အောင်မြင်သူတွေ စိတ်တည်ငြိမ်အောင်ဘယ်လိုနေလဲ

စိတ်ခံစားချက်နဲ့ စိတ်တည်ငြိမ်မှုကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်က မိမိရဲ့စွမ်းဆောင်ရည်ပေါ်မှာအများကြီးမူတည်ပါတယ်။ အမေရိကန်နိုင်ငံရဲ့စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ TalentSmart ရဲ့ လူတစ်သန်းကျော်ကိုသုတေသနပြုလုပ်ချက်အရ အောင်မြင်သူ ၉၀ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာတောင် ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်စွာ ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။

စိတ်လှုပ်ရှားမှုနဲ့ ဖိအားတွေဟာ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအန္တရာယ်ရှိစေနိုင်တဲ့အပြင် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အဝလွန်ရောဂါတွေကိုဖြစ်စေပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် အောင်မြင်သူတွေစိတ်ဖိစီးမှုတွေကိုကြုံတွေ့တဲ့အခါမှာရင်ဆိုင်ဖြေရှင်းလေ့ရှိတဲ့ အကောင်းဆုံးနည်းလမ်းဆယ်ချက်ကိုဖော်ပြပေးထားပါတယ်။ တချို့ကလွယ်ပုံပေါ်ပေမယ့်တကယ်တမ်းကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကြောင့် သင်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ ငွေကြေးကို သုံးစွဲတာထက် ဒီနည်းလမ်းတွေကိုအသုံးပြုတာ သင့်အတွက်ပိုပြီးအသုံးဝင်ပါလိမ့်မယ်။

၁။ ရှိတာနဲ့ ရောင့်ရဲကြပါတယ်။

ကိုယ်ကျေးဇူးတင်ရမယ့်ကိစ္စတွေကို အချိန်ယူပြီးစဉ်းစားဆင်ခြင်တာက ကိုယ်တကယ်လုပ်ဖို့လိုအပ်တာကိုလုပ်တာတင် မဟုတ်ပါဘူး။ ဒါက သင့်ရဲ့စိတ်နေစိတ်ထားကိုလည်း တိုးတက်စေပါတယ်။ ယင်းကစိတ်ဖိစီးမှုလှုံ့ဆော်ပေးတဲ့ဟော်မုန်းကို ၂၃ ရာခိုင်နှုန်း လျော့ချပေးပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုက လူတွေဟာနေ့စဉ်ကျေးဇူးတင်တတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်မယ်ဆိုရင် စိတ်နေစိတ်ထား၊ စွမ်းအားနဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်စေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုများတာက စိတ်ကိုလှုံ့ဆော်မှုအားနည်းတာနဲ့ အဓိကပတ်သက်နေပါတယ်။

၂။’တကယ်လို့များ’ လို့ပြောတာမျိုး ရှောင်ကြပါတယ်။

‘တကယ်လို့များ’ လို့ပြောတာက မီးပုံထဲကို ဓာတ်ဆီလောင်းသလိုပဲ သံသယများစေပါတယ်။ အခြေအနေတွေဟာ အမျိုးမျိုးပြောင်းသွားနိုင်ပြီး ဖြစ်နိုင်ခြေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်ပိုများလေလေ စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ခွင့် နည်းလေလေဖြစ်ပါတယ်။ တကယ်လို့များဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို အောင်မြင်သူတွေနားလည်သဘောပေါက်ကြပါတယ်။

၃။ အကောင်းမြင်တတ်ကြပါတယ်။

အကောင်းမြင်အတွေးတွေဟာ သင့်ရဲ့ဦးနှောက်ကို စိတ်ဖိစီးမှုမရှိအောင် အကူအညီပေးပါတယ်။ ေ၀ဝါးနေတဲ့အတွေးတွေကို အကောင်းမြင်တဲ့အတွေးဖြစ်ဖို့နဲ့ သတိရှိ ရှိနဲ့တွေးတတ်စေဖို့ နည်းနည်းတော့အားစိုက်ဖို့လိုပါတယ်။ အကောင်းမြင်အတွေးတွေက သင့်ရဲ့အလုပ်ကို အာရုံစူးစိုက်လာစေပါတယ်။ ကိစ္စရပ်တွေအောင်မြင်လာတဲ့အခါမှာ သင့်ရဲ့စိတ်လည်း ပေါ့ပါးလာလိမ့်မယ်။ ကိစ္စရပ် တွေမအောင်မြင်တဲ့အခါမှာ သင့်ရဲ့စိတ်မှာအဆိုးမြင်သဘောထားတွေ ပြည့်နေပါလိမ့်မယ်။ ဒီလိုမျိုးတွေဖြစ်လာခဲ့ရင် သင့်ရဲ့တစ်ရက်တာလှုပ်ရှားမှုတွေထဲက ပျော်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကို တွေးကြည့်လိုက်ပါ။ ဒီနေ့ရဲ့ပျော်စရာဖြစ်ရပ်တစ်ခုခုကို စဉ်းစားလို့ မရရင်တောင် မနေ့က၊ ဒါမှမဟုတ် ကျန်ခဲ့တဲ့အပတ်က ဖြစ်ရပ်တွေကို စဉ်းစားလို့ရပါတယ်။ ဒါဆိုရင် သင်လုပ်ဆောင်နေတဲ့ကိစ္စတွေကို ပြန်ပြီးအာရုံ စိုက်နိုင်လာပါလိမ့်မယ်။ ဒီအချက်တွေက သင့်မှာအပျက်သဘောဆောင်တဲ့ သဘောထားတွေဖြစ်ပေါ်လာရင် သင့်ရဲ့စိတ်ကို အပြုသဘောဆောင်တဲ့သဘောထားအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ကောင်းမွန်တဲ့အဖြစ်ပျက်လေးတွေ အဆင်သင့်ရှိရမယ်လို့ ဖော်ပြနေပါတယ်။

၄။ လုပ်ငန်းခွင်နဲ့ ခဏတာအဆက်အသွယ်ဖြတ်ကြပါတယ်။

စိတ်ဖိစီးမှုဆက်တိုက်မဖြစ်ပေါ်အောင်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ အချိန်ကိုစနစ်တကျသတ်မှတ်တာက သင့် ရဲ့စိတ်လှုပ်ရှားမှုကို လွယ်လင့်တကူ ထိန်းချုပ်နိုင်ဖို့ အကူ အညီပေးနိုင်ပါတယ်။ ၂၄ နာရီလုံးလုံးအချိန်ပြည့်အလုပ်လုပ်ရင် သင့်ကိုစိတ်ဖိစီးမှုတွေ တရစပ်ဖြစ်ပေါ်လာစေပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တဲ့ Email တွေ၊ ဖုန်းတွေကသင့်ကိုလုပ်ငန်းခွင်ထဲ ပြန်လည်ရောက်ရှိစေမယ့်အတွေးတွေနဲ့ စိတ်ဖိစီးမှုတွေဖြစ်စေပြီး လုပ်ငန်းခွင်ပြင်ပမှာ စိတ်အေးချမ်းသာစွာနေဖို့ အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်ကိုရွေးချယ်ထားပြီး အနားယူလိုက်တာက သင့်ကိုပေါ့ပါးလန်းဆန်းစေပြီး စိတ်ဖိစီးမှုကင်းစေတာကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။ တကယ်လို့ အလုပ်ဆင်းရတဲ့ရက်တွေမှာ လုပ်ကြည့်ဖို့အခက်အခဲရှိတယ်ဆိုရင် အားလပ်ရက်မှာတစ်မနက်လောက် လုပ်ငန်းခွင်က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီးနေကြည့်ပါ။ အနေကြာလာတာနဲ့အမျ သင့်ရဲ့အားလပ်ချိန်ကို လုပ်ဖော်ကိုင်ဖက်တွေက အသိအမှတ်ပြုလာကြပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့တော့အချိန်တွေက သင့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်တွေ ဖြစ်လာပါလိမ့်မယ်။

၅။ ကော်ဖီသောက်တာကို ကန့်သတ်ထားပါတယ်။

ကော်ဖီက သင့်ကိုတစ်စိုက်မတ်မတ်နဲ့ အလုပ်လုပ်ဖို့ တွန်းအားပေးတဲ့စိတ်ကိုဖြစ်စေပြီး စဉ်းစားချင့်ချိန်နိုင်တဲ့အတွေးတွေကို မြန်မြန် ဆန်ဆန်ဖြစ်လာအောင်တွန်းအားပေးပါတယ်။ ဒါဟာ မြန်မြန်ဆန်ဆန်ဆုံးဖြတ်ချက်ချရမယ့်နေရာတွေမှာ ကောင်းပေမယ့် အချိန်ယူ စဉ်းစားရမယ့်ကိစ္စတွေအတွက်တော့ မကောင်းပါဘူး။ ကော်ဖီကစိတ်လှုပ်ရှားမှုတွေ ပိုဖြစ်စေတဲ့အတွက် သင့်ကိုစိတ်ဖိစီးမှုတွေဖြစ်စေပါတယ်။ စိတ်ဖိအားများတာက သင့်ရဲ့စိတ်ခံစားချက်တွေကို သင့်ရဲ့အပြုအမူတွေပေါ် လွှမ်းမိုးသွားစေပါတယ်။

၆။ အောင်မြင်သူတွေက အိပ်စက်အနားယူကြတယ်။

အိပ်စက်အနားယူတာက သင့်ရဲ့စိတ်စွမ်းရည်နဲ့ စိတ်လှုပ်ရှားမှုထိန်းချုပ်နိုင်စွမ်းကို မြင့်မားစေဖို့အတွက် အရေးကြီးပါတယ်။ သင်အိပ်စက်အနားယူလိုက်တဲ့အခါမှာ သင့်ရဲ့ဦးနှောက်က တစ်နေ့တာလုပ်ငန်းတွေကို ပြန်လည်နေရာချထားပေးပြီး မလိုအပ်တဲ့မှတ်ဉာဏ်တွေကို ရှင်းထုတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် သင်အိပ်ရာနိုးတဲ့အခါမှာ ခေါင်းကြည်နေတာပဲဖြစ်ပါတယ်။ လတ်တလောစိတ်ဖိစီးစရာမရှိရင်တောင် အိပ်ရေးမဝတာကစိတ်ဖိစီးမှုပိုများစေပါတယ်။ စိတ်ဖိစီးမှုများတဲ့အလုပ်တွေက သင့်ကိုအိပ်မရအောင် လုပ်ပါလိမ့်မယ်။ ဒါပေမဲ့အိပ်ရေး၀၀အိပ်တာက သင့်ရဲ့စိတ်ကို ကောင်းကောင်းထိန်းချုပ်စေနိုင်ပါတယ်။

၇။ အောင်မြင်သူတွေက မဝေဖန်ကြပါဘူး။

စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မိမိကိုယ်ကိုယ်နဲ့ သူတစ်ပါးကိုဝေဖန်မှုတွေရပ်တန့်ပစ်လိုက်ဖို့ပါပဲ။ သင့်မှာသံသယနဲ့ အဆိုးမြင်ဝါဒီတွေရှိလာပြီလို့ခံစားရရင် လက်ရှိအလုပ်တွေကိုရပ်ပြီး အဲဒီအတွေးတွေကိုချရေးလိုက်ပါ။ သင့်ရဲ့စိတ်ညစ်ညူးမှုတွေပြေပျောက်ပြီး ခေါင်းကြည်လာပါလိမ့်မယ်။ သင်ပြောလိုက်တဲ့စကားတိုင်းကအမြဲတမ်းတော့ မမှန်နိုင်ပါဘူး။ သင့်ရဲ့ထင်မြင်ချက်တွေက အမှန်တရားတွေနဲ့တူလာတယ်လို့ထင်ရင် သင့်ရဲ့ယုံကြည်ရတဲ့မိတ်ဆွေတစ်ယောက်ဆီကိုသွားပြီး သူဘယ်လိုသဘောထားသလဲဆိုတာကို ကြည့်ကြည့်ပါ။ ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ခံစားမိတယ်ဆိုရင်တော့ ဒါကသင့်ရဲ့ဖြစ်ရပ်တစ်ခုအပေါ် ထင်ယောင်ထင်မှားမြင်နေမိတာကြောင့် ဖြစ်ပါလိမ့်မယ်။ သင့်စိတ်ကူးနဲ့အတွေးတွေကို အစီအစဉ်တကျရှိနေစေတာက သင့်ကိုအဆိုးမြင်အတွေးတွေမဖြစ်ပေါ်အောင် တားဆီးပေးပြီး အမှန်တရားကို ပိုပြီးမြင်လာစေပါတယ်။

၈။ သူတို့ရဲ့သဘောထားအမြင်ကို ပြန်သုံးသပ်ကြပါတယ်။

စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုတွေက သင့်ရဲ့အမြင်မှန်ကို တိမ်းချော်သွားစေပါတယ်။ မဖြစ်နိုင်တဲ့ အချိန်သတ်မှတ်ချက်တွေ၊ အလုပ်ရှင်ရဲ့ခွင့်မလွှတ်နိုင်မှုတွေနဲ့ အထိန်းအကွပ်မဲ့တဲ့အတွေးအခေါ်တွေက ကျွန်တော်တို့ကို အမြဲတမ်းစိတ်ဖိစီးမှုများစေပါတယ်။ သင်ဒီအခြေအနေကို မထိန်းနိုင်ဘူးဆိုပေမဲ့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုတော့ သင်ထိန်းနိုင်ပါတယ်။ များပြားတဲ့အကြောင်းအရာတွေ တွေးနေမယ်ဆိုရင် တစ်ခုမှမဖြစ်နိုင်ဘူးတို့၊ ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုတာတို့ကို မစဉ်းစားဘဲ အစီအစဉ်တကျတစ်ခုချင်းလုပ်သင့်ပါတယ်။ အကျိုးမဖြစ်ထွန်းတဲ့နည်းလမ်းတွေကို ပြင်ဆင်ဖို့အကောင်းဆုံးနည်းလမ်းတွေနဲ့ မှားယွင်းပြီးအလုပ်မဖြစ်တဲ့နည်းလမ်းတွေကို သေချာသတ်မှတ်ထားရပါမယ်။ ဒီလိုပြုလုပ်တာကများသောအားဖြင့်တော့ သင့်ရဲ့စိတ်ဖိစီးမှုဖြစ်တာကို ကန့်သတ်ပေးပါတယ်။

၉။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ကြပါတယ်။

စိတ်ဖိစီးမှုများနေရင် စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ အလွယ်ကူဆုံးနည်းက အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာပါ။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်တာက စိုးရိမ်စိတ်တွေ မဖြစ်အောင် တားဆီးပေးပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ကျသွားစေပြီး ပေါ့ပါးလန်းဆန်းလာစေတာကို သင်အံ့သြဖွယ်တွေ့ရပါလိမ့်မယ်။

၁၀။ သူတစ်ပါးရဲ့အကူအညီယူကြပါတယ်။

အရာရာကို မိမိဘာသာကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတာကသိပ်ပြီးထိရောက်မှုရှိမှာမဟုတ်ပါဘူး။ သင့်ရဲ့အားနည်းချက်တွေကို နားလည်သဘောပေါက်ပြီး လိုအပ်ရင်အကူအညီတောင်းသင့်ပါတယ်။ လူတိုင်းမှာ တကယ်အခက်အခဲဖြစ်လာပြီဆိုရင် အားပေးဖို့နဲ့ အကောင်းဆုံးကူညီပေးနိုင်မယ့် လူတစ်ယောက်ကအလုပ်မှာ၊ ဒါမှမဟုတ် တခြားတစ်နေရာမှာရှိကြပါတယ်။ သင်အမှန်တကယ် အကူအညီလိုတဲ့အချိန်မှာ အကောင်းဆုံးကူညီပေးနိုင်တဲ့လူရှိတာ သေချာအောင်လုပ်ပါ။ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို တိုင်ပင်ဆွေးနွေးနိုင်တာကလည်း စိတ်ဖိစီးမှုတွေကိုလျော့နည်းစေပြီး အတွေးသစ်အမြင်သစ်တွေဖြစ်လာစေပါတယ်။ အများအားဖြင့်တော့ သင်မဖြေရှင်းနိုင်တဲ့ကိစ္စရပ်တွေကို အခြေအနေပေါ် စိုးရိမ်ကြောင့်ကြမှုမရှိတဲ့အပြင်လူတွေက ဖြေရှင်းပေးနိုင်ပါတယ်။ အကူအညီတောင်းတာက စိတ်ဖိစီးမှုလျော့ကျစေပြီး သင်အားကိုးတဲ့လူနဲ့ ရင်းနှီးမှုပိုမိုဖြစ်ပေါ်စေပါတယ်။