မယားအသည်းအသန် အစားလဲရန်

apr2018ynn1

ဂျော့ခ်ျသည် ရုံးစာကို ရှည်ရှည်လျားလျား ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးလေ့ရှိသည်။ သူ့ဆရာက ရုံးစာကို ရှည်ရှည်လျားလျား ဖွဲ့နွဲ့ရေးသည့်ခေတ် မဟုတ်တော့ကြောင်း အပြစ်တင်လေ့ရှိသည်။ ဖတ်လိုက်သည်နှင့် ဆိုလိုရင်းကို နားလည်သွားစေရန် ရေးရမည်ဖြစ်ကြောင်း၊ ရေးသားသည့်ပုံစံထက် ပါဝင်သည့်အချက်အလက်က ပိုအရေးကြီးကြောင်း၊ တိုတိုနှင့်ထိထိမိမိ ရေးရန်လိုကြောင်း ညွှန်ကြားလေ့ရှိသည်။ အထူးသဖြင့် ရုံးစာကို အီးမေးလ်ဖြင့် ရေးသည့်အခါ တိုတိုနှင့်လိုရင်း ရေးသားရန်ဖြစ်သည်။ တစ်နေ့တွင် ဂျော့ခ်ျသည် နယ်ရုံးခွဲတွင် သွားရောက်တာဝန်ထမ်းဆောင်ရသည်။ ထိုစဉ် သူ့ဇနီးဖြစ်သူမှာ အသည်းအသန် မကျန်းမမာဖြစ်သဖြင့် ခွင့်ယူပြီး သူပြန်လာရန် လိုအပ်သည်။ သူ့နေရာတွင် တာဝန်ထမ်းဆောင်မည့် လူစားရရှိမှသာ သူခွင့်ယူနိုင်မည်မို့ လူစားရရှိရေးက အရေးကြီးနေသည်။ ဂျော့ခ်ျက ရုံးချုပ်သို့ အီးမေးလ်ဖြင့် တိုတိုနှင့်လိုရင်း စာတစ်စောင်ရေးပို့လိုက်သည်။ “wife serious, send substitute!”  (ဇနီးအသည်းအသန်ဖြစ်၊ လူစားပို့ပါ) ဟု ဖြစ်သည်။

ဥပဒေသ။ ။ တိုတိုနှင့် လိုရင်းရေးသားခြင်းသည် အချိန်ကုန်သက်သာပြီး လျှင်မြန်ထိရောက်စေနိုင်သော်လည်း တစ်ခါတရံ အဓိပ္ပာယ်လွဲမှားသွားစေနိုင်သည်။

အပြုံးဖြင့်စီမံ အပြုံးဖြင့်နာခံနိုင်ကြပါစေ

ရီနေနိုင်