စကြဝဠာ၏ အရှင်သခင်များ

Gorden Gekko (Wall Street ရုပ်ရှင်ထဲမှ စီးပွားရေးပညာရှင်ဇာတ်ကောင်) ကိုမေ့လိုက်ကြပါတော့၊ ငွေကြေးဈေးကွက်တွေမှာ ကွန်ပျူတာဆုံးဖြတ်ချက်တွေကို ပိုမိုအားကိုးလာကြပြီ။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့အဓိကလုပ်ရပ်က စုငွေတွေကို အကျိုးအမြတ်အကောင်းဆုံးရနိုင်မယ့် စီမံကိန်းတွေ၊ ကုမ္ပဏီတွေရှိရာကိုလမ်းညွှန်နိုင်မယ့် အချက်အလက်တွေရှာဖွေချမှတ်ပေးဖို့ပဲဖြစ်ပါတယ်။ ငွေကြေးအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ရိုးရှင်းပြီးအဆင်ပြေချောမွေ့အောင်လုပ်ဖို့ပဲဖြစ်တယ်၊ အမှန်ကတော့ ဒီအလုပ်ဟာစွမ်းအင်ကြီးမားပြီး ရှုပ်ထွေးမူးနောက်စေလောက်တဲ့ (ခက်ခဲနက်နဲတဲ့)အလုပ်တစ်ခုလို့ဆိုရမှာဖြစ်တယ်။ ပြောင်းလဲနေတဲ့ကမ္ဘာကြီးကိုဖော်ပြနေတယ်လို့လည်းဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဒီနေ့ငွေကြေးဈေးကွက်ကြီးဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ စီးပွားရေးစစ်ပွဲ၊ နည်းပါးတဲ့အတိုးနှုန်းတွေကြားရုန်းကန်နေရတာဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရပ်တည်ရင်ဆိုင်နိုင်ဖို့ အစဉ်တစိုက်ရုန်းကန်နေတဲ့ ဘဏ္ဍာရေးအခြေအနေပြောင်းလဲမှုတွေရဲ့အကျိုးသက်ရောက်မှုကို ခံနေရတာလည်းဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ အကျဉ်းချုပ်အစီရင်ခံမှုများတွင် ဖော်ပြထားသည့်အတိုင်း၊ လက်ရှိနောက်ဆုံးဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများမှာ၊ အစွမ်းကုန်ဖြစ်ပျက်နေသည့်အခြေအနေတွင် ရှိနေပေသည်။ နည်းပညာအသုံးချစက်ပစ္စည်းများသည် ငွေကြေးရင်းနှီးမှုကဏ္ဍတွင် အာမခံစာချုပ်များ ဝယ်ယူရောင်းချသည့်သာမန်လုပ်ရပ်များသာ မဟုတ်တော့ဘဲ၊ စီးပွားရေးလောကတစ်ခုလုံးကို စောင့်ကြည့်၍ ရင်းနှီးမြှုပ်နှံမှုများကိုကိုင်တွယ်ရွှေ့ပြောင်းကစားသည့်အဆင့်ထိ ပါဝင်ထိန်းချုပ်လျက်ရှိနေပြီဖြစ်သည်။ လူတို့ ချမှတ်ထားသည့် ဥပဒေသများဖြင့်လည်ပတ်နေသော အမေရိကန်စတော့ရှယ်ယာလုပ်ငန်း၏ ၃၅ ရာခိုင်နှုန်း လုပ်ငန်းအစုရှယ်ယာပိုင်ဆိုင်မှုများ၏ ၆၀ ရာခိုင်နှုန်း ၊ကုန်သွယ်မှုလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်း စသော ငွေကြေးလည်ပတ်မှုများကို ကွန်ပျူတာများဖြင့်ထိန်းချုပ်လုပ်ကိုင်နေပြီဖြစ်သည်။ လူလုပ်အသိပညာ(AI) ဖြင့် ဖန်တီးထားသောအစီအစဉ်သစ်များမှလည်း ယင်းတို့ကိုကိုင်တွယ်နေသည့်လူသားအရှင်သခင်များကိုယ်တိုင် အပြည့်အဝနားလည်နိုင်စွမ်းမရှိသော၊ ကိုယ်ပိုင်ဥပဒေသများရေးဆွဲလျက်ရှိနေကြသည်။ ပီဇာမုန့်ပို့ဆောင်ရေးမှသည်၊ နာမည်ကျော်ဟောလိဝုဒ်လုပ်ငန်းကြီးတိုင်အောင် လုပ်နည်းလုပ်ဟန်များကို နည်းပညာကပြောင်းလဲပေးလျက်ရှိသည်။ သို့သော် ငွေကြေးကဏ္ဍတွင်မူ ထိုမျှသာမကဘဲ တစ်မူထူးခြားပေသည်။ စီးပွားရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့်၊ဆုံးဖြတ်ပိုင်ခွင့် စသည့်အခွင့်အာဏာများ ဆုပ်ကိုင်ထားစေနိုင်သည်။ ချမ်းသာကြွယ်ဝမှုအပြောင်းအလဲများ စီးပွားရေးကမောက်ကမ၊ မတည်ငြိမ်မှု စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပေသည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

ကြီးမားသောငွေကြေးအတိုင်အတာကို ကိုင်တွယ်နေရခြင်းကြောင့် ငွေကြေးကဏ္ဍသည် ရုတ်ခြည်းအကောင်အထည်ဖော်ဖြေရှင်းနိုင်သည့်အခွင့်အရေးကို အမြဲတစေဆောလျင်စွာရလေ့ရှိသည်။ ၁၈၆၆ ခုနှစ်တွင်ပြီးစီးခဲ့သော၊ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်သည့်ဆက်သွယ်ရေးကေဘယ်များက၊ အမေရိကန်နယူးယောက်မြို့နှင့် အင်္ဂလန်နိုင်ငံလန်ဒန်မြို့တို့ကြား ဝါဂွမ်းဈေးနှုန်းများကိုသယ်ဆောင်ပေးခဲ့သည်။ Wall Street မှ စတော့ဈေးကွက်လေ့လာသုံးသပ်သူများသည် Excel ကဲ့သို့သော Spreadsheet Software များကို ၁၉၈၀ ပြည့်နှစ်ကတည်းက စောစီးစွာအလေးထားအသုံးပြုခဲ့ကြသူများဖြစ်သည်။ ထိုအချိန်မှစတင်၍ ကွန်ပျူတာများသည် ငွေကြေးဈေးကွက်လုပ်ငန်းနယ်ပယ်ကို ကြီးစိုးလာခဲ့သည်။

ကွန်ပျူတာများကို ဈေးကွက်တွင်း အရောင်းအဝယ်စာရင်းများစီမံခန့်ခွဲခြင်းတွင် ပထမဦးဆုံးအသုံးပြုခဲ့ခြင်းဖြစ်သည်။ ယနေ့အရောင်းအဝယ်ခန်းမတွင်းသို့ဝင် ရောက်လိုက်ပြီဆိုသည်နှင့် စတော့အရောင်းအဝယ်အော်ဟစ်ရောင်းဝယ်နေသည့်အသံများအစား၊ ညင်သာသောကွန်ပျူတာစက်သံများကိုသာ ကြားရမှာဖြစ်သည်။ ရောင်းဝယ်မှုအကြိမ်များစွာပြုခြင်းက ထိုများပြားသည့်ရောင်းဝယ်မှုများအားဖြင့် သေးငယ်သောတန်ဖိုးကွာဟမှုများကို အသုံးချအမြတ်ထုတ်နိုင်ပေသည်။
ပြီးခဲ့သောဆယ်စုနှစ်အတွင်းက၊ ကွန်ပျူတာများအားစာရွက်စာတန်းများပြုစုရေးဆွဲရေးအတွက် အသုံးပြုခဲ့သည်။ အရောင်းအဝယ်ဆိုင်ရာငွေကြေးများ၊ နှစ်ဦးနှစ်ဖက်ဆိုင်ရာအပြန်အလှန်ငွေကြေးပေးချေမှုများက အစုရှယ်ယာများနှင့် စာချုပ်စာတမ်းများစီးဆင်းမှုကို အလိုအလျောက်ခြေရာခံညွှန်ပြပေးခဲ့သည်။

ပြီးခဲ့သောလအတွင်းက၊ ဤနည်းပညာအသုံးချပစ္စည်း (ကွန်ပျူတာ)များသည် ဒေါ်လာ ၄.၃ ထရီလီယံတန်ဖိုးရှိ အမေရိကန်ကုမ္ပဏီများ၏ရှယ်ယာများကို ဝယ်ယူစုဆောင်းရင်းနှီးမြှုပ်နှံပေးနိုင်ခဲ့ပြီး လူသားတို့စွမ်းဆောင်နိုင်သည့်စုစုပေါင်းငွေတန်ဖိုးပမာဏကို ပထမဆုံးအကြိမ်အဖြစ်၊ကျော်ဖြတ်နိုင်ခဲ့သည်။ Smartbeta ဟုသိထားကြသည့် နည်းဗျူဟာက တန်ဖိုးအတက်အကျမြန်ဆန်သည့် စာချုပ်များကို သီးခြားခွဲထုတ်ပြီး၊ ထိုကဲ့သို့သောစာချုပ်များကိုစုဆောင်းပေးနိုင်ခဲ့သည်။ အများအားဖြင့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းတွင်ရှိသော ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများအနက် ထင်ပေါ်သည့်ဖက်စပ်ကုမ္ပဏီများသည်၊ ဒေါ်လာ တစ်ထရီလီယံခန့်ရှိသောရင်းနှီးမြှုပ်နှံရေး အတွက် ရှုပ်ထွေးသည့် Blackbox တွက်ချက်မှုများကိုအသုံးပြုခဲ့ကြသည်။ ထိုနည်းဗျူဟာသုံးစက်ပစ္စည်းများသည် အစုရှယ်ယာဝယ်ယူစုဆောင်းခြင်းနှင့် အခြားနည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံမှုများတွင်၊ ပိုမိုအကျိုးပြုနိုင်ကြောင်း သက်သေပြသခဲ့ကြသကဲ့သို့ အကြွေးဖြင့်ရောင်းဝယ်သည့်ဈေးကွက်များတွင်လည်း ကြီးထွားလာလျက်ရှိသည်။

ထိုသို့ဖြစ်ပျက်နေသည့်တစ်ချိန်လုံးတွင်၊ကွန်ပျူတာများသည် ယင်းတို့ကိုယ်တိုင်ထိန်းချုပ်မှုများပိုမိုပြုလုပ်လာကြသည်။ AI ခေါ်လူလုပ်အသိပညာများကိုအသုံးပြုလျက် Software များက လူသားတို့၏အကူအညီမပါဘဲ ကိုယ်ပိုင်နည်းဗျူဟာများချမှတ်ရေးဆွဲခဲ့ကြသည်။ ဖက်စပ်ရင်းနှီးမြှုပ်နှံသူအချို့က AI နည်းပညာအပေါ် သံသယဖြစ်လိုကြသော်လည်း၊ စနစ်တကျတိုးတက်လာသည်နှင့်အမျှ ယင်း၏စွမ်းဆောင်ရည်ကလည်း မြင့်မားလာခဲ့သည်။ ဈေးကွက်တစ်ခု၏ အသက်သွေးကြောဖြစ်သည့် သတင်းအချက်အလက်ကဏ္ဍကိုကြည့်မည်ဆိုလျှင်၊ လူသားငွေကြေးထိန်းချုပ်သူများသည် အစီရင်ခံစာများကိုဖတ်ရှုပြီး အတွင်းလူ၏သတင်းအချက်အလက်များအပေါ် မူတည်၍ ပြုလုပ်သည့်အရောင်းအဝယ်များနှင့်ပတ်သက်သောတင်းကျပ်သည့်ဥပဒေသများကို လိုက်နာလုပ်ဆောင်ကြရသည်။ ဤဥပဒေသများမှာ လူထုကိုထိန်းချုပ်ရန်နှင့် အခွင့်အရေးအညီအမျှရရှိစေရေးအတွက် ရေးဆွဲထားသည့်ဥပဒေသများဖြစ်ပြီး၊ ယခုအခါ အတိုင်းအဆမရှိဖြစ်လုနီးပါး များပြားလှသောသတင်းအချက်အလက်အသစ်များနှင့် နည်းစနစ်စွမ်းအားတို့က ရင်းနှီးမြှုပ်နှံမှုများကို ဝင်ရောက်ကြည့်ရှုနိုင်သည့်နည်းလမ်းများ ဖန်တီးပေးလျက်ရှိနေပြီဖြစ်သည်။ ဥပမာအားဖြင့် အချို့ငွေရှင်များသည် လက်လီကုန်သည်များ၏ကားရပ်နားရာနေရာများကို ဂြိုဟ်တုမှတစ်ဆင့်ကြည့်ရှုကြပြီး၊e-commerce site များမှတစ်ဆင့် ငွေကြေးဖောင်းပွမှုအချက်အလက်များကိုစုဆာင်းနေကြပြီဖြစ်သည်။ နောက်ဆုံး၊ ကုမ္ပဏီနှင့်သက်ဆိုင်သည့် လတ်တလောဖြစ်ရပ်များကိုပင် ယင်းကုမ္ပဏီ၏ဘုတ်အဖွဲ့ဝင်များထက် ပိုမိုစောစီးစွာသိနိုင်ကြလိမ့်မည်ဖြစ်သည်။

ယခုအချိန်အထိ၊ ပိုမိုတိုးတက်များပြားလာသောကွန်ပျူတာများက၊ ကုန်ကျစရိတ်လျော့နည်းစေခြင်းအားဖြင့် ငွေကြေးကဏ္ဍကို၊ လူအများပါဝင်နိုင်ဖို့အခွင့်အရေးဖန်တီးပေးလျက်ရှိသည်။ လက်ရှိလည်ပတ်နေသည့်ငွေကြေးပမာဏ တစ်ခုအပေါ် ကောက်ခံနေသည့်ကုန်သွယ်မှုဝန်ဆောင်ခ ၁ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင်၊ သီးခြားပုံစံဖြင့်ကောက်ခံသည့် ETF (exchange traded fund) သည် တစ်နှစ်လျှင် ဝ.၁ ရာခိုင်နှုန်းသာရှိသည်။ ETF များကိုသင့်လက်ကိုင်ဖုံးမှတစ်ဆင့်လည်း ဝယ်ယူနိုင်ပေသည်။ဆက်လက်ဖြစ်ပေါ်နေသည့်ဈေးနှုန်းယှဉ်ပြိုင်မှုက၊ ကုန်သွယ်မှုကုန်ကျစရိတ်ထိုးကျသွားသည့် သဘောဖြစ်ပြီး၊ ဈေးကွက်များကလည်း ယခင်အချိန်များထက် ပြိုပျက်ဖို့ပိုမိုလွယ်ကူလာခဲ့သည်။ အထူးသဖြင့်၊ ယနေ့လက်ရှိခြေအနေဖြစ်သော(ရင်းနှီးမြှုပ်နှံမှုအများစုမှ ပြန်လည်ရရှိသည့်အကျိုးအမြတ်နိမ့်ကျနေသည့်) အခါမျိုးတွင်ဖြစ်သည်။ စင်စစ်အခြေအနေအားလုံးစုပေါင်းဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ယင်းသည့်တိုင်၊ထွက်ပေါ်လာသော နည်းပညာအသုံးချပစ္စည်းများကြီးစိုးသည့် ခေတ်အခါသမယ၏ဘဏ္ဍာရေးအခြေအနေက ဤအကျိုးအမြတ်များကို အန္တရာယ်ပြုနိုင်သောအရာမှန်သမျှအတွက် စိုးရိမ်ပူပန်စရာများဖြစ်ပေါ်စေသည်။

ယင်းတို့အနက်တစ်ခုမှာ ငွေကြေးမတည်ငြိမ်မှုဖြစ်သည်။ ဝါရင့်ရင်းနှီးမြှုပ်နှံသူများက (ကွန်ပျူတာများ၏လုပ်နည်းလုပ်ဟန်များစွာသည်၊ သတ်မှတ်ထားသည့်အချက်အလက်များပါရှိသော စာချုပ်များကိုလိုက်လံရှာဖွေဆုပ်ကိုင်ဖို့ကြိုးစားကြပြီး ယင်းတို့ကိုရုတ်တရက်ပြန်လည်စွန့်လွှတ်တတ်ကြသော ကြောင့်)ယင်းကွန်ပျူတာများသည် ပိုင်ဆိုင်မှုတန်ဖိုးများကို ထင်ယောင်ထင်မှား၊ တလွဲတချော်ဖြစ်စေနိုင်ကြောင်း မကျေမနပ်စောဒကတက်ကြသည်။ စည်းမျဉ်းထိန်းချုပ်သူများက (ဈေးကွက်ကျဆင်းသည့်အလျောက်) အလွယ်တကူရောင်းချနိုင်သည့်ပိုင်ဆိုင်မှုများအား ရောင်းထုတ်ပစ်ကြမည်ကိုစိုးရိမ်ကြသည်။ ဤအပြုအမူများကို လိုအပ်သည့်အတိုင်းအတာထက် ပိုမိုလုပ်ဆောင်နိုင်ကြသည့်လူသားများသည် မိမိတို့ကိုယ်ကို ကြီးမားစွာအန္တရာယ်ပြုနိုင်သူများဖြစ်ကြပြီး၊ ကွန်ပျူတာများက ထိုအဖြစ်များကိုရှောင်ရှားရေးတွင် အထောက်အကူပြုနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ၊ လူသားသဘာဝကြောင့်ဖြစ်ပေါ်ရသည့် ဆုံးရှုံးမှုများနှင့် ကြောက်မက်ဖွယ်ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပျက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်က ETF တန်ဖိုးများကမောက်ကမဖြစ်ခဲ့ပြီး၊၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက စတာလင်ပေါင်တန်ဖိုးထိုးကျခဲ့သည်။ ပြီးခဲ့သောနှစ်ဒီဇင်ဘာလကလည်း ကြွေးကျန်စာချုပ်စာတမ်းများရောင်းဝယ်သည့်ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းနှင့်ကြုံကြိုက်ခဲ့ရသည်။ ကွန်ပျူတာများပိုမိုအားကောင်းလာသည်နှင့်အမျှ ဤဖြစ်စဉ်များ ပိုမိုပြင်းထန်များပြားလာနိုင်ပေသည်။

စိုးရိမ်ပူပန်မှုနောက်တစ်ခုမှာ ကွန်ပျူတာဖြင့်ထိန်းချုပ်လည်ပတ်သည့်ငွေကြေးလုပ်ငန်းတစ်ခုက ချမ်းသာကြွယ်ဝမှုကို မည်သည့်နည်းဖြင့်စုစည်းပေးနိုင်သနည်းဆိုသောအချက်ဖြစ်သည်။ လုပ်ငန်းလည်ပတ်မှုသည် အချက်အလက်နှင့် အဆင့်ဆင့်တိုးတက်မှုအပေါ် ပိုမိုမှီခိုနေသောကြောင့်၊ သြဇာအရှိန်အဝါရှိသူများက အချိုးမကျသည့်ငွေကြေးပမာဏများ ရယူနိုင်စွမ်းရှိနေကြသည်။ Alogrithm သုံး၊ ကွန်ပျူတာတွက်ချက်မှုများအပေါ်အခြေခံသည့် ရင်းနှီးမြှုပ်နှံသူ(Quant investors)များက၊ ယင်းတို့ပိုင်ဆိုင်ထားသည့်အားသာချက်များသည် မကြာမီအချိန်အတွင်း ယှဉ်ပြိုင်လွှမ်းမိုးခြင်း ခံရတော့မည်ဟု အငြင်းပွားခဲ့ကြသည်။ သို့သော်၊အချို့က အချက်အလက်များသီးသန့်ပိုင်ဆိုင်ခွင့်ရရေးအတွက် ငွေကြေးအကုန်အကျခံလျက်ရှိကြသည်။ ဥပမာ- Quant Fund တစ်ခုအတွက်အလုပ်လုပ်ပေးခဲ့ဖူးသည့် Jeff Bezos ပိုင်ဆိုင်သော Amazon ကုမ္ပဏီသည် ယင်းပိုင်ဆိုင်သော e-commerce မှရရှိသည့်သတင်းအချက်အလက်များကို အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းစတင်ခဲ့သည်။ JP Morgan သည်လည်း ယင်း၏ Credit Cards လည်ပတ်စီးဆင်းမှုများနှင့် ပတ်သက်သော အတွင်းရေးအချက်အလက်များကိုအသုံးပြုပြီး Treasury Bond Market တွင်ကုန်သွယ်မှုပြုလုပ်ခဲ့သည်။ ဤလုပ်ရပ်များနှင့်အလားတူသော အခြေခံအငြင်းပွားဖွယ်ဖြစ်ရပ်များသည် မကြာမီကာလအတွင်း အမှန်တကယ် ဖြစ်လာကြပေတော့မည်။

နောက်ဆုံးပူပင်ရမည့်အဓိကအချက်မှာ စုပေါင်းစီမံအုပ်ချုပ်မှုဖြစ်သည်။လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာက၊ ကုမ္ပဏီဘုတ်အဖွဲ့များတွင်၊ ငွေကြေးစီမံခန့်ခွဲသူများက ယင်းတို့၏ဖောက်သည်များကိုယ်စား ရုံးတွင်းရုံးပြင် ဆန္ဒမဲပေးခဲ့ကြသူများဖြစ်ခဲ့ကြသည်။ အကယ်၍ ထိုထည့်ဝင်ငွေများကို ခံစားမှု၊ယုံကြည်မှုအလျဉ်းမရှိသော ကွန်ပျူတာများကစီမံခန့်ခွဲလည်ပတ်မည်ဆိုပါစို့၊ မည်သို့ဖြစ်မည်နည်း၊ သို့မဟုတ် ထိုထက်ပိုဆိုး၍ ယင်းကွန်ပျူတာများကို၊ (ကုမ္ပဏီများအား၊ အစုရှယ်ယာရှင်များထံ ဖြစ်သည့်နည်းနှင့်အမြတ်များခွဲဝေပေးခြင်းကဲ့သို့သော)အကျပ်အတည်းလုပ်ရပ်များ အစီအစဉ်သွင်းထားခဲ့သော် မည်သို့ဖြစ်လာမည်နည်း။ လူသားများအနေနှင့်မူ ဤကဲ့သို့အခြေအနေမျိုးအား ကျော်လွှားသွားနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့်၊ အကြီးဆုံး ETF ကုမ္ပဏီတစ်ခုဖြစ်သော BlackRock သည် ပတ်ဝန်းကျင်မူဝါဒနှင့် နည်းဗျူဟာဆိုင်ရာလုပ်ငန်းလမ်းညွှန်မှုကို အခိုင်အမာချမှတ်ထားခဲ့သည်။ သို့သော် ထိုအချက်ကပင် ယင်းကုမ္ပဏီအား ပြဿနာတစ်ရပ်ရင်ဆိုင်စေခဲ့သည်။ ပိုင်ဆိုင်မှုများသည် ပိုမိုကြီးမားတောင့်တင်းသော ငွေကြေးစီမံခန့်ခွဲမှုအနည်းငယ်၏ လက်ထဲသို့ရောက်ရှိသွားသည်ဆိုပါစို့၊ ထိုသူများသည် ကုမ္ပဏီ၏စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ အချိုးမညီသောမဲပေးဆုံးဖြတ်ခွင့်များကို လက်ဝယ်ရရှိကြတော့မှာဖြစ်သည်။

Siri (Automatic iPhone Voice Command Application) ရေ၊ ငါတစ်သက်လုံးစုလာခဲ့တဲ့ငွေတွေကို ရင်းနှီးမြှုပ်နှံပေးနိုင်မှာလား ငွေကြေးကဏ္ဍတွင် အကြီးကျယ်ဆုံးဆန်းသစ်တီထွင်မှုများအား မည်သည့်အခါမျှ တားဆီးရပ်တန့်နိုင်မည်မဟုတ်ပေ။ သို့သော်မကြာခဏဆိုသလို ယင်းဆန်းသစ်မှုများသည် အခြေမကျမီမှာပင် ကြီးမားသောပျက်စီးဆုံးရှုံးမှုများသို့ ဦးတည်ကြသည်။ ၁၈ ရာစုနှစ်အတွင်းက စတော့ရှယ်ယာများနှင့်ပတ်သက်သည့် ဖက်စပ်ကုမ္ပဏီတစ်ခုသည် ၁၉ ရာစုနှစ်အတွင်း အရွယ်အစားကြီးမားသည့်ကုမ္ပဏီကြီးတစ်ခုအဖြစ်သို့ ရောက်ရှိဖို့ကြိုးစားလိုသည့် ရည်ရွယ်ချက်အထမမြောက်မီမှာပင် Bubble ဟုခေါ်သော စတော့ရှယ်ယာဈေးများ ရုတ်တရက်ထိုးတက်ပြီး ချက်ချင်းပြန်လည်ထိုးကျသည့်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ပြန်လည်ပေးဆပ်ရန်အခက်တွေ့နေသည့် ပေါင်နှံမှုများအားစုပေါင်း၍ တစ်စုံတစ်ဦးထံပြန်လည်လွှဲပြောင်းသည့်လုပ်ငန်းစဉ်က၊ ပေါင်နှံချေးငှားခြင်းနှင့်သက်ဆိုင်သော ပြဿနာကြောင့်၊ ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းလုပ်ငန်းစဉ်သည် ယနေ့အချိန်တွင် ဆုံးရှုံးမှုများမှကာကွယ်ရေး၌ အရေးပါသည့်လုပ်ရပ်တစ်ခုဖြစ်နေပေပြီ။ အကျယ်တဝင့်ဖွင့်ဆိုထား သောဈေးကွက်ဆိုင်ရာစည်းမျဉ်းဥပဒေများမှာ၊ ထာဝရတည်ရှိနေမည့်ဥပဒေသများဖြစ်သည်။ ဖောက်သည်အားလုံးအပေါ် သာတူညီမျှဆက်ဆံရေး၊ သတင်းအချက်အလက်များကို တရားမျှတစွာဝင်ရောက်ကြည့်ရှုခွင့်ရှိရေး၊ ဈေးကွက်ပြိုင်ဆိုင်မှုမြှင့် တင်ရေး စသည်တို့ဖြစ်သည်။ သို့ရာတွင် နည်းပညာတိုးတက်ပြောင်းလဲမှုများက ယနေ့ဈေးကွက်ဆိုင်ရာဥပဒေသများအား အလွန်အမင်းခေတ်နောက်ကျနေသည့်အသွင် ဖြစ်စေကြပေလိမ့်မည်။ မိမိတို့သည် လောကကြီးတွင် အထက်မြက်ဆုံးသူများမဟုတ်ကြတော့ပါဆိုသည်ကို လူသားရင်းနှီးမြှုပ်နှံသူများ မကြာမီသိရှိသဘောပေါက်လာကြရပေတော့မည်။

အောင်ကို(တောင်ငူ)