Sa Sa ကုမ္ပဏီပိတ်သိမ်းမှုနှင့်အတူ ပြီးခဲ့တဲ့နှစ်တွေမှာ စင်ကာပူက ကုန်တိုက်ကြီးများကို နှုတ်ဆက်စွန့်ခွါသွားခဲ့ရတဲ့ နာမည်ကြီးကုမ္ပဏီ ၅ ခု

အလှကုန်ပစ္စည်းများ လက်လီရောင်းချတဲ့ Sha Sha ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က ကြေငြာချက်တစ်ရပ်နဲ့အတူ စင်ကာပူမှကုန်တိုက်ကြီးများ ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။ ဟောင်ကောင်အခြေစိုက်ဖြစ်တဲ့ ဒီကုမ္ပဏီရဲ့ပိတ်သိမ်းမှုက ဆိုင်ပေါင်း ၂၂ ဆိုင်လုံး ပိတ်သိမ်းတာဖြစ်လို့ အလုပ်သမား ၁၇၀ အပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။

နှစ်များစွာကြာမှာ ဖက်ရှင်အစပရိဘောဂအဆုံးရောင်းချပြီး စင်ကာပူကနေနှုတ်ဆက်ထွက်ခွာသွားခဲ့ရတဲ့ ကုမ္ပဏီ ၅ ခုကို အောက်မှာဖော်ပြလိုက်ပါတယ်။

၁. BORDERS
Borders ဟာ ကုမ္ပဏီကို၂၀၁၁ ခုနှစ်မှာ ပိတ်သိမ်းရပ်ဆိုင်းကာ သူ့ရဲ့လုပ်ငန်းခရီးရှည်ကြီးကို တစ်ခန်းရပ်ခဲ့ပါတယ်။ စာအုပ်များအမျိုးအစားများပြားစုံလင်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်နှင့်အတူ ဆိုဖာ၊ ကုလားထိုင် အကောင်းစားများနဲ့ Borders ဟာ စာဖတ်ဝါသနာပါသူများအတွက် နေရာကောင်း၊ ဆိုင်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမဆုံးသော စာအုပ်ဆိုင်ကို ၁၉၉၇ ခုနှစ်က Orchard Road မှာရှိတဲ့ Wheelock Place မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ထပ်ဆိုင်သစ်ကိုတော့ ၂၀၀၇ ခုနှစ် Parkway Parade မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ Wheelock Palace မှာရှိတဲ့ Borders ရဲ့ လူသိများအထင်ကရဖြစ်လာတဲ့ စာအုပ်ဆိုင်ကိုတော့ သြဂုတ်လ ၁၆ရက်၊ ၂၀၁၁ ခုနှစ်မှာ မြေပိုင်ရှင်နဲ့ ပဠိပက္ခဖြစ်မှုကြောင့် ရုတ်ချည်းဆိုသလိုပိတ်ခဲ့ရပါတယ်။ ၃ ရက်အကြာမှာတော့ တရားဝင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ The Borders Singapore ရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်များကို Popular Holdings ကဆက်ခံပြီးတော့ ဆိုင်ခွဲအသစ်ကို ၂၀၁၃ ခုနှစ် Westgate Mall မှာ ဖွင့်လှစ်ခဲ့ပါတယ်။

BORDERS

၂. CARREFOUR
Plaza Singapura နှင့် Suntec City Mall တွေမှာ ရှော့ပင်းထွက်နေကျလူတစ်ယောက်ဆိုရင် Carrefour Supermarket ကြီးရဲ့အထင်ကရလက္ခဏာတခုဖြစ်တဲ့ လူသွားလမ်းအကျယ်ကြီးတွေက အမှတ်ရစရာ ဖြစ်နေမှာပါ။ ကုန်ပစ္စည်းများကို လက်လီရောင်းချပေးနေတဲ့ကုမ္ပဏီကြီးကတော့ ၂၀၁၂ ခုနှစ်မှာ စင်ကာပူရဲ့ ဈေးဝယ်စင်တာကြီးနှစ်ခုလုံးကို နှုတ်ဆက်သွားပြီး ဥရောပမှာဆိုင်ခွဲများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းနေခဲ့ပါတယ်။ Carrefour ကုမ္ပဏီအနေနဲ့ စင်ကာပူက ကုန်တိုက်ကြီးနှစ်ခုမှာ အလုပ်သမားပေါင်း ၄၀၀ ခန့် ရှိခဲ့တာဖြစ်ပါတယ်။

Carrefour Supermarket

၃. GAP
အမေရိကန်အခြေစိုက် အဝတ်အစား brand ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gap ဟာ စင်ကာပူကို ၂၀၁၁ ခုနှစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကလုပ်ငန်းကို နောက်ထပ်ပြန်လည်မတည်ထောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်မှာတော့ ကျန်ရှိနေသေးတဲ့ ဆိုင် ၃ ဆိုင်ကိုပိတ်သိမ်းခဲ့ပါတယ်။ Banana Republic ဟာဆိုရင်လည်း GAP ကုမ္ပဏီက ပိုင်ဆိုင်ထားတာဖြစ်ပြီး Paragon Shopping Centre နှင့် Marina Bay Sands မှာရှိတဲ့ သူ့ရဲ့ဆိုင်ခွဲများကိုလည်း ပိတ်သိမ်းလိုက်ရပါတယ်။ CNN ရဲ့ပြောဆိုချက်အရ Gap ဟာ သူ့ရဲ့မျော်မှန်းချက်နဲ့ မကိုက်ညီတဲ GAP နှင့် Banana Republic စတိုးဆိုင်များကို ပိတ်သိမ်းရန်စီစဉ်ထားကြောင်း ၂၀၁၇ နှစ်ကုန်ပိုင်းက ကြေညာထားတယ်လို့သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ GAP နှင့် Banana Republic စတိုးဆိုင်ပေါင်း ၂၀၀၀ ထဲမှ ၁၀ ရာခိုင်နှုန်းဟာ ယင်းပိတ်သိမ်းရန် အစီအစဉ်ထဲ ပါဝင်နိုင်တယ်လို့သိရပါတယ်။

၄. FRANCFRANC
ဒီဂျပန်လူနေမှုအသုံးအဆောင် ပစ္စည်းရောင်းတဲ့ဆိုင်လေးဟာ စင်ကာပူဈေးကွက်ကို ရောက်လာတာ ၂ နှစ်သာ ရှိသေးပေမယ့် ကုမ္ပဏီကတော့ လုပ်ငန်းစဉ်အားလုံးကိုရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ VivoCity နှင့် JCube မှာရှိတဲ့ ဆိုင်ခွဲတွေဟာ ပရိဘောဂ၊ အိမ်ခန်းတန်ဆာပလာနှင့် အလှဆင်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်းစတဲ့ ထုတ်ကုန်တွေကို ရောင်းချပါတယ်။ “လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး ခင်ဗျားတို့ရဲ့ ရက်ရောစွာဝယ်ယူအားပေးမှုကို ကျေးဇူးတင်ပါတယ်လို့ ခုလိုအခွင့်အရေး ရတုန်းလေးပြောချင်ပါတယ်။ ပြီးတော့ ခုလိုကသိကအောက်ဖြစ်စရာ အဆင်မပြေမှုကြောင့်လည်း အနူးအညွတ်တောင်းပန်အပ်ပါတယ်” လို့ Bals Singapore ရဲ့ တာဝန်ရှိသူက မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

၅. HMV
တစ်ခေတ်တစ်ခါက CDs ၊ VCDs ၊ DVDs တွေရဲ့ တောက်ပခဲ့တဲ့အချိန်တွေကတော့ အမှတ်ရစရာပါ။ သီချင်းအခွေဆိုင်တွေက အောင်မြင်ပြီးမြို့တိုင်းမှာရှိတဲ့ အခွေဆိုင်တွေမှာ လူတွေစည်ခဲ့ဖူးတဲ့နေ့ရက်တွေကတော့ ခေတ်တစ်ခေတ်မှာ နေရစ်ခဲ့ပါပြီ။ တေးရေးသူတွေနှင့် သီချင်းကြိုက်သူတွေအတွက်တော့ နောက်ဆုံးထွက် အယ်ဘမ်သီချင်းခွေတွေကို မွှေနှောက်ပြီးနားထောင်လို့ဝယ်ယူတဲ့နေရာမှာ HMV လောက် ပေါ်ပြူလာဖြစ်တဲ့ဆိုင်ကောင်းမရှိခဲ့ပါဘူး။ Streaming ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်အသုံးအဆောင်ပစ္စည်းတွေ ထွက်ပေါ်နေရာယူလာတဲ့အခါမှာ HMV လိုမျိုး သီချင်းခွေလက်လီအရာင်းဆိုင်တွေဟာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာပါတော့တယ်။ အင်္ဂလန်မှာရှိတဲ့ HMV ပင်မရုံးချုပ်ဟာ ၂၀၁၃ ခုနှစ်မှာတော့ ဒေဝါလီခံလိုက်ရပါတယ်။ ၂ နှစ် ကြာပြီး နောက်မှာတော့ ကုမ္ပဏီဟာ Marina Square မှာရှိတဲ့ စင်ကာပူက နောက်ဆုံးဆိုင်ခွဲကို စက်တင်ဘာလမှာ ပိတ်သိမ်းခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ကနေဒါနဲ့ ဟောင်ကောင်မှာ ရှိတဲ့ဆိုင်တွေကို အသီးသီး ပိတ်သိမ်းခဲ့ပါတယ်။