အလုပ်ကိစ္စနဲ့ စင်ကာပူနိုင်ငံကိုသွားမယ်ဆိုရင်
စင်ကာပူနိုင်ငံကို စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့၊ Business Partner ရှာဖို့အတွက် သွားမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို Kelly J Trading Ltd ရဲ့ CEO ဖြစ်သူ စင်ကာပူနိုင်ငံသား Mr Victor Yeo က အခုလိုပြောပြထားပါတယ်။
စင်ကာပူလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လို Appointment ပြုလုပ်ရမလဲ . . .
စင်ကာပူအစိုးရရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Enterpries(IE) က မြို့လယ်ကောင်ဖြစ်တဲ့ Bugis Area မှာ ရှိပါတယ်။ အဲဒီကို မြန်မာလုပ်ငန်းရှင်တွေဆက်သွယ်နိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းဆိုင်ရာကို စုံစမ်းမေးမြန်းနိုင်တယ်။ သူတို့က သင့်တော်မှန်ကန်တဲ့ လုပ်ငန်းရှင်၊ ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။ ဒါကြောင့် စင်ကာပူမှာ အသိမိတ်ဆွေမရှိဘူးဆိုရင် IE ကနေတစ်ဆင့် ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။ IE အပြင် တခြားပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့တွေဖြစ်တဲ့ Singapore Chamber of Commerce ၊ Chinese Chamber of Commerce တို့လည်း ရှိပါသေးတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ ဒီအဖွဲ့အစည်းတွေကို အီးမေးလ်နဲ့ အရင်ဆုံးဆက်သွယ်ပြီး ကိုယ့်လုပ်ငန်းကို မိတ်ဆက်စေချင်ပါတယ်။ သူတို့ဘက်က အကြောင်းပြန်ပြီး နောက်ထပ်သိလိုတဲ့အချက်တွေ မေးလာပါလိမ့်မယ်။
စင်ကာပူလုပ်ငန်းရှင်တွေနဲ့ ပထမဦးဆုံးအကြိမ် အပြင်မှာတွေ့ဆုံဆွေးနွေးတဲ့အခါ ဘယ်လိုပုံစံနဲ့ နှုတ်ဆက်သင့်ပါသလဲ . . .
အင်္ဂလိပ်လိုပဲ အများဆုံးပြောဆိုနှုတ်ဆက်ကြပါတယ်။ စင်ကာပူလုပ်ငန်းရှင်အများစုကတော့ တရုတ်စာ (Mandarin) လည်း တတ်ကြပါတယ်။ ပြီးရင် ကိုယ့်ရဲ့ Business Card ပေးတဲ့အခါမှာ လက်နှစ်ဖက်နဲ့ ပေးရပါတယ်။
ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုမှာ လက်ဆောင်ပေးဖို့ကော လိုပါသလား . . .
မလိုပါဘူး။ တကယ်တမ်းယူသွားသင့်တာက သင့်ကုမ္ပဏီ၊ သင့်လုပ်ငန်းအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ Leaflet တို့၊ Broucher တို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ကုမ္ပဏီရဲ့ ထုတ်ကုန်နမူနာကို ယူသွားပြီးပေးတာမျိုးဆိုရင်တော့ ကောင်းပါတယ်။ ချောကလက်တို့၊ လက်ကိုင်အိတ်တို့လို လက်ဆောင်မျိုးတော့ မပေးပါနဲ့။
စင်ကာပူလုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့တဲ့အခါ လုပ်ငန်းကိစ္စအပြင် လေပေးဖြောင့်စေဖို့ တခြားဘယ်လိုအကြောင်းအရာမျိုးကို ပြောသင့်ပါသလဲ . . .
မြန်မာနိုင်ငံရဲ့ လက်ရှိမှာ ပွင့်လင်းလာပြီဖြစ်တဲ့ စီးပွားရေးအခြေအနေအကြောင်းနဲ့ အခွင့်အလမ်းတွေအကြောင်း ပြောနိုင်ပါတယ်။ နောက်ပြီး သင့်ရဲ့ကုမ္ပဏီက စင်ကာပူဈေးကွက်မှာ အခြေအနေ ဘယ်လိုလဲဆိုတာမျိုးလည်း မေးနိုင်ပါတယ်။ နောက်ပြီး မိသားစုအကြောင်းလည်း မေးနိုင်၊ ပြောနိုင်ပါတယ်။ နောက်ပြီး စင်ကာပူ အစားအစာအကြောင်းပြောရင်း ဘယ်စားသောက်ဆိုင်တွေ သွားသင့်သလဲဆိုတာကို အကြံဉာဏ်တောင်း မေးမြန်းတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုက အဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့်ကို ဘယ်လိုပုံစံနဲ့ Follow Up လုပ်သင့်ပါသလဲ . . .
နောက်ထပ် တိကျတဲ့သတင်းအချက်အလက်တွေ လိုအပ်ဦးမလား၊ လိုအပ်မယ်ဆိုရင် ကျွန်ုပ်ဆီကို အီးမေးလ် ပို့ပြီးမေးနိုင်ပါတယ်။ ကျွန်ုပ်ရဲ့ Website မှာလည်း ကြည့်နိုင်ပါတယ် (Website ကတော့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားသင့်ပါတယ်) ဆိုတာမျိုး အီးမေးလ်ပို့သင့်ပါတယ်။ မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာမယ်ဆိုရင်လည်း ကျွန်ုပ်ဆီလာရောက်ဖို့ ကြိုဆိုပါတယ်ဆိုတာမျိုးနဲ့ ဆက်ဆံရေးနဲ့ Communication ကို Open လုပ်ထားဖို့ လိုပါတယ်။
တွေ့ဆုံဆွေးနွေးတဲ့အခါ မန်နေဂျာနဲ့ဖြစ်ပြီး ဆွေးနွေးမှုကလည်း အဆင်မချောခဲ့ဘူး (အလုပ်ကိစ္စမပြတ်ခဲ့ဘူး)ဆိုရင် သူ့ထက်ရာထူးမြင့်တဲ့သူနဲ့ ထပ်မံတွေ့ဆုံဖို့ တောင်းဆိုသင့်ပါသလား . . .
ဟုတ်ပါတယ်။ ပထမဆုံးတွေ့ဆုံမှုမှာ မန်နေဂျာအဆင့်နဲ့ တွေ့ဆုံဆွေးနွေးရတာ များပါတယ်။ တကယ်လို့များ ကိုယ်တွေ့ခွင့်ရတဲ့မန်နေဂျာက အကောင်းမြင်သမားဆိုရင် ကိုယ့်တောင်းဆိုမှုက အဆင်ပြေနိုင်ပါတယ်။ ဥပမာ – ကျွန်ုပ် စင်ကာပူကို ထပ်လာဖို့ရှိပါသေးတယ်၊ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့ ဘော့စ်နဲ့ ဆုံချင်ပါတယ်ဆိုတာမျိုး ပြောသင့်ပါတယ်။ ကျွန်ုပ် ခင်ဗျားရဲ့ဘော့စ်နဲ့တွေ့နိုင်မလားဆိုတာမျိုးတော့ တိုက်ရိုက်ကြီး မပြောသင့်ဘူးပေါ့။
စီးပွားရေးအရ တွေ့ဆုံတဲ့အခါမျိုးမှာ ဘယ်လိုအ၀တ်အစားမျိုး ၀တ်သင့်ပါသလဲ . . .
အနောက်တိုင်းဝတ်စုံဝတ်သင့်ပါတယ်။ Necktie တပ်တာလည်း ကောင်းပါတယ်။ လုံချည်ဝတ်မသွားပါနဲ့။ အမျိုးသမီးဆိုရင်တော့ သင့်တော်တဲ့ကုတ်အင်္ကျီ၊ အနက်ရောင်ဂျက်ကက်တို့ ၀တ်သင့်ပါတယ် ဘောင်းဘီလည်းဝတ်နိုင်ပါတယ်။ Business Skirt လည်း ၀တ်နိုင်ပါတယ်။ အပွင့်တွေသိပ်များတဲ့ဒီဇိုင်းတော့ မရွေးသင့်ဘူးပေါ့။ ငြိမ်တဲ့အရောင်တွေဝတ်တဲ့အခါက သူဟာ Decision Maker ဖြစ်တယ်လို့ တစ်ဖက်က ကောက်ချက်ချနိုင်တာပေါ့။
တခြား ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း အကြံပေးစေချင်ပါတယ် . . .
ဆောင်ရန်အချက်တွေဆိုရင်တော့ စင်ကာပူလူမျိုးတွေက အစားအသောက်နှစ်သက်သူတွေဖြစ်ပါတယ်။ ဒါကြောင့် သင်တည်းတဲ့ဟိုတယ်ပဲဖြစ်ဖြစ်၊ နီးစပ်ရာစားသောက်ဆိုင်ကိုပဲဖြစ်ဖြစ် ဒင်နာစားပြီး တွေ့ဆုံဖို့ ဖိတ်နိုင်ပါတယ်။ ရှောင်ရန်အချက်ဆိုရင်တော့ လူမျိုးနဲ့ဘာသာရေးအကြောင်း မပြောဖို့ပဲဖြစ်ပါတယ်။
နန္ဒာနေ၀င်း