The ‘7 S’ Model (‘S’ ခုနစ်လုံးပုံစံ)

အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းစွမ်းဆောင်မှုအင်အားကို တန်ဖိုးထားအကဲဖြတ်ခြင်း

7S Model မှာ လုပ်ငန်းတစ်ခု၏ လုပ်ကိုင်စွမ်းဆောင်နိုင်မှုကို အကဲဖြတ်သည့်ဘောင်ဖြစ်သည်။ လုပ်ငန်း၏ဘောင်ခုနစ်ခုစလုံးကို အလေးထားသုံးသပ်အကဲဖြတ်ခြင်းပင်ဖြစ်သည်။ တစ်ခုနှင့်တစ်ခုမှာဆက်စပ်နေပြီး အရေးပါမှုမှာလည်း အတူတူပင်ဖြစ်သည်။ တစ်ခု၏အားနည်းချက်မှာ အခြားအချက်များကိုပါဆက်စပ်နေသည်။ ခုနစ်ချက်စလုံး၏ဆက်စပ်မှုကို နားလည် သဘောပေါက်ခြင်းဖြင့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများအနေဖြင့် ရည်မှန်းချက်များအောင်မြင်မှုရရန် နည်းလမ်းမှန်ဖြင့် လုပ်နိုင်မည်။

ခြုံငုံသဘောထားအမြင်

ထိုသဘောထားအမြင်ကို ပထမဦးဆုံး ၁၉၇၀ ပြည့်နှစ် တွင် Tom Peters ၊ Robert Waterman စသည့် ပညာရှင် များက ‘7S’ ပုံစံအရ လုပ်ဆောင်ခြင်း၏ ထူးခြားသောအကျိုးကိုဖော်ပြရာတွင် အောင်မြင်မှုရရှိခြင်းမှာ တင်းမာမှုနှင့်နူးညံ့မှုကို တစ်ပြိုင်တည်းတွဲဖက်အသုံးပြုနိုင်၍ ဖြစ်သည်ဟူသောသဘောအမြင်ဖြစ်သည်။ ထိုသဘောအမြင်သည် လူအများ၏ အတွေးအခေါ်ကို ပြောင်းလဲစေခဲ့သည်။ ထို့ပြင် ယခုအခါတွင်ပင်ခုနစ်ဖက်သောဘောင်သည်အဖွဲ့အစည်းနှင့် အလုပ်အဖွဲ့တို့ အောင်မြင်မှုမှာ စည်းစနစ်တင်းမာခြင်းနှင့် ပျော့ပျောင်းသောဆက်ဆံရေးတို့ ပူးတွဲပါဝင်သည့် 7S စနစ်ကိုပင် အလေးထား၍ လုပ်ငန်းလုပ်ဆောင်နေမှု၏ လိုအပ်ချက်များ၊ ပြုပြင်ရန် လိုအပ်မှုတို့ကို ညှိနှိုင်းနိုင်သည်။ အကြောင်းအရာများ၏ ဆက်သွယ်မှုကို သိနေခြင်းဖြင့် ဘောင်အလေးပါမှု၏ ပြောင်းလဲခြင်းကိုသိသည်။

7S Model တွင် ပါဝင်သော ဘောင်ခုနစ်ချက်အနေဖြင့် …

၁။ ဗျူဟာ (Strategy)
ဗျူဟာဆိုသည်မှာ ပြိုင်ဆိုင်အနိုင်ရမှုအတွက် အစီ အမံနှင့် ချမှတ်ထားသော လမ်းစဉ်များကို ဆိုလိုသည်။

၂။ ဖွဲ့စည်းပုံ (Structure)
ဖွဲ့စည်းပုံမှာ ကုမ္ပဏီကို မည်သို့မည်ပုံ ဆက်စပ်ဖွဲ့စည်းထားခြင်းကို ဆိုလိုသည်။

၃။ စနစ် (System)
လုပ်ငန်းအနေဖြင့် ပုံသေသတ်မှတ်သည့်အပိုင်း နှင့် လိုအပ်မှုအရ သင့်သလိုလုပ်ရသော လုပ်ငန်း များ၊ ဆက်သွယ်လုပ်ကိုင်ရခြင်း။

၄။ မျှဝေခံယူသောတန်ဖိုး (Shared Values)
ကုမ္ပဏီ၏ တန်ဖိုးထားယုံကြည်မှု၊ ထားရှိသောဦးတည်ချက်တို့သည် ပါဝင်သူများအားဆွဲဆောင်၍ ယင်းတို့၏ အတွေးအခေါ်နှင့် သဘောထားပူးပေါင်းမှု။

၅။ ကျွမ်းကျင်မှု (Skills)
အဖွဲ့အစည်းနှင့် ပါဝင်သူများ၏ စွမ်းဆောင်နိုင်ရည်။

၆။ ဝန်ထမ်း (Staff)
ခန့်ထားသောဝန်ထမ်းများ၏ အရည်အချင်းနှင့် အမျိုးအစား။

၇။ ဟန် (Style)
အဖွဲ့အစည်းကို ဦးဆောင်သည့်ပုံနှင့် ယဉ်ကျေးသောဆက်ဆံမှုတို့ကြောင့် အဖွဲ့အစည်းတွင် လူအများက ကျေနပ်မှုရှိသည်သာမက ပြင်ပအမြင်မှာလည်း အဖွဲ့အစည်းကိုလေးစားသည့်အမြင်။

အဓိကအကျဆုံးအချက်သည် ပါဝင်သော ‘7S’ မှာ တစ်ခုနှင့်တစ်ခုချိတ်ဆက်နေပြီး တစ်ခုနှင့်တစ်ခုအကျိုးသက်ရောက်မှုရှိခြင်းဖြစ်သည်။ ပေါင်းစည်းမှုအမြင်ဟုဆိုနိုင်ပြီး ယခုအချိန်အခါတွင် ယင်းအမြင်မှာအောင်မြင်မှုအခြေခံဟုဆိုရမည်။ ထူးခြားစွာ အလေးထားရမည်မှာ အချို့သောနေရာတွင် အားလျော့မပြည့်စုံပါက နောက်တစ်ခုတွင် မည်မျပင်ကောင်းသော်လည်း လုပ်ငန်းပြည့်ပြည့်၀၀ ဆောင်ရွက်မရဘဲမတွင်ကျယ်နိုင်ပေ။ ပညာရှင် Richard Pascale ၏ အလေးအနက်တိုက် တွန်းသည့်အချက်မှာ လိုအပ်ချက်ခုနစ်ရပ်မှ အချို့သာ အားကောင်း၍မရ၊ အညီအမျစုပေါင်းညှိနှိုင်းပြီး သဘောထားတူညီပေါင်းစပ်မှသာ တစ်နည်းအားဖြင့် တူညီခြင်းကသာအောင်မြင်မှုကိုရနိုင်မည်ဖြစ်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ ( ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)