ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ

ဒီဆောင်းပါးဟာ စင်ကာပူFinTech ပွဲတော်ဒုတိယနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)မှာ Monetary Authority of Singapore – MAS ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Ravi Menon က The Future of Money, Finance and the Internet ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားသွားတဲ့ မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒစ်ဂျစ်တယ် ငွေကြေးအမျိုးမျိုးအကြောင်း၊ ဗဟိုဘဏ်တွေရဲ့အခန်းကဏ္ဍနဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့လားရာ၊ ဈေးကွက်တွေအပေါ်သက်ရောက်မှုတွေနဲ့ အကျိုးပြုနိုင်မှုတွေ စသဖြင့် စုံစုံလင်လင်ပါဝင်တယ်။

ငွေကြေး၊ စာရင်းအင်းနှင့် အင်တာနက်

ငွေကြေးကို နှစ်သန်းပေါင်းများစွာကတည်းက ကြားခံလဲလှယ်ရေးအရာ (Medium of Exchange) အဖြစ်သုံးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့တိုးတက်ဖြစ် တည်မှုအဆင့်ဆင့်ကတော့ ရွှေ/ငွေဒင်္ဂါးပြားမှသည် ရွှေအာမခံငွေစက္ကူတွေ၊ အဲဒီကတစ်ဆင့် ဗဟိုဘဏ်နောက်ခံထားတဲ့ ငွေစက္ကူတွေ၊ အခုဆိုရင် ဒစ်ဂျစ်တယ်ငွေကြေးအဆင့်သို့ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

            စာရင်းအင်းဆိုတာကတော့ ရှေးခေတ်လူ့အဖွဲ့အစည်းကတည်းက တည်ရှိတဲ့ ရင်းနှီးမြှုပ်နှံခြင်းနဲ့ ငွေစုခြင်းတို့ရဲ့ မှတ်တမ်းပြုကြားခံ တည်ရှိမှု ဖြစ်ပါတယ်။

            အင်တာနက်က ၁၉၈၃ ဇန်နဝါရီ ၁ ရက်ကတည်းက တရား၀င်ပေါ် ပေါက်ခဲ့တာဖြစ်ပြီး၊ ၁၉၆၀ ပြည့်နှစ် အမေရိကန်နိုင်ငံကာကွယ်ရေးဌာနမှ ဝန်ထမ်းတွေရဲ့ ကွန်ပျူတာတွေကို ချိတ်ဆက်ပြီး အချင်းချင်းကြားမှာ သတင်းဖြန့်ဝေတာကနေစတင်ခဲ့တာပါ။

            ယနေ့ခေတ်မှာတော့ ငွေကြေးကို ငွေစက္ကူ၊ အကြွေစေ့ စတဲ့ပုံစံတွေနဲ့ သုံးဆွဲကြသလို၊ ဒစ်ဂျစ်တယ်ငွေသားအဖြစ်လည်း ပုံစံနှစ်မျိုးနဲ့ သုံးစွဲနေပါတယ်။ 

            ဒစ်ဂျစ်တယ်ငွေသားအများစုက ဘဏ်တွေက ဖန်တီးထားတာပါ။ စင်ကာပူမှာ ရှိတဲ့ ဘဏ်အကောင့်ထဲမှ ငွေသားတွေရဲ့  ၉၂ ရာခိုင်နှုန်းက Debit ကတ်၊ Credit ကတ်၊ eWallets နဲ့ အကောင့်အချင်းချင်း ငွေလွှဲခြင်းတွေကတစ်ဆင့် ဒစ်ဂျစ်တယ်ငွေချေနည်းပုံစံနဲ့လည်ပတ်နေကြပါတယ်။ ကျွဲကူးရေပါဆိုသလို ဗဟိုဘဏ်ကို ဗဟိုပြုကာ ဘဏ်အချင်းချင်းငွေချေမှုမှာလည်း ဒစ်ဂျစ်တယ်နည်းလမ်းတွေဖြစ်လာပါတယ်။

            ငွေသားအပေါ် လူတွေရဲ့ယုံကြည်မှုက ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ ပါပဲ။ ဗဟိုဘဏ်တွေက လူတွေရဲ့ဝယ်လိုအားကို တွန်းအားမယုတ်လျော့အောင် ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းဖို့ ငွေကြေးပေါ်လစီတွေကို ချမှတ်စောင့်ကြည့်ကြပါတယ်။ ဘဏ်တွေကိုလည်း ထိန်းကျောင်းပေးပါတယ်။ အထူးသဖြင့် ဘဏ်တွေမပြိုလဲအောင် နောက်ဆုံးအဆင့်မှာ ဘဏ်တွေကို ငွေထုတ်ချေးတာမျိုးအထိ လုပ်ပါတယ်။ ဘဏ်စနစ်ကောင်းမွန်စွာ လည်ပတ်ဖို့ ဗဟိုဘဏ်တွေက အဓိကထိန်းကျောင်းတဲ့အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

            ဘဏ်တွေက ငွေသားဖန်တီးခြင်း (ငွေသားစီးဆင်းမှုရှိစေခြင်း)နဲ့ ဗဟိုဘဏ်က ငွေတန်ဖိုးကိုထိန်းသိမ်းခြင်းဆိုတဲ့ အပြန်အလှန်ငွေကြေးတည် ဆောက်ပုံကပဲ လူတွေကို ငွေကြေးအပေါ်ယုံကြည်မှုတိုးစေပါတယ်။

            ဒီလိုအပြန်အလှန်ငွေကြေးတည်ဆောက်ပုံကို စိန်ခေါ်မှုပေးနေတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က ပေါ်ထွက်လာခဲ့တဲ့ ခရစ်(ပ်)တို ငွေကြေး(Cryptocurrencies)၊ စတေဘယ်ကွိုင်(Stablecoins) နဲ့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Central Bank Digital Currencies) တို့ပဲဖြစ်ပါတယ်။

ခရစ်(ပ်)တိုငွေကြေး(Cryptocurrencies)

ခရစ်(ပ်)တိုငွေကြေးဆိုတာက ဘလော့ချိန်းနည်းပညာကိုအခြေခံထားတဲ့ ဗဟိုထိန်းချုပ်မှုမပါတဲ့ ဒစ်ဂျစ်တယ်တိုကင်ပါပဲ။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအနေ နဲ့ လွှဲပြောင်း၊ ရောင်းဝယ်လို့ရပါတယ်။

            Crypto ဆိုတဲ့စကားလုံးက ဂရိစကားလုံး Kryptos က ဆင်းသက်လာတာပါ။ သူ့မူရင်းအဓိပ္ပာယ်က “လျှို့ဝှက်ချက်” ပါ။ တကယ်တော့ ခရစ်(ပ်)တို တိုကင်ကို ငွေကြေးခဝါချမှုအပါအဝင် တရားမဝင်ငွေပေးငွေယူမှုတွေမှာ အသုံးပြုနေတာကို ကံမကောင်းစွာပဲတွေ့မြင်နေရပါတယ်။ ဆိုက်ဘာမသမာ မှုတွေရဲ့ အဆိုးဆုံးထဲကတစ်ခုကတော့ ခရစ်(ပ်)တိုငွေကြေးက Ransom-ware ကို အားပေးဖြစ်ပေါ်စေတာပါပဲ။

ခရစ်(ပ်)တိုငွေကြေးက ငွေလား

အဖြေကတော့ မဟုတ်ပါလို့ပဲဖြေရမှာပါ။ ခရစ်(ပ်)တိုငွေကြေးက ကြားခံ လဲလှယ်ရေးအရာ(Medium of Exchange)၊ ငွေသားတန်ဖိုး(Store of value) ၊ ဒါမှမဟုတ် စာရင်းတစ်ခု (Unit of account) အဖြစ်လုပ်ဆောင်ရာမှာ အလွန်အားနည်းပါတယ်။ MAS အနေနဲ့က သူ့ရဲ့ မူရင်းနည်းပညာအမည် ဖြစ်တဲ့ ခရစ်(ပ်)တိုတိုကင်(crypto token) လို့ပဲခေါ်ချင်ပါတယ်။ ငွေကြေး ခဝါချမှုတွေ (Money Laundering)၊ အကြမ်းဖက်အတွက်ငွေထောက်ပံ့မှု(Terrorism Financing) တွေကို ကာကွယ်နိုင်ဖို့ MAS က လိုင်စင် ထုတ်ပေးထားတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေရေးတိုကင်(Digital Payment Token) အဖြစ် တိုကင်တွေကို အဓိပ္ပာယ်ဖွင့်ပါတယ်။

            ခရစ်(ပ်)တိုငွေကြေး၊ ဒါမှမဟုတ် တိုကင်တွေကို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှု (Investment Asset) အဖြစ် သဘောထားနေတာကို MAS က မနှစ်မြို့လှပါဘူး။ အဲဒီလိုရင်းနှီးမြှုပ်နှံနေတာကနေ ဆိုးဝါးတဲ့ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်လို့ပါ။

            သို့သော်လည်း ဘလော့ချိန်း (Blockchain) နဲ့ ခရစ်(ပ်)တို တိုကင်တွေက ဖြစ်တန်ခြေအကျိုးစီးပွားတွေရှိတယ်ဆိုတာကို MAS က မြင်သိထားပါတယ်။ ဘလော့ချိန်းက ပိုင်ဆိုင်မှုသမိုင်းကြောင်းနဲ့ တန်ဖိုးလွှဲပြောင်းရာမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် ကြားခံအဖွဲ့မရှိသလို၊ ကုန်ကျစရိတ်မြင့်မားတဲ့ ကြားခံအဖွဲ့ပေါ်လည်းမှီခိုမနေပါဘူး။

            ခရစ်(ပ်)တို တိုကင်ရဲ့ ဖြစ်နိုင်ခြေအသုံးဝင်မှုကတော့ နယ်ခြား ငွေပေးချေမှု (Cross-border Payment) နဲ့ ကုန်သွယ်ငွေချေမှု (Trade finance) တွေပါပဲ။ ငွေသားအရည်အချင်းအနေနဲ့ အသိအမှတ်ပြုဖို့ကတော့ တန်ဖိုးတည်ငြိမ်မှုက ပိုအခရာကျပါလိမ့်မယ်။ ဒါကြောင့်လည်း စတေဘယ်ကွိုင်တွေ ထွက်ပေါ်လာရတာပါ။

စတေဘယ်ကွိုင် (Stablecoins)

စတေဘယ်ကွိုင်ဆိုတာ ဘလော့ချိန်းနည်းပညာရဲ့ အားသာချက်နဲ့အတူ ပုံမှန်ငွေကြေးရဲ့ ယုံကြည်မှုကို ပေါင်းစည်းထားတာပါ။ အမေရိကန်ဒေါ်လာကို စတေဘယ်ကွိုင်နဲ့ ချိတ်ထားရင်၊ စတေဘယ်ကွိုင်က အမေရိကန် ဒေါ်လာအတိုင်း အသုံးဝင်နေမှာပါ။ 

            ခရစ်(ပ်)တိုစီးပွားစနစ်(Crypto Ecosystem) ပြင်ပမှ ငွေပေးချေမှုကို လက်ခံနိုင်တဲ့ စတေဘယ်ကွိုင်တွေက တကယ့် တွန်းအားတစ်ခုပါပဲ။ တချို့ လုပ်ငန်းတွေဆိုရင် အမည်ရလာတဲ့ စတေဘယ်ကွိုင်တွေကို ငွေပေးချေမှုတွေမှာ ချိတ်ဆက်နေကြပါပြီ။ Visa နဲ့ Mastercard တွေမှာလည်း အမေရိကန် ဒေါ်လာကွိုင်(USD Coin)  သုံးပြီး စာရင်းရှင်းတမ်း(Settle) ထုတ်ခွင့်ပြုနေပါပြီ။

            စတေဘယ်ကွိုင်ထုတ်သူများဟာ ဘဏ်တွေလုပ်သလို ငွေလက်ခံတယ်၊ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် ကြားခံအာမခံမရှိဘူးဆိုရင် ဘဏ်တစ်ခုရဲ့ ရှိသင့်ရှိထိုက်တာနဲ့ပြည့်စုံပါ့မလား။ သူတို့တွေက ငွေကြေးစျေးကွက် ငွေရင်း (Money market fund) တွေနဲ့ ပိုတူတယ်။ သို့သော်လည်း အရင်းအနှီးစျေးကွက် (Capital Market) က စတေဘယ်ကွိုင်တွေကို ကျားကန်ထားမယ်လို့ ထင်လား။ ဒါတော့ အတိအကျမပြောတတ်ပါဘူး။

            စတေဘယ်ကွိုင်တွေက ငွေကြေးတည်ငြိမ်မှုကိုစံထားတဲ့ နေရာမှာ ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ဥပမာ – စတေဘယ်ကွိုင်တစ်ခု ထွက်လာပြီဆိုရင် ငွေကြေးစျေးကွက် (Financial Market) မှာ ငွေဖြစ်လွယ်မှု (Liquidated)  ဆုံးရှုံးနိုင်ခြေရှိပါတယ်။

            ကျွန်တော်တို့တွေ ခရစ်(ပ်)တို တိုကင်ထုတ်သူတွေကို လိုင်စင်ထုတ်ပေးပြီး အတွေ့အကြုံရအောင် အားပေးသော်လည်း MAS က အထက်/ရှေ့ပိုင်းမှာ ရှင်းပြခဲ့တဲ့ပြဿနာတွေကိုတော့ အလေးအနက်ထား စဉ်းစားပါတယ်။

ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(Central Bank Digital Currencies – CBDC)

အများပြည်သူကျောထောက်နောက်ခံမပါဘဲ ပုဂ္ဂလိက ငွေကြေးထုတ်လုပ်မှုက မအောင်မြင်ခဲ့ဘူးဆိုတာလည်း သမိုင်းသက်သေပါပဲ။ ခရစ်(ပ်)တို တိုကင်တွေ၊ ဒါမှမဟုတ် စတေဘယ်ကွိုင်တွေကို ဗဟိုဘဏ်ကျောထောက်နောက်ခံ မပြုဘဲနဲ့ လူတွေရဲ့ယုံကြည်မှုရမှာလား။ တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်ငွေကြေးပုံစံနဲ့ ဖြန့်ထွက်စာရင်း(Distributed Ledger) ရဲ့ ဖြစ်နိုင်ခြေ အားသာချက်တွေကို လမ်းမပိတ်အောင် လုပ်လို့ရမယ့် နည်းလမ်းရှိနိုင်မလား။

            ဒါကြောင့် တစ်ကမ္ဘာလုံးက ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို စိတ်ဝင်စားမှု မြင့်တက်နေတာပါ။ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (CBDC) က ဗဟိုဘဏ်ကထုတ်တဲ့ ငွေပေးချေမှုလက်တံတစ်ခုဖြစ်သလို တိုက်ရိုက်အာမခံမှုအပြည့်ရှိလို့ရပါတယ်။

            CBDC နဲ့ပတ်သက်ပြီး MAS ရဲ့ ရပ်တည်ချက်က ဘာဖြစ်မလဲ။ ဒီအတွက် အဖြေကိုတော့ CBDC ရဲ့ ဖြစ်တည်မှုနှစ်ခုကို ခွဲခြမ်းသုံးသပ်ပြရင်းနဲ့ ဆက်ပြောသွားပါမယ်။

       •   လက်ကား ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး (Wholesale CBDCs)

           ယနေ့အသုံးပြုနေကြတဲ့ ဗဟိုဘဏ်ကို ဗဟိုပြုကာ ဘဏ်အချင်းချင်း

           အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။

       •   လက်လီ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး  (Retail CBDCs)

           ဗဟိုဘဏ်က အများပြည်သူအတွက် ထုတ်လုပ်ပေးလိုက်တဲ့ငွေကြေး

           ဖြစ်ပါတယ်။ ယနေ့သုံးနေကြတဲ့ ငွေစက္ကူ၊ အကြွေစေ့တွေနဲ့ တူပါ

           တယ်။

            လက်ကားဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးဟာ နယ်ခြားငွေပေးချေမှု (Cross-border Payment) ကို  ပြုပြင်ပြောင်းလဲနိုင်ဖို့ အတော်ကို ဖြစ်နိုင်ခြေတွန်းအားများတယ်လို့ MAS က မြင်ပြီးသားပါ။ လက်ကားဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးက အများပြည်သူအတွက် ငွေကြေးအဖြစ် မဆိုလိုမှတော့ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကိုပဲ သေချာပြောသွားမှာဖြစ်ပါတယ်။ 

            လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးက ဒစ်ဂျစ်တယ်ပုံစံ ငွေသား(Digital Version of Cash) ပါပဲ။ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို စိတ်ဝင်စားမှုက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစတင်ခဲ့တာပါ။ Bank for International Settlements – BIS ဘဏ်ရဲ့စစ်တမ်းအရ ဗဟိုဘဏ် ဆယ်ဘဏ်မှာ  ခြောက်ဘဏ်က လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို အကောင်အထည်ဖော်နေကြပါပြီ။

            စင်ကာပူနိုင်ငံပုံစံနဲ့အညီ လက်လီဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးရဲ့ စီးပွားရေးအရ ဖြစ်နိုင်ခြေအကျိုးကျေးဇူးတွေကို MAS က ဂရုတစိုက် လေ့လာနေပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိအမြင်တွေကိုလည်း အသေးစိတ် စာတမ်းပြုစုထားပါတယ်။

ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာထုတ်ဖို့ အကြောင်းပြချက် သုံး ခုရှိပါတယ်။

၁။    ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာက အွန်လိုင်းအရောင်းတိုးတက်ဖို့ ဗဟိုဘဏ်ငွေကြေးရဲ့ အကျိုးအာနိသင်ကိုဖြစ်စေတယ်။ ငွေစက္ကူတွေ၊ အကြွေတွေလိုမျိုး MAS က ထုတ်တဲ့ ဒစ်ဂျစ်တယ်စင်ကာပူငွေသား လုံခြုံစေသလို၊ ငွေလက်ခံမှုကျယ်ပြန့်ခြင်းနဲ့ တရား၀င်အာမခံမှုပါ ပါဝင်ပါတယ်။ ငွေသားက အလုံးစုံဆုံရှုံးမှုမရှိတဲ့ ပိုင်ဆိုင်မှုတစ်မျိုးပါပဲ။ ငွေသားအစား ဒစ်ဂျစ်တယ်ပေးချေမှုကိုမြန်ဆန်စွာအသုံးချနေတဲ့ ဆွီဒင်နဲ့ တရုတ်နိုင်ငံတို့က လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို စိတ်ဝင်စားတက်ကြွလျက်ရှိနေပါတယ်။

၂။    ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာက ငွေပေးချေစနစ်ကြီးတစ်ခုလုံးပါဝင်နိုင်အောင် တွန်းအားဖြစ်နိုင်တယ်။ ဒါက လုပ်ငန်းသေးတွေကို ငွေပေးချေမှုအသစ်နဲ့ သက်ဆိုင်ရာဒစ်ဂျစ်ဝယ်ဝန်ဆောင်မှုတွေ တည်ဆောက်နိုင်စေမှာပါ။ ဥပမာဆိုရရင် လုပ်ငန်းစတင်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးတည်ဆောက်စရာမလိုသလို၊ အသုံးပြုသူ များလာအောင်လုပ်စရာမလိုဘဲ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးနဲ့ အလွယ်တကူချိတ်ဆက်လိုက်ရုံပါပဲ။ ဒီလိုအားလုံးပါဝင် ငွေကြေးသုံးစွဲနိုင်အားဖြစ်ဖို့ ကမ္ဘောဒီးယားနှင့်ဘဟားမားလိုနိုင်ငံတွေက လက်လီဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုဖို့ အတက်ကြွဆုံးပါပဲ။

၃။    ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာက ပုဂ္ဂလိကထုတ်လုပ်ထားတဲ့ စတေဘယ်ကွိုင်နဲ့ နိုင်ငံခြားဖြစ်ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးတွေကို မကြီးထွားအောင် လွှမ်းမိုးနိုင်ပါလိမ့်မယ်။ ကမ္ဘာသုံးဒစ်ဂျစ်တယ် ငွေ ကြေးတွေ ကျွန်တော်တို့စျေးကွက်ထဲဝင်လာတာနဲ့အမျှ ပြည်တွင်းသုံး စင်ကာပူငွေကြေးအသုံးပြုမှုက အားနည်းလာပါလိမ့်မယ်။ MAS ကနေ ထုတ်လိုက်တဲ့ ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာက ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသလို၊ ဆုံးရှုံးနိုင်ခြေတွေကိုလည်း ကာကွယ်နိုင်ပါလိမ့်မယ်။

            ဒါပေမဲ့ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးထုတ်တာက ရိုးရှင်းတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ပါဘူး။

            လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးက ငွေကြေးပေါ်လစီနဲ့ ငွေကြေးတည်ငြိမ်မှုကို လှုပ်ခတ်စေနိုင်တဲ့ ဖြစ်နိုင်ခြေဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။ ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ဘဏ်တွေမှာသိမ်းထားတဲ့လူတွေရဲ့ငွေတွေက ဗဟိုဘဏ်ငွေထဲကို ရောက်လာနိုင်မှုက ဘဏ်တွေကြားမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ ပုံမှန်အချိန်တွေမှာတောင် ဒစ်ဂျစ်တယ် စင်ကာပူဒေါ်လာအဖြစ်နဲ့ MAS(ဗဟိုဘဏ်) ကိုငွေသွင်းခဲ့ရင်၊ ဘဏ်တွေဆီ ငွေသွင်း(Deposit) မရှိနိုင်တော့လို့ ဘဏ်တွေရဲ့ ငွေထုတ်ချေးနိုင်စွမ်းတွေကျလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဆုံးရှုံးနိုင်ခြေတွေကို ထိန်းကျောင်းဖို့ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို သေချာရေးဆွဲနေပါတယ်။ လူတိုင်းပါဝင်လို့ရတဲ့ ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာဖြစ်အောင် MAS က ကြိုးစားနေပါတယ်။

            လက်ခံတွက်ချက်ထားတာတွေအရဆိုရင် လက်လီဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးက စင်ကာပူအတွက် အပူတပြင်းလိုအပ်နေတာတော့မဟုတ်ပါဘူး။

       •   ဆွဲဆောင်မှုဖြစ်စေတဲ့ အကြောင်းအရပြောရရင် လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးက စင်ကာပူအတွက် လိုအပ်တယ်လည်း မဟုတ်သလို မလိုဘူးလို့လည်း ပြောလို့မရပြန်ပါဘူး။

       •   ငွေစက္ကူက ကျွန်တော်တို့နဲ့ အသားကျနေပြီးသားဖြစ်တဲ့အရာပါ။ ငွေစက္ကူကို ဒစ်ဂျစ်တယ်ပုံစံလိုအပ်ချက်ကတော့ ဆွေးနွေးစရာတွေ ရှိလာပါတယ်။

       •   ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာအတွက် အလုံးစုံငွေကြေးကဲ့သို့သုံးစွဲနိုင်ဖို့က အင်အားသုံးလို့ မရပါဘူး။ စင်ကာပူနိုင်ငံသားအတော်များများ မှာ ဘဏ်အကောင့်တွေရှိသလို၊ ငွေပေးချေရမှာ ဒစ်ဂျစ်တယ်နဲ့ပဲ လက်ရှိတော်တော်များများ ပေးချေနေတာပါ။

       •   နိုင်ငံခြားဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ ဖြစ်နိုင်ခြေအစားထိုးဝင် ရောက်လာနိုင်မှုကလည်း ထိန်းကျောင်းရခက်ခဲတဲ့ အဆင့်မှာရှိနေပါတယ်။

            လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးက ငွေကြေးစီမံမှုထက်ပို တဲ့ လူမှုစီးပွားတစ်ခုလို့ပြောလို့ရပါတယ်။ ငွေသားတွေ သုံးနေရာကနေ ငွေသားမဲ့ လူ့အဖွဲ့အစည်းအဖြစ်ပြောင်းလဲတာက ငွေကြေးပေါ်လစီအရ ထူးခြားတဲ့ခြားနားမှုတော့မဟုတ်ပါ။ အစိုးရထုတ်တဲ့ ငွေသားလိုပဲ လုံခြုံမှုရှိတဲ့ ဒစ်ဂျစ်တယ်ငွေသားကို အများပြည်သူ လက်ခံနိုင်ပါ့မလား၊ တကယ်ကော လိုအပ်ရဲ့လားဆိုတာ မေးခွန်းမေးစရာဖြစ်နေဆဲပါ။ အခုထိတော့ လက်လီ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(ထုတ်ဖို့)အတွက် ခိုင်မာတဲ့အကြောင်းအရင်း မတွေ့သေးပါဘူး။

            တစ်ချိန်တည်းမှာပဲ အနာဂတ်မှာ လက်လီဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးဟာ ဖြစ်နိုင်ခြေအကျိုးကျေးဇူးတွေရှိနေနိုင်တယ်ဆိုတာ MAS က အသိအမှတ်ပြုထားပါတယ်။ ဒစ်ဂျစ်တယ်စင်ကာပူဒေါ်လာထုတ်လုပ်ဖို့ နည်းပညာပိုင်းရောအခြေခံအဆောက်အအုံပိုင်းရော တည်ဆောက်ဖို့ MAS က လုပ်ဆောင်လျက်ရှိပါတယ်။

            ကမ္ဘာလုံးဆိုင်ရာ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးပြိုင်ပွဲ (Global CBDC Challenge) ကို ဒီနှစ်အစောပိုင်းမှာ ကြေညာခဲ့ပြီး၊ MAS က Project Orchid ကို ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်အတွက် လုပ်ဆောင်ပါလိမ့်မယ်။ ကျွန်တော်တို့ အဆိုပြုမှုပေါင်း သုံးရာကျော်ကို နိုင်ငံ ငါးဆယ်ကျော်မှ လက်ခံရရှိခဲ့ ပါတယ်။ 

စာရင်းအင်း၏အနာဂတ်အလားအလာ

စာရင်းအင်းက ဒစ်ဂျစ်တယ်ပုံစုံပြောင်းလဲဖြစ်တည်လာနေပါတယ်။ စာရင်း အင်းရဲ့အနာဂတ်မှာ ပုံဖော်ပြောင်းလဲနိုင်တဲ့ ပုံစံနှစ်ခုကို လှစ်ပြရမယ်ဆိုရင်…

       •   အချိန်နဲ့တစ်ပြေးညီ နယ်ခြားငွေပေးချေ ရှာပုံတော် (The quest for real-time cross-border payments)

       •   ပေါင်းစည်းဒေတာပလက်ဖောင်းများ တိုးပွားလာမှု (The rise of collaborative data platforms)

ဆိုပြီးရှိနေတာကိုတွေ့ရပါတယ်။

အချိန်နှင့်တစ်ပြေးညီ နယ်ခြားငွေပေးချေမှုနှင့် စာရင်းရှင်းတမ်း(Real-Time Cross-Border Payments and Settlements)

လွန်ခဲ့တဲ့ ငါး နှစ်က MAS ဟာ ဘလော့ချိန်းနည်းပညာကို အခြေခံကာ လက်ကားဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကို Project Ubin ကနေတစ်ဆင့် အတွေ့အကြုံယူခဲ့ပါတယ်။ နယ်ခြားငွေပေးချေမှုကို သက်သာ၊ မြန်ဆန်၊ ထိရောက်အောင်ပါ။

            Project Ubin ရဲ့ အောင်မြင်မှုက Partior ကို ပိုမိုအားကျစေတယ်။ Partior ဆိုတာ DBS bank ၊ JP Morgan နဲ့ Temasek တို့ပူးပေါင်းကာ ဘလော့ချိန်းအခြေခံ ဘဏ်အချင်းချင်းငွေလွဲနှင့် စာရင်းရှင်းတမ်း လုပ် ဆောင်ပေးတဲ့ အစီစဉ်ပါ။

            Project Ubin က Project  Dunbar ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ Project Dunbar ဆိုတာကတော့ လက်ကားဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး ကိုသုံးပြီး နိုင်ငံခြားမှ ငွေကြေးအစုံကို စာရင်းရှင်းတမ်းလုပ်ဖို့ ရည်ရွယ်ထား တာပါ။ Project Dunbar က MAS၊ The Bank for International Settlements Innovation Hub ၊ Reserve Bank Of Australia ၊ Bank Negara Malaysia နဲ့ South Africa Reserve Bank တို့ ပေါင်းစည်း လုပ်ဆောင်ချက်တစ်ခုပါ။ Project Dunbar သာအောင်မြင်သွားရင် လက်ကားဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးကိုသုံးပြီး သက်ဆိုင်ရာတိုင်းပြည်မှ ဘဏ်တွေ တိုက်ရိုက်ပေးချေလုပ်ဆောင်နိုင်ပါလိမ့်မယ်။

            နယ်ခြားငွေပေးချေမှုတိုးတက်ဖို့ ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး  ၊ ဒါမှမဟုတ် ဘလော့ချိန်းချည်းပဲလိုတာမဟုတ်ပါဘူး။ စင်ကာပူရဲ့ အချိန်နဲ့တစ်ပြေးညီ လက်လီငွေပေးချေစနစ်တစ်ခုဖြစ်တဲ့  PayNow ကလည်း တခြားတိုင်းပြည်တွေရဲ့ ငွေပေးချေစနစ်တွေနဲ့ချိတ်ဆက် လုပ်ဆောင်လျက်ရှိပါတယ်။ အခုဆို PayNow က ထိုင်းရဲ့ PromptPay ကို အောင်မြင်စွာ ချိတ်ဆက်လုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ မလေးရှားရဲ့ DuitNow၊ အိန္ဒိယရဲ့ UPI တို့ကို PayNow နဲ့ ချိတ်ဆက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့လည်း စနစ်နှစ်ခုကို တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်မှုက ခက်ခဲနေဆဲပါ။ စနစ်များစွာအတူချိတ်ဆက်နိုင်မယ့် ကြားခံဖြေရှင်းနိုင်တဲ့ စနစ်တစ်ခုတော့ကျွန်တော်တို့ လိုအပ်ပါတယ်။

            အချိန်နဲ့တစ်ပြေးညီငွေပေးချေစနစ်တွေကို နယ်ခြားငွေချေမှုအတွက် တစ်ကြိမ်သာ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ Project Nexus ကို MAS က BIS Innovation Hub နဲ့ လုပ်ဆောင်လျက်ရှိပါတယ်။ အဲဒါအလုပ်ဖြစ်ရင်တော့ PayNow က နိုင်ငံတကာနဲ့ ချိတ်ဆက်ရာမှာ မြန်ဆန်သွက်လက်လွယ်ကူသွားမှာပါ။

ပေါင်းစည်းဒေတာပလက်ဖောင်းများ (Collaborative Data Platforms)

ပေါင်းစည်းဒေတာပလက်ဖောင်းတွေက စာရင်းအင်းရဲ့ အနာဂတ်တီထွင် တိုးတက်ဖို့ အရေးကြီးတဲ့ တွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် FinTech ခရီးစဉ်စကတည်းက MAS က အဆိုပါပူးပေါင်းဆောင်ရွက်မှုကို အားပေးနေခဲ့တာပါ။ လုပ်ဆောင်ချက် သုံး ခုကို ဒီနေရာမှာပြောပြသွားပါမယ်။

       ၁။ ChekFin ကတော့ ငွေကြေးအဖွဲ့အစည်းတွေနဲ့ FinTech လုပ်ငန်းတွေကြား ပူးပေါင်းဆောင်ရွက်နိုင်အောင် ပံ့ပိုးပေးတဲ့ ဗဟိုထိန်းချုပ်မဲ့ မှတ်ကျောက်တင်ပလက်ဖောင်း (Decentralized credentials platform) တစ်ခုပါပဲ။ ငွေကြေးအဖွဲ့အစည်းတွေက FinTech လုပ်ငန်းတွေရဲ့ လုပ်နိုင်စွမ်းအားတွေကို တိုင်းတာရာမှာ ခက်ခဲလျက်ရှိပါတယ်။ အဲဒီပြဿနာတွေကို ChekFin က ငွေကြေးအဖွဲ့အစည်းတွေအတွက် လုပ်ဆောင်ပေးပါတယ်။ FinTech လုပ်ငန်းတွေရဲ့ လုပ်နိုင်စွမ်းအား၊ သူတို့ရရှိခဲ့တဲ့ ဆုတွေ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့စာရင်းတွေကို လိုအပ်သလို အဲဒီငွေကြေးအဖွဲ့အစည်းတွေဆီကို ပံ့ပိုးပေးပါတယ်။ ဒီမှတ်ကျောက်တင်မှတ်တမ်းတွေကို ဘလော့ချိန်းနည်းပညာနဲ့ သိုလှောင်ထားပါတယ်။  မှတ်တမ်းတွေကို ဖြန့်ဝေမှုအပိုင်းမှာ FinTech လုပ်ငန်းတွေကပဲ ဆုံးဖြတ်ပါတယ်။ MAS က တည်ထောင်သူတစ်ခုအဖြစ် ASEAN Financial Innovation Network ၊ BCG FinTech Control Tower ၊ Affinidi တို့နဲ့ ပူးပေါင်းကာ ChekFin ကို တည်ထောင်ထားတာပါ။ နိုင်ငံ တကာ ငွေကြေးအဖွဲ့အစည်း ဆယ်ခုကျော်က ChekFin မှာ ဝင်ရောက်ထားပါတယ်။ ပလက်ဖောင်းကိုတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

       ၂။ ရေရှည်စာရင်းအင်းစီးပွားစနစ် (Green Finance Ecosystem) ကို ထောက်ပံ့နိုင်မယ့် နည်းပညာနဲ့ ဒေတာပလက်ဖောင်းဖြစ်တဲ့ Project Greenprint ပါပဲ။ MAS က Project Greenprint အောက်မှာ ပြန်လှန်ချိတ်ဆက်ပလက်ဖောင်း လေးမျိုးကို တည် ဆောက်ထားပါတယ်။

                 •    Common Disclosure Portal –  ငွေကြေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းကြီးတွေအတွက် ESG (Environmental, Social and Governance) Disclosure ကို ခိုင်မာမှုရှိစေဖို့။

                 •    Data Orchestrator – ပလက်ဖောင်းမျိုးစုံနဲ့ ဒေတာအစုံမှ ESG ဒေတာတွေကို ပေါင်းစည်းဖို့။

                 •    ESG Registry – ESG လက်မှတ်တွေ(Certifications) ကို ဖြန့်ထွက်စာရင်း(Distributed Ledger) ပေါ်မှာ ထိန်းသိမ်း ထားဖို့။

                 •    Greenprint Marketplace – ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းကြီးတွေနဲ့အတူ စိမ်းလန်းစိုပြည်နည်းပညာလုပ်ငန်းတွေကို ချိတ်ဆက်နိုင်ဖို့။

       ၃။ ငွေကြေးခဝါချမှုတိုက်ဖျက်ဖို့ ဒေတာခွဲခြမ်းနည်းစနစ်ကိုသုံးထားတဲ့ ငွေကြေးအဖွဲ့အစည်းတွေအတွက် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ COSMIC ။ ဒီပလက်ဖောင်းက များပြားလှတဲ့ ဒေတာတွေကို စိစစ်ပေးသလို၊ ငွေကြေးအဖွဲ့အစည်းအစုံမှ မသာမာမှုတွေကို စိစစ်လုပ်ဆောင်ပေးနိုင်ပါတယ်။ MAS က COSMIC အတွက် စင်ကာပူရှိ ဘဏ် ခြောက်ခုနဲ့အတူ ဖန်တီးထားပြီး၊ ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်အောင် စီစဉ်ထားပါတယ်။ အစဦးဆုံးအနေနဲ့ COSMIS က တစ်ဆင့်ခံ ကုမ္ပဏီတွေရဲ့ အလွဲသုံးစားလုပ်မှု၊ ကုန်သွယ်အလွဲသုံးစားလုပ်မှုနဲ့ ကုလသမဂ္ဂစီးပွားရေးပိတ်ဆို့မှုတွေပေါ် အဓိက အာရုံစိုက်သွားမှာပါ။

            ဒါပေမြ့ စာရင်းအင်းရဲ့အနာဂတ်မှာ အင်တာနက်ရဲ့အနာဂတ်ကို ထည့်သွင်းမစဉ်းစားဘဲ ပုံဖော်လို့ရမှာမဟုတ်ပါဘူး။

WEB 3.0 ခေတ်

အင်တာနက်ရဲ့ ခေတ်သစ်က Web 3.0 ထိ တိုင်ခဲ့ပြီဖြစ်ပါတယ်။ Web 3.0 ဆိုတာ အဓိပ္ပာယ်ပေါ်ဖို့ Web 1.0 နဲ့ Web 2.0 ကို  ပြန်အစဖော်ဖို့လိုပါတယ်။

       •    Web 1.0 ဆိုတာ ဖတ်ဖို့ (Readable) အဓိကပါပဲ။ အသုံးပြုသူတွေက သတင်းအချက်အလက်တွေကို သွားယူကြည့်/ဖတ်ရုံပါပဲ။ ဝက်ဘ်ဆိုက်၊ အီးမေးလ်၊ Chatroom ခေတ်တွေပါ။

       •   Web 2.0 ဆိုတာ အပြန်အလှန် (Interactive) ဆန်လာပါတယ်။ သုံးသူတွေကပဲ သတင်းအချက်အလက်တွေကို ဖန်တီးပေးပြီး အပြန်အလှန်သတင်းအချက်အလက်ဖလှယ်မှုကြွယ်ဝတဲ့ ခေတ်ပါပဲ။ Blog ရေးတာတွေ၊ Tag တွဲတာတွေ၊ လူမှုသတင်းမီဒီယာ တွေပါပဲ။

       •   Web 3.0 ကတော့ ပုဂ္ဂလိက(Personal) ဆန်ပါတယ်။ ဗဟိုထိန်းချုပ်မဲ့ သတင်းအချက်အလက်ဖြန့်ဝေမှုကို လုပ်ဆောင်ပေးတဲ့ သုံးသူဝန်းကျင်ပါပဲ။ စမတ်ပဋိညာဉ် (Smart Contract)နဲ့ တိုကင်ချိတ်ပိုင်ဆိုင်မှု (tokenized asset) တွေပါပဲ။

စမတ်ပဋိညာဉ်နှင့် တိုကင်ချိတ်ခြင်း (Smart Contracts and Tokenization)

စမတ်ပဋိညာဉ်ဆိုတာ ပဋိညာဉ်ရဲ့ သတ်မှတ်ချက်တွေအရ လုပ်ဆောင်ပေးတဲ့ ကွန်ပျူတာပရိုဂရမ်ပါပဲ။ စမတ်ပဋိညာဉ်အဖြစ်နဲ့ အကောင်အထည်ဖော်ထားတဲ့ တိုကင်ချိတ်ပိုင်ဆိုင်မှုတွေက အပြင်ကပိုင်ဆိုင်မှုတွေကို ဒစ်ဂျစ်တယ်ကိုယ်စားပြုထားတာပါ။ အပြင်ပိုင်ဆိုင်မှုတွေဆိုတာ လူသုံးကုန်တွေ၊ အိမ်ခြံမြေတွေ၊ ဒါမှမဟုတ် ဉာဏပစ္စည်းမူပိုင်ခွင့်တွေဖြစ်တဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှု၊ မူပိုင်ခွင့်၊ ဒစ်ဂျစ်တယ်သီချင်းနဲ့ အနုပညာပစ္စည်း မူပိုင်ခွင့်တွေပါပဲ။ တိုကင်ချိတ်လိုက်တာနဲ့ ရောင်း၀ယ်ဖောက်ကား၊ ငွေဖော်၊ လွှဲပြောင်းရတာ လွယ်ကူသွားပါတယ်။ ဒါဟာလည်း စီးပွားအခွင့်လမ်းနဲ့ အားလုံးပါဝင်နိုင်တဲ့ အလားအလာရှိတဲ့အရာပါပဲ။

            စမတ်ပဋိညာဉ်နဲ့ တိုကင်ချိတ်ခြင်းကို ဘဏ္ဍာရေးပိုင်ဆိုင်မှုအတွက် စျေးကွက်အခြေခံအဆောက်အုံချဲ့ထွင်ဖို့ စင်ကာပူမှာ သုံးနေခဲ့တာပါ။

       •   Olam International က ပြီးခဲ့တဲ့နှစ်က SGX (Singapore Exchan-ge) ပေါ်မှာ ဒစ်ဂျစ်တယ်ဘွန်းထုတ်ခဲ့ပါတယ်။

       •   SembCorp က UOB ဘဏ်က တစ်ဆင့် ADDX ( စင်ကာပူအခြေစိုက် Securities ကုမ္ပဏီ) ပေါ်မှာ ဒီနှစ်ထဲ ဒစ်ဂျစ်တယ်ဘွန်းထုတ်ခဲ့ပါတယ်။ ဘလော့ချိန်းတစ်ခုပေါ်ကပဲ စမတ်ပဋိညာဉ်နဲ့ လုပ်ဆောင်ရင်း လူဝင်လုပ်နေရတဲ့အဆင့် တွေကို ဖယ်ထုတ်လိုက်ပါတယ်။

       •   ဒစ်ဂျစ်တယ်ဘွန်းတွေမှာ ကောင်းကျိုးများပါတယ်။

                 o    စျေးနည်းတဲ့ ဘွန်းတွေကို ထုတ်နိုင်သွားတယ်။

                 o    ငွေစာရင်းကိုက်မှုအချိန်တိုသွားတယ်။

                 o    ကူပွန်နဲ့ ရီဒန်းရှင်း(ဘွန်းအတွက်သတ်မှတ်ငွေလစဉ်ပေးသွင်းခြင်းလိုကိစ္စမျိုး)တွေအတွက် ငွေချေရာမှာ အလိုအ လျောက်ဖြစ်သွားတယ်။

ဗဟိုထိန်းချုပ်မဲ့စာရင်းအင်း(Decentralized Finance – DeFi)

Web 3.0 က စာရင်းအင်းလောကကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ DeFi  လို့ခေါ်တဲ့ ဗဟိုထိန်းချုပ်မဲ့စာရင်းအင်းရဲ့ အခင်းအကျင်းကတော့ အချင်းချင်းငွေကြေးဆိုင်ရာလုပ်ဆောင်ရာမှာ စမတ်ပဋိညာဉ်ကိုသုံးကာ ကြားခံအဖွဲအစည်း(ဗဟို) မပါဘဲ တိုက်ရိုက်လုပ်ဆောင်သွားနိုင်မှာပါ။ ဒါဟာ ယနေ့ခေတ်ရဲ့ ဗဟိုထိန်းချုပ်စနစ်တွေကနေခွဲထွက်လာတဲ့ ဗဟိုထိန်းချုပ်မဲ့ဖြစ်စဉ်ပါပဲ။

            DeFi က အခုမှအစပျိုးနေသော်ငြားလည်း တကယ်တိုးတက်မှုရှိနေပါတယ်။ ခရစ်(ပ်)တို တိုကင်ကို ဗဟိုထိန်းချုပ်မဲ့အိပ်ချိန်းတွေမှာ ဗဟိုထိန်း ချုပ်မှုမပါဘဲ ၀ယ်ရောင်းလုပ်နေကြပါပြီ။ ဥပမာအနေနဲ့ဆိုရင် စမတ်ပဋိညာဉ်က စီမံပေးတဲ့ ငွေဖြစ်လွယ်နေရာ (Liquidity pool – ဥပမာ Uniswap ၊ Balancer ၊ Bencor နဲ့ Kyber Network လို ခရစ်ပ်တို တိုကင်တွေကို အလဲ အထပ်အရောင်းအဝယ်၊ အချေးအငှားလုပ်နိုင်ဖို့ ဝန်ဆောင်ပေးနေတဲ့လုပ်ငန်းများ) ကနေတစ်ဆင့် အချင်းချင်းငွေချေးနိုင်နေပါပြီ။

            DeFi မှာ ထူးခြားတဲ့ လူမှုစီးပွားအကျိုးများဖို့ အလားအလာကောင်း တွေရှိနေပါတယ်။ ဗဟိုထိန်းချုပ်သူ(ကြားခံအဖွဲ့) တွေကို ဖယ်ရှားခြင်းဖြင့် ဒီလိုပွင့်လင်းခရစ်တိုကွန်ရက်(Open Crypto Network) က စာရင်းအင်းရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချပေးနိုင် ပါလိမ့်မယ်။ လုပ်ငန်းသေးတွေ၊ တစ်သီးပုဂ္ဂလဝန်ဆောင်မှုပေးသူတွေက ဘဏ္ဍာရေးစနစ်တွေကို တိုက်ရိုက်လုပ်ဆောင်လာနိုင်တဲ့ အခါမှာ ပြိုင်ဆိုင်မှုတွေ ပိုဖြစ်လာမှာဖြစ်သလို၊ အားလုံးလဲပါဝင်ခွင့်ရလာမှာပါ။

            ဒါပေမဲ့ DeFi က ဆုံးရှုံးနိုင်ချေတွေ၊ အားနည်းချက်တွေမရှိဘူးတော့ မဟုတ်ပါဘူး။ ဒီလိုပွင့်လင်းခရစ်တိုကွန်ရက်က ဗဟိုဘဏ်တွေ၊ Regulator တွေရဲ့ ထိန်းကျောင်းမှုအောက်က စံချိန်စံညွှန်းတွေနဲ့ ပြည့်မီနေတာမဟုတ်ပါဘူး။ ဒါကြောင့် စျေးကစား တာတွေ၊ အတုအယောင် အရောင်းအဝယ်တွေရှိနေတာဟာ မနှစ်မြို့စရာပါပဲ။ ဗဟိုထိန်းကျောင်းမှုမဲ့နေတော့ ဆုံးရှုံးနစ်နာမှုတွေကို ဘယ်သူတာဝန်ယူမှာလဲဆိုတာ မေးစရာဖြစ်လာတယ်။

            DeFi သာ တကယ်ဖြစ်တည်လာပြီဆိုရင် ရှိပြီးသားထိန်းကျောင်းမှုလုပ်ထုံးလုပ်နည်းတွေကို အံဝင်ခွင်ကျအောင်ပြုပြင်ဖို့ လိုလာပါလိမ့်မယ်။ ဗဟိုထိန်းချုပ်သူ(ကြားခံအဖွဲ့)တွေအတွက် ဆုံးရှုံးနိုင်ခြေတွေကို ကာကွယ်ထိန်းကျောင်းတဲ့ အတက်ပညာတွေဟာ စမတ်ပဋိညာဉ်ပေါ်အခြေခံထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် အသုံးဝင်မှုအားနည်းနေမှာငြင်းစရာမရှိပါဘူး။ ဘလော့ချိန်းအတွက် ထိန်းကျောင်းမှု ကစဉ့်ကလျားဖြစ်နေစဉ်မှာ  အတင်းကာရောထိန်းကျောင်းဖို့လုပ်တာကလည်း စိန်ခေါ်မှုပိုလာမှာပါပဲ။

            MAS အနေနဲ့က Web 3.0 နှင့် DeFi လုပ်ဆောင်မှုတွေကို နီးနီးကပ်ကပ်ကို လေ့လာနေပါတယ်။ ပိုမိုနားလည်ဖို့အပြင်၊ ဆိုးကျိုး၊ကောင်းကျိုးတွေကို ထိန်းကျောင်းနိုင်အောင်ပါ။ မှန်ကန်တဲ့ မျှခြေအားတွေ့ဖို့ ဘဏ္ဍာရေးလုပ်ငန်းတွေ၊ ကျယ်ပြန့်တဲ့စီးပွားရေး ရပ်ဝန်းတွေနဲ့အတူ လုပ်ဆောင်မှာပါ။ ဒါက လေ့လာရေးခရီးရှည်တစ်ခုပါပဲ။

အစမ်းထိန်းကျောင်းမှုဝန်းကျင် (Regulatory Sandbox Plus)

လက်တွေ့သင်ယူမှုထက် ပိုကောင်းတာရှိနိုင်ဦးမလား။ အစမ်းထိန်းကျောင်းမှု ဝန်းကျင်ကနေတစ်ဆင့် ဘလော့ချိန်းနဲ့ DeFi တွေအတွက် တကယ့်လက်တွေ့တွေကို MAS က လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က နည်းပညာအသစ်တွေကို ပံ့ပိုးဖို့ FinTech အစမ်းထိန်းကျောင်းမှုဝန်းကျင် (FinTech Regulatory Sandbox) ကို ဖွင့်လှစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က လုပ်ငန်းတွေ ဆုံးရှုံးနိုင်ခြေနည်းနည်းနဲ့ စျေးကွက်အတွင်း မြန်မြန်၀င်နိုင်အောင် မြန်သွက်အစမ်းဝန်းကျင်(Sandbox Express) ကို တိုးချဲ့ခဲ့ပါတယ်။

            Sandbox Plus နဲ့အတူ MAS က ၄င်းရဲ့ထိန်းကျောင်းမှုအစမ်းဝန်းကျင်ကို တိုးချဲ့ပါလိမ့်မယ်။ နည်းပညာသစ်တွေကို စောစောတိုးတက်အောင် တိုးချဲ့မှာပါ။ နည်းပညာအသစ်ဦးဆောင်သူတွေကို ငွေအား၊ လူအရင်းအမြစ်အားနဲ့ စျေးကွက်ထိုးဖောက်မှု တွေကို ကူညီပေးသွားမှာပါ။ MAS နဲ့ Enterprise Singapore က ပူးပေါင်းထားတဲ့အစီအစဉ်မှာ အရည်အချင်းပြည့်မီသူတွေကို ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

နိဂုံးချုပ်

ငွေ၊ စာရင်းအင်းနဲ့ အင်တာနက်တို့ရဲ့ သုံးပွင့်ဆိုင်လားရာကတော့ လူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးပေါ်မှာ ကြီးစွာသက်ရောက်မှု ရှိလာမှာပါ။ ကမ္ဘာကြီးကိုကာကွယ်ဖို့၊ တည်ငြိမ်တဲ့လူမှုစီးပွားနဲ့ အားလုံးပါဝင်နိုင်ဖို့ ဒီသုံးပွင့်ဆိုင်အနာဂတ်ကိုပုံဖော်ရာမှာ အများပြည်သူ၊ ဘဏ္ဍာရေး၊ နည်းပညာ အသိုင်းအဝိုင်းတို့ အတူတကွပူးပေါင်းလုပ်ဆောင်ကြဖို့ အလွန်ကိုအရေးကြီးပါတယ်။ အဆုံးတစ်နေ့မှာ ငွေ၊ စာရင်းအင်းနဲ့ အင်တာနက်သုံးသူတွေကို ဒီသုံးပွင့်ဆိုင်ကပဲ ပြန်လည်စောင်မသွားမှာပါ။ ဒီစိတ်လှုပ်ရှားဖွယ် ခရီးရှည်မှာ အားလုံးနဲ့အတူ  ပူးပေါင်းသွားဖို့ MAS က လှိုက်လှိုက်လှဲလှဲကို ရှိပါတယ်။

လင်းထိုက်အောင် (2C2P)

Ref : https://www.mas.gov.sg/news/speeches/2021/the-future-of-money-finance-and-the-internet