးထဲချောင်းကြည့်နေတဲ့လူတွေကိုတွေ့မြင်တဲ့လူတွေက အဲဒီအပေါက်ကလေးထဲချောင်းကြည့်ကြတာပိုများတယ်ဆိုတာကိုတွေ့ရပါတယ်။ ထပ်ပြောရရင် ပြတ်လပ်မှုဥပဒေသကလည်း ဒီနေရာမှာအရေးပါလာတာပါတယ်။ တစ်စုံတစ်ခုကိုလွတ်သွားလိမ့်မယ်ဆိုတဲ့အကြောက်တရားက လူတွေကို “လုပ်ဖြစ်”စေဖို့ တွန်းအားဖြစ်စေပါတယ်။ ဒီဥပဒေသကို ဈေးကွက်မြှင့်တင်ခြင်းလုပ်ငန်းကဏ္ဍမှာ အကျိုးရှိရှိအသုံးချကြတာကိုတွေ့ကြလေ့ရှိပါတယ်။ ပြတ်လပ်မှုဖြစ်လိမ့်မယ်မယောင်ဖန်တီးကာ လူတွေရဲ့လွတ်သွားမှာကြောက်တတ်ကြတဲ့ဉာဉ်ကိုထိထိမိမိအသုံးချကြတာပါ။ ကမ်းလှမ်းချက်က ကုန်ဆုံးတော့မှာမို့၊ ပစ္စည်း/ဝန်ဆောင်မှုအရေအတွက် အကန့်အသတ်ပဲရှိတာမို့ ဆိုပြီး ကျွန်ုပ်တို့ကို ဒီကနေ့အတွင်း ဝယ်ယူဖြစ်အောင် တိုက်တွန်းကြပါတယ်။

နေရာတော်တော်များများမှာ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းက သိပ်အရေးမကြီးပါဘူး။ ကျွန်ုပ်တို့က တားမြစ်ပိတ်ပင်ထားတဲ့အရာတိုင်းကို စပ်ကိုစုတတ်ကြတယ်၊ ဒီသဘောတရားကြောင့်ပဲ ကလေးပြုစုပျိုးထောင်ရေးကစလို့ ဆေးစွဲခြင်းကုသပုံစံတွေအဆုံး ကျွန်ုပ်တို့သိထားသမျှလုပ်ဆောင်သမျှအရာအားလုံးမှာ မေးခွန်းထုတ်စရာတွေ အပုံကြီးပဲထွက်ပေါ်လာပါတယ်။

သင့်အတွက် အိုင်ဒီယာတစ်ခု …

သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို တစ်စုံတစ်ရာကို မလုပ်စေချင်ဘဲ တားမြစ်ချင်နေတယ်ဆိုရင် မတားမြစ်ခင် နှစ်ခါြပန်စဉ်းစားပါ။ ဒါ့အပြင် သင့်အပေါ်ကို ဈေးကွက်မြှင့်တင်ရေးသမားတွေ ဘယ်လောက်တောင်လွယ်လွယ်နဲ့ တစ်ပတ်ရိုက်သွားနိုင်သလဲဆိုတာကိုလည်း သတိထားပါ။ အခုလိုအချိန်မျိုးမှာဆိုရင် ဈေးကွက်မြှင့်တင်ရေးသမားတွေအနေနဲ့ သင့်ကို ငွေကုန်ကြေးကျသက်သာစွာနဲ့ အွန်လိုင်းကနေ ကြော်ငြာလှည့်ဖျားဖို့လွယ်ကူလွန်းနေပါတယ်။ ဒီကနေ့မှာ Website/App/Page တစ်ခုခုမှာချက်ချင်းပဲ ကုန်ဆုံးတော့မယောင် သီးသန့် ကမ်းလှမ်းချက်(လျှော့ဈေး၊ အပိုလက်ဆောင် … အကျိုးခံစားခွင့် စသဖြင့်) ပေးထားကြောင်း ကြော်ငြာထားလို့ သင်ကဝယ်လိုက်မိရင် နောက်တော်တော်ကြာလို့တစ်ခါ အဲဒီ Website/App/Page ကိုပြန်ဝင်ဖြစ်တော့လဲ အရင်တုန်းကပေးထားတဲ့ ကန့်သတ်ကမ်းလှမ်းချက်ကို ရက်စွဲလေးပြောင်းထားပြီးဆက်ကြော်ငြာထားနေတာမျိုး ၊ အဲဒီကမ်းလှမ်းချက်ကလည်း အချိန်ကုန်ဆုံးတော့မယ်ကြောင့် မြန်မြန်ဝယ်ယူကြဖို့ စေ့ဆော်နေတာမျိုးထပ်မြင်တွေ့ရမှာပါပဲ။

ဖြူလဲ့မွန်

Ref : A Modern-Day Interpretation of An Economic Classic by Karen McCreadie

ထဲမှ ကောက်နုတ်ကာ ဆီလျော်အောင်ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်သည်။