True Money Myanmar ရဲ့ Managing Director ဖြစ်သူ Daw Kyithar Romanet နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံရဲ့လက်ရှိ Digital Mobile Payment ပကတိအနေအထား၊ SEA နိုင်ငံများနဲ့ နှိုင်းယှဉ်သုံးသပ်ချက်

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ Fintech ဈေးကွက်ကတော့ ကမ္ဘာ့အမြန်ဆုံးနှုန်းနဲ့တိုးတက်နေတဲ့ဈေးကွက်တွေထဲမှာ ပါပါတယ်။ KPMG ရဲ့ ၂၀၂၀ ပြည့်နှစ်ထုတ် Pulse of Fintech H1 2020 အစီရင်ခံစာထဲမှာ အာရှပစိဖိတ်ဒေသဟာ ဒီနှစ်နှစ်တစ်ဝက်အတွင်းမှာတင် Fintech ကဏ္ဍအတွက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၈.၁ ဘီလီယံရှိတယ်လို့ဆိုပါတယ်။

စင်ကာပူ၊ ထိုင်းနဲ့မလေးရှားတို့လို Fintech Hub တွေနဲ့ယှဉ်ရင်တော့ မြန်မာနိုင်ငံမှာက တရားဝင်မှတ်ပုံတင်ထားတဲ့ Fintech ပေါင်းက ၂၀ ကျော်ပဲရှိသေးတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ ကုမ္ပဏီတစ်ရာကျော်ရှိပြီး စင်ကာပူမှာဆိုရင် အမျိုးပေါင်းခုနစ်ရာကျော်ရှိနေတာပါ။ လက်ရှိမှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်လုပ်ပိုင်ခွင့်လိုင်စင်ချပေးထားတဲ့ဘဏ်မဟုတ်တဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ငါးခုပဲရှိတာဖြစ်ပြီး ဗီယက်နမ်နိုင်ငံတော်ဘဏ်ကတော့ လိုင်စင် ၃၃ ခုတောင်ချပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိရှိနေတဲ့ မြန်မာဒစ်ဂျစ်တယ်မိုဘိုင်းငွေပေးချေမှုကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ငွေသားသုံးစွဲခြင်းအခြေပြု စီးပွားရေးကိုဒစ်ဂျစ်တယ်နည်းနဲ့ရောင်းဝယ်ငွေပေးချေတဲ့စနစ်ကို ပြောင်းလဲပေးနေတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်မိုဘိုင်းငွေပေးချေမှုဈေးကွက်ကလည်း ကြီးထွားလာနေသလို ပိုမိုတိုးတက်လာနိုင်ခြေတွေလည်းရှိနေပါတယ်။

အစိုးရဘက်ကလည်း စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဖောက်သည်တွေ၊ ဈေးကွက်စီးပွားရေးနဲ့ ဌာနဆိုင်ရာငွေပေးချေစီးဆင်းမှုတွေမှာ အခွင့်အရေးကောင်းတွေပိုမိုရရှိဖို့ ရင်းနှီးမြှုပ်နှံနိုင်အောင် ခေတ်မီငွေပေးချေမှုဆိုင်ရာအခြေခံအုတ်မြစ်ကောင်းတွေ ချပေးနေတာတွေ့ရပါတယ်။ Myanmar Digital Economy Roadmap 2018-2025 ထဲမှာလည်း တွေ့နိုင်တဲ့အတိုင်းအစိုးရဌာနဆိုင်ရာတွေ၊ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတိုးများလာအောင်၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချတတ်မှုတိုးတက်လာရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတိုးတက်လာရေး၊ တီထွင်ဖန်တီးမှုများကိုအားပေးရေး စတာတွေကိုအလေးထားလုပ်ကိုင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်မိုဘိုင်းငွေပေးချေမှုဈေးကွက်ထဲ ဆက်လက်ချီတက်နေစဉ်မှာပဲ ပြည်သူ ပြည်သားတွေအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးထဲမှာ ကိုယ်တိုင်ပါဝင် သုံးစွဲလုပ်ကိုင်လာနိုင်စေဖို့ ဒါနဲ့ပတ်သက်တဲ့ အသိပညာ၊ အသုံးချနည်းလမ်းစတာတွေကို တိုးပွားအောင်ဖြည့်ဆည်းထောက်ပံ့ပေးဖို့ လိုပါတယ်။

TrueMoney Myanmar ရဲ့ဝန်ဆောင်မှုများ

TrueMoney က မြန်မာပြည်သူပြည်သားတွေကို သူ့ရဲ့အဖိုးနည်းဝန်ပါငွေကြေးဝန်ဆောင်မှုတွေကတစ်ဆင့် ပိုမိုကောင်းမွန်တဲ့လူနေမှုဘဝရနိုင်မယ့် အခွင့်အလမ်းတွေကိုဖန်တီးပေးနေတဲ့ ထိပ်တန်းနိုင်ငံတကာ Fintech အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့ငါးနှစ် အခုလိုလွယ်ကူသက်သာတဲ့အနေအထားမရောက်ခင်ကတည်းက ကျေးလက်နဲ့ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ပြည်သူတွေဖုန်းငွေအလွယ်တကူဖြည့်နိုင်အောင် အေးဂျင့်တွေကတစ်ဆင့်စတင်ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအကြောင်း လေ့လာပြီးတဲ့နောက် နိုင်ငံခြားထွက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအနေနဲ့ သူတို့ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ငွေကြေးလစာတွေကို မိသားစုဝင်တွေဆီပြန်ပို့တဲ့အခါမှာ အခက်အခဲတွေရှိနေတာကိုတွေ့ခဲ့ရပါတယ်။ TrueMoney ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ CP Group အနေနဲ့ကျတော့လည်း ထိုင်းနိုင်ငံရဲ့ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်တာနဲ့အညီ မြန်မာနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ CP Group ရဲ့ ကွန်ရက်ကိုအသုံးပြုပြီး ဘာပြန်လုပ်ပေးနိုင်မလဲစဉ်းစားကာ ထိုင်းမှာလာရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံကရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လွယ်ကူသက်သာစွာ အိမ်ကိုငွေပြန်လွှဲနိုင်မယ့် ငွေလွှဲဝန်ဆောင်မှုကိုစတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက သူတို့ရဲ့မိသားစုတွေအနေနဲ့လည်း ငွေကြေးထပ်ပေးစရာ မလိုဘဲလွှဲလာတဲ့ငွေကိုလက်ခံလို့ရသွားပါတယ်။

TrueMoney က မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့တစ်ခုတည်းသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး လွှဲငွေပမာဏ ကျပ်ငွေ ၉၀ ဘီလီယံကျော်ခန့်ကို မြန်မာနိုင်ငံအတွင်းကို လွှဲပေးလာခဲ့ပြီးဖြစ်ပါတယ်။ ဒါကကျွန်မတို့ကုမ္ပဏီအနေနဲ့ နိုင်ငံ့စီးပွားရေးနဲ့ပြည်သူပြည်သားတွေအတွက် ပါဝင်ကူညီထောက်ပံ့မှုတစ်ခုပါပဲ။ အခုတော့ ဒီလိုနိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို မြန်မာနိုင်ငံနဲ့ ထိုင်းအပြင်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားစတဲ့ နိုင်ငံတွေအတွက်ပါ တိုးချဲ့နေပြီးနောင်ကိုလည်း တခြားနိုင်ငံတွေထပ်တိုးချဲ့သွားဦးမှာဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားထုအတွက် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအပြင် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုပါ ကျွန်မတို့ကလုပ်ပါတယ်။ ကျေးလက်ကနေတက်လာပြီး မြို့ကြီးတွေမှာ နေထိုင်အလုပ်လုပ်ကာ မိသားစုတွေဆီငွေကြေးပြန်လည်ထောက်ပံ့ဖို့ ဒီပြည်တွင်းငွေလွှဲဝန်ဆောင် မှုကိုလုပ်ပေးတယ်ဆိုပေမယ့် ဘယ်သူမဆိုသုံးနိုင်ပြီး လုပ်ငန်းဆိုင်ရာငွေပေးချေမှုတွေ၊ အွန်လိုင်းအော်ဒါအတွက် ငွေပေးချေမှုတွေနဲ့ ငွေကြေးလှူဒါန်းခြင်း၊ လစာငွေပေးဝေခြင်းလို ကိစ္စတွေအထိပါ အသုံးပြုနိုင်ပါတယ်။

ကျွန်မတို့ရဲ့ခိုင်မာအားကောင်းတဲ့ နည်းပညာတွေ၊ နိုင်ငံတစ်ဝန်းရှိအေးဂျင့်ကွန်ရက်ကတစ်ဆင့် လူတိုင်းအတွက် မြန်ဆန်လွယ်ကူတဲ့ငွေပေးချေမှု ဝန်ဆောင်မှုကိုပေးနေတာဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်ငွေကောက်၊ ငွေသားကိုင်တွယ်စရာမလိုဘဲ အေးဂျင့်တွေဆီမှတစ်ဆင့် အလွယ်တကူလက်ခံရရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုအရေးကြီးတာကတော့ ကျွန်မတို့ရဲ့ နည်းပညာက ပါတနာကုမ္ပဏီအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ID Scan ဖတ်တာ၊ စစ်ဆေးတာ၊ သူတို့ရဲ့ရုံးကနေ ငွေပေးချေမှုအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးတာ စတာတွေကို ထိုင်ရာမထလုပ်နိုင်ပါတယ်။

ကိုဗစ်ကမ္ဘာ့ကပ်ဘေးကာလလို ခက်ခဲတဲ့အချိန်ကာလမှာ ကျွန်မတို့အနေနဲ့ တခြားဈေးကွက်ထဲက အမျိုးစားတူလုပ်ငန်းတွေရဲ့ဝန်ဆောင်ခထက် သက်သာတဲ့နှုန်းထား၊ အလားတူအရည်အသွေးရှိဝန်ဆောင်မှုတွေသုံးစွဲကာ မြန်မာပြည်သူပြည်သားတွေ အဆင်ပြေပြေငွေလွှဲနိုင် အောင်လုပ်ပေးနေတာဖြစ်ပါတယ်။ True Money Myanmar အနေနဲ့ မြန်မာနိုင်ငံမှာအိမ်တိုင်ရာရောက်ငွေလွှဲပို့ဆောင်ပေးခြင်းဝန်ဆောင်မှုကို ပထမဆုံးအနေနဲ့ စတင်ပေးခဲ့ပါသေးတယ်။ ဒါမျိုးက အရင်ကဆိုတရားဝင်မဟုတ်တဲ့ ဟွန်ဒီငွေလွှဲခြင်းမျိုးကနေပဲ ရရှိနိုင်တာဖြစ်ပါတယ်။

True Money Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ချိန်ကစလို့ အခုအချိန်အထိ ရှိခဲ့တဲ့အောင်မြင်မှုများ

True Money Myanmar အနေနဲ့ အောင်မြင်မှုတွေအများကြီးရှိပေမယ့် အဲဒါတွေထဲကမှ ကျွန်မအနေနဲ့ ဂုဏ်ယူကြောင်းအထူးပြောချင်တာတစ်ခုကတော့ ကျွန်မတို့ရဲ့အေးဂျင့်တွေနဲ့ ကျွန်မတို့ကြားလက်တွဲမှုပါပဲ။ ကျွန်မတို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အတူလက်တွဲလုပ်နေတဲ့ အေးဂျင့်ပေါင်းနှစ်သောင်းကျော်ရှိပါတယ်။ သူတို့အနေနဲ့ ကျွန်မတို့ရဲ့ပါတနာဘဏ်ဖြစ်တဲ့ AGD ဘဏ်ရဲ့ One Pay App ရှိမယ်ဆိုရင် လိုအပ်တဲ့ EMoney ငွေဖြည့်ကိစ္စရပ်တွေကို အလွယ်တကူအချိန်တိုအတွင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အေးဂျင့်တွေရဲ့လုပ်ငန်းကလည်း အရောင်းဆိုင်၊ ခေတ်မီကုန်မျိုးစုံဆိုင်၊ ငွေလဲလှယ်မှုလုပ်ငန်းစသဖြင့် အမျိုးမျိုးရှိကြပါတယ်။

သူတို့ကတကယ့်မိတ်ဖက်ကောင်းတွေဖြစ်ပြီး အခုလိုခက်ခဲတဲ့ကာလတွေမှာ သူတို့လိုစွန့်ဦးတီထွင်သူတွေ၊ ဆိုင်ပိုင်ရှင်တွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေက စီးပွားရေးတိုးတက်ဖို့ အဓိကအရေးပါပါတယ်။ သူတို့ကြောင့်လည်း ကျွန်မတို့အနေနဲ့ တစ်နှစ်ကို သုံးစွဲသူပေါင်းငါးသန်းကျော်လောက်ကိုဝန်ဆောင်မှုပေးနိုင်နေတာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ကျွန်မတို့အေးဂျင့်တွေရာခိုင်နှုန်းအနေနဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ မြို့နယ်အတိုင်းအတာနဲ့ ပြောရမယ် ဆိုရင် မြန်မာနိုင်ငံရဲ့အကျယ်ပြန့်ဆုံးအေးဂျင့်ကွန်ရက်တစ်ခုဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာဆိုရင်တော့ ကျွန်မတို့ဟာအကြီးဆုံးကွန်ရက်ရှိတဲ့ Fintech Brand တစ်ခုပါ။ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ ငွေပေးချေဝန်ဆောင်မှုတွေပေးပါတယ်။ ကျွန်မတို့ True-Money Myanmar ဟာ မြန်မာနိုင်ငံရှိ Fintech ကုမ္ပဏီ ၂၀ ကျော်ထဲမှာ ဒုတိယအကြီးဆုံးတစ်ခုဖြစ်တယ်လို့ Oxford Business Group Report 2020 မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ Digital Mobile Payment ၊ E-Commerce တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားသင့်တဲ့ မူဝါဒတွေ၊ Rules & Regulations တွေ၊ True Money Myanmar အနေနဲ့ လုပ်ဆောင်ထားတာတွေ ဥပမာ-နည်းပညာပိုင်း၊ လုံခြုံရေးပိုင်း…

ကျွန်မတို့လည်း ဒါတွေနဲ့ပတ်သက်လို့ သတိထားမိပါ တယ်။ တကယ်တော့ True Money အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ KYC (Know Your Customer) Requirement တွေအတိုင်း ရှေ့နှစ်တွေက တည်းကပဲ ကိုက်ညီအောင်လိုက်နာလုပ်ဆောင်ခဲ့၊ လုပ်နေတာဖြစ်ပါတယ်။ အလားတူပဲ တခြားဈေးကွက်ထဲကလုပ်ငန်းတူတွေကလည်း ဒီလိုပဲလိုက်နာလုပ်ဆောင်နေတာတွေလည်း တွေ့လာရပါတယ်။ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်အတိုင်း ကျွန်မတို့ကငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် စစ်ဆေးချက်တွေ (Anti-Money Laundering – AML Screening)လုပ်သလို ပြည်တွင်းပြည်ပငွေလွှဲမှု တစ်ခုချင်းစီတိုင်းအတွက် ဆန်းစစ်ခြင်းတွေကို အလိုအလျောက်တစ်ခါတည်း စစ်ဆေးနိုင် အောင်(Automated AML Screening Process) လုပ်ထားပါတယ်။

ကျွန်မတို့က ဝန်ထမ်းတွေကို AML Traning တွေပေးသလို၊ စစ်ဆေးမှုတွေလည်းလုပ်တဲ့အပြင် အေးဂျင့် AML ပညာပေးဗီဒီယိုကိုဖန်တီးထားပြီး ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှာ True Money Myanmar Agent App မှာ တင်ပေးသွားမှာဖြစ်ပါတယ်။အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေ၊ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာမူဝါဒတွေ၊ လိုက်နာရန်ညွှန်ကြားချက်တွေ အကုန်လုံးကို သဘောတူညီအပြည့်အဝလိုက်နာပါတယ်။ ဒါတွေက နိုင်ငံစီးပွားရေးတိုးတက်မှုအတွက်သိပ်အရေးပါသလို၊ ရေရှည်ကောင်းမွန်တဲ့လုပ်ငန်းတွေရှိစေဖို့လည်း အရေးပါပါတယ်။ ဒီလိုတွေရှိနေတဲ့အတွက်လည်း မြန်မာ့ Fintech လုပ်ငန်းတွေအတွက် Reputation Risk Damage မဖြစ်အောင်ကာကွယ်ပေးသလို ငွေပေးငွေယူလုပ်သူအသုံးပြုသူတစ်ဦးချင်းစီကိုလည်း မှားယွင်းစွပ်စွဲခံရမှုတွေကနေ ကာကွယ်ပေးပါတယ်။

True Money Myanmar အနေနဲ့ကလည်း တခြားရှေ့ရောက်နှင့်နေတဲ့ဈေးကွက်တွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒို နီးရှား စတာတို့မှာသုံးတဲ့ အဆင့်မြင့်နည်းပညာကိုပဲ ဒီမှာ သုံးပါတယ်။ True Money Myanmar က ငွေလွှဲမှု တစ်ခုစီ တိုင်းအတွက် Auto SMS Cash Out Code စနစ်ပေးခဲ့တဲ့ မြန်မာ့ပထမဆုံး Fintech ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ လုံခြုံမှုက ကျွန်မတို့ရဲ့ ပထမဦးစားပေးဖြစ်တဲ့အတွက် ဒီအတွက် ငွေကြေးအများကြီး ရင်းနှီးမြှုပ်နှံထားသလိုလိုသလိုလည်း Upgrade အကြိမ် ကြိမ်လုပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Digital Mobile Payment ၊ E-Commerce တွေရဲ့ အနာဂတ်ကိုဘယ်လိုမြင်ပါသလဲ…

မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးကလည်း အလားအလာ မြင့်မားပါတယ်။ မြန်မာနိုင်ငံရဲ့ GDP တိုးတက် နှုန်းက ၂၀၂၁ မှာ ၆ ရာခိုင်နှုန်းလောက်ပြန်ရောက်ဖို့ မျော်မှန်းရတယ်လို့ ADB(Asian Development Bank) ကထုတ်ပြန်ထားတယ်။ ဒီလိုဆိုရင် အရှေ့တောင်အာရှ ဒေသအတွင်းက စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးတွေထဲက တစ်နိုင်ငံဖြစ်လာ နိုင်ပါတယ်။ McKinsey Global Institute မှလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက ၂၀၃၀ ပြည့်နှစ်ရောက်ရင်လက်ရှိရဲ့ လေးဆလောက်ဖြစ်လာမယ်လို့မျော်မှန်းထားပါတယ်။ အဲဒီအလားအလာကိုရောက်နိုင်ဖို့ ဒီအချက်သုံးချက်ကအရေးကြီးတယ်။

၁။ ဒစ်ဂျစ်တယ်ဆိုင်ရာမူဝါဒတွေ ပိုအားကောင်းလာအောင်လုပ်ရမယ်။

၂။ ဒစ်ဂျစ်တယ်ကူးပြောင်းသုံးစွဲရေးအရှိန်မြန်လာအောင်ဆိုရင် ဒစ်ဂျစ်တယ်အသုံးချတတ်မှုအသိပညာပေးတွေ ပိုမိုမြှင့်တင်လုပ်ကိုင်ပေးရပါမယ်။

၃။ ပြည်တွင်း Fintech လုပ်ငန်းရှင်တွေနဲ့ အစိုးရပိုမိုပူးပေါင်းလုပ်ကိုင်ရမယ်။


တကယ်လို့သာ ဒီအချက်တွေကို အတူပူးပေါင်းပိုမိုလုပ်ကိုင်လာမယ်ဆိုရင် မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး မြန်ဆန်စွာဖော်ဆောင်ရရှိနိုင်ပါလိမ့်မယ်။

ဈေးကွက်ကလည်း ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ်ဖြစ်ဖို့ရာ ပုံမှန်ပြောင်းလဲအဆင့်ဆင့်သွားရမယ့်အစား အောင်မြင်စွာခုန်တက်သွားခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံကဖုန်းဆင်းမ်ကတ်အသုံးပြုနှုန်းက သိသိသာသာတိုးတက်ပြောင်းလဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အတွင်းမှာဆိုရင်ဆင်းမ်ကတ်အသုံးပြုမှုနှုန်းထားက ၁၂၆ ရာခိုင်နှုန်းတိုးတက်နှုန်းရှိပါတယ်။ စမတ်ဖုန်းအသုံးပြုမှုနှုန်းကလည်း ၈၀ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အမြန်ဆုံးတိုးတက်လာနေတဲ့ မိုဘိုင်းအင်တာနက်ဈေးကွက်တွေထဲကတစ်ခုဖြစ်လာပါတယ်။

ဘဏ်အသုံးမပြုသေးတဲ့၊ ဘဏ်ကဲ့သို့ အဓိကငွေကြေးဝန်ဆောင်မှု အသုံးပြုမှုအတွက် အခွင့်အလမ်းနည်းနေသေးတဲ့သူတွေ၊ နေရာတွေမှာ ဝင်ရောက်ဝန်ဆောင်မှုပေးနိုင်မယ့် ဒစ်ဂျစ်တယ်၊ မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်း တွေအတွက် လုပ်ငန်းအခွင့်အလမ်းအကြီးကြီးရှိနေပါတယ်။ ဥပမာ-ဘဏ်အကောင့်မရှိသေးသူတွေအတွက် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ဘဏ်ချေးငွေလျောက်ဖို့ အပေါင်ပစ္စည်းမရှိတဲ့ အသုံးပြုသူတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေ၊ အရောင်းဆိုင်တွေအတွက် ငွေချေးခြင်းနဲ့ အကြွေးစနစ်တွေ၊ လုပ်ငန်းသေးကလေးတွေအ တွက် လစာငွေစာရင်း၊ ပင်စင်စားများအတွက် ပင်စင်ငွေထုတ်ပေးခြင်း၊ လှူဒါန်းမှုငွေပေးဝေခြင်း၊ အကြွေးဝယ်ကတ်ရှိစရာမလိုဘဲ အွန်လိုင်းကနေ ပစ္စည်းဝယ်ခြင်း စသဖြင့် လုပ်ငန်းအခွင့်အလမ်းတွေ ရှိတာကိုပြောတာ ဖြစ်ပါတယ်။

မိုဘိုင်းအင်တာနက်ချိတ်ဆက်စနစ် တိုးတက်လာခြင်း၊ စမတ်ဖုန်းပိုင်ဆိုင်မှုများလာခြင်းနဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုတွေက မြန်မာနိုင်ငံရဲ့ E-Commerce တိုးတက်မှုကို အားပေးနေပါတယ်။ ဒါပေမဲ့ မြန်မာ့ဒစ်ဂျစ်တယ်တိုးတက်ခြင်း၊ နိုင်ငံရဲ့အရွယ်အစား၊ လူဦးရေတို့ကြောင့် မြန်မာနိုင်ငံရဲ့ E-Commerce အခြေအနေက ကနဦးကာလပဲရှိပါသေးတယ်။ ရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာပါ E-Commerce လုပ်ငန်းအတွက် အခွင့်အလမ်းအများကြီးရှိနေပါတယ်။

အထူးသဖြင့် ကိုဗစ်ကမ္ဘာ့ကပ်ဘေးကာလမှာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ ကုန်မျိုးစုံကိုသာမက ဆေးဝါးထုတ်ကုန်တွေကိုပါမဖြစ်မနေအွန်လိုင်းကနေ မှာယူသုံးစွဲဖို့ဖြစ်လာခဲ့တယ်ဆိုတာလည်း အားလုံးအမြင်ပါပဲ။ ဒါအပြင် ကျန်းမာရေးအကြံပြုလမ်းညွှန် ချက်တွေကိုလည်း အင်တာနက်ကနေရယူလာကြပါတယ်။အစားအစာ၊ စားသောက်ကုန်၊ လျပ်စစ်ပစ္စည်း၊ ကျန်းမာရေးနဲ့ အလှအပရေးရာပစ္စည်းတွေကို အွန်လိုင်းက နေမှာယူပြီး နေ့ချင်း၊ ဒါမှမဟုတ် နှစ်ရက်သုံးရက်အတွင်း အရောက်ပို့စနစ်နဲ့လက်ခံသုံးစွဲနေကြပါပြီ။ ဒါက ကျွန်မတို့ရဲ့ ရန်ကုန်မြို့တွင်းကုန်စည်ပို့ဆောင်မှုကဏ္ဍကလည်း တိုးတက်လာတာကြောင့်ဖြစ်ပါတယ်။

E-Commerce ကဏ္ဍကြီးထွားလာတာနဲ့အမျ ဒစ်ဂျစ်တယ်ငွေပေးချေမှုကလည်း တိုးပွားလာမှာပါ။ ပြီး တော့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေလည်း အနာဂတ်မှာ ပိုမိုသုံးစွဲလာကြပါမယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးငွေယူမှုတွေ ၇.၁ ရာခိုင်နှုန်းတိုးလာပြီး အသုံးပြုသူလည်း ၁၉.၇ ရာခိုင်နှုန်းတိုးတက်လာတယ်လို့သိရပါတယ်။

True Money Myanmarရဲ့ အနာဂတ်အစီအစဉ်

CP Group ကုမ္ပဏီအုပ်စုဝင်ဖြစ်တဲ့ True Money က မြန်မာနိုင်ငံမှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အေးဂျင့်ကွန်ရက်ကိုလည်း နိုင်ငံနဲ့အဝန်းဆက်လက်တိုးချဲ့သွားနေမှာဖြစ်ပြီး သူတို့တွေကို အရည်အသွေးပြည့်ဝတဲ့ ဝန်ဆောင်မှုတွေပေးပါမယ်။ကျွန်မတို့ရဲ့ သုံးစွဲသူတွေတတ်နိုင်တဲ့၊ ယုံကြည်ရတဲ့ သက်သာလွယ်ကူစွာသုံးနိုင်တဲ့ မြန်မာနိုင်ငံက Fintech လုပ်ငန်းတစ်အခုအနေနဲ့ အကောင်းဆုံး ဆက်လက်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။