အရောင်အသွေးစုံလင်လှတဲ့ TEDx Yangon ၂၀၁၇

Ted2017x1

၂၀၁၇ ခုနှစ် မေလ ၂၁ ရက်က ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းမရှိ Rose Garden ဟိုတယ်မှာ တစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ TEDxYangon ဟာ Tapestry ဆိုတဲ့ Theme နဲ့ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ Local / Foreigner မျှတတဲ့ အရောအစပ်၊ ဖျော်ဖြေမှုအပိုင်းနဲ့ တင်ဆက်ပုံ၊ ဆွေးနွေးသွားတဲ့ အကြောင်းအရာ စတာတွေအားလုံးက ပွဲတက်သူတွေအတွက် ရသစုံကိုပေးစွမ်းပြီး နယ်ပယ်ကဏ္ဍတော်တော်များများကိုလည်း တို့ထိခွင့်ပေးခဲ့ပါတယ်။

အမျိုးသမီးတွေကို တန်ဖိုးထားတတ်မှုနဲ့ နယ်ပယ်အသီးသီးက အမျိုးသမီးတွေရဲ့ကဏ္ဍ၊ လူမျိုး/ လိင်ခွဲခြားကာ ဆက်ဆံခံရခြင်း၊ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ မိဘတွေရဲ့ ရှေးရိုးစွဲ ထိန်းကျောင်းနည်းတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခံစားရမှုတွေကိုလည်း ကိုယ်တွေ့အဖြစ်အပျက်တွေနဲ့ ယှဉ်ကာ မထားထား၊ မသဲစုမွန်၊ ဒေါ်မေစံပယ်ဖြူတို့က ဟောပြောခဲ့ကြပါတယ်။ ပညာရေးစနစ်၊ မီဒီယာလွတ်လပ်ခွင့်၊ နိုင်ငံရေးအကျဉ်းသားအဖြစ် နေထိုင်ဖြတ်သန်းခဲ့ပုံ အတွေ့အကြုံတွေကိုလည်း မသီတာ (စမ်းချောင်း) နဲ့ ဦးဆန်နီဆွေတို့က ဟောပြောခဲ့ပါတယ်။

 

ရဟန်းဘ၀ကနေ လူဝတ်လဲပြီး အနုပညာပြခန်းတစ်ခုကိုထူထောင်ကာ ရပ်တည်နေတဲ့ ကိုပြည့်ဝေ၊ မြန်မာနိုင်ငံကို ဗြိတိသျှသံအမတ်အဖြစ် လာရောက်တာဝန်ထမ်းဆောင်စဉ် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ ပန်းချီဆရာ ဦးထိန်လင်းနဲ့ တွေ့ဆုံအကြောင်းပါခဲ့တဲ့ Vicky Bowman (ဒေါ်ဥမ္မာခင်)၊ ပုံပြင်တွေနဲ့ချိတ်ဆက်နေတဲ့ လူတွေရဲ့ဘ၀အကြောင်းပြောပြခဲ့တဲ Tagu Films မှ ကိုလမင်းဦး၊ ခံစားမှုကနေ လှုပ်ရှားမှု၊ လှုပ်ရှားမှုကနေ အနုပညာဆီ ဆင့်ကဲပြောင်းလဲမှုကို Performance နဲ့တင်ဆက်ပြသခဲ့တဲ့ ကိုဂျင်မီကိုကို အစရှိသူတွေပေးတဲ့ ရသမျိုးစုံကိုလည်း  ခံစားလေ့လာခဲ့ရပါတယ်။

မြန်မာနိုင်ငံအတွင်း Trash Hero Myanmar လှုပ်ရှားမှုကိုလုပ်ရင်း သူချစ်တဲ့အင်းယားကန်ကစလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တစ်ထောင့်တစ်နေရာက ၀င်ရောက်လုပ်ကိုင်နေတဲ့ ကိုဖုန်းကျော်မိုးမြင့်၊ ကလေးငယ်တွေ စာဖတ်တဲ့ အလေ့အကျင့်ရအောင် တစ်ပိုင်တစ်နိုင် ရွေ့လျားစာကြည့်တိုက်လေးလုပ်ပြီး ပရဟိတဆိုတာ အသက်အရွယ်မရွေးလုပ်နိုင်အောင် ရှင်းပြခဲ့တဲ့ မမိုးသစ္စာ၊ မုန့်ဟင်းခါးကနေစလို့ မြန်မာ့ဟင်းလျာတွေကို ကမ္ဘာက အသိအမှတ်ပြုလာနိုင်ဖို့ Culinary Diplomacy အဆင့်အထိ ရောက်အောင်သွားနိုင်ဖို့ ကြိုးစားနိုင်ကြောင်း ပြောပြခဲ့တဲ့ ကိုထက်မြက်ဦး၊ မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ်သမိုင်းတစ်လျှောက် ကျင့်သုံးခဲ့တဲ့ ဥပဒေပညာအမျိုးမျိုးရဲ့အကြောင်းနဲ့ ဒီဥပဒေတွေက မြန်မာနိုင်ငံသားတွေရဲ့ဘ၀ကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေသလဲဆိုတာကို ခြုံငုံသုံးသပ်ပြခဲ့တဲ့ Melinda Thet Tun စတဲ့ ဟောပြောသူတွေရဲ့ အတွေ့အကြုံ၊ စိတ်ကူးစိတ်သန်းကောင်းတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

 
Ted2017x3

David Madden

David Madden ကတော့ နည်းပညာသစ်တွေကို စမ်းသပ်လုပ်ကိုင်ဖို့အတွက် ဘာကြောင့်မြန်မာနိုင်ငံက အကောင်းဆုံးနေရာတစ်ခုဖြစ်သလဲဆိုတာကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍက တစ်ဖက်တစ်လမ်းကနေ ဘယ်လောက်အရေးပါသလဲဆိုတာကို Ewan Lamont က ဆွေးနွေးခဲ့ပါတယ်။ ဘာသာစကား၊ လူမျိုး၊ အဆင့်အတန်းကွဲပြားမှုတွေဟာ ကလေးငယ်တွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေကို ဘယ်လိုမှသက်ရောက်မှုမရှိဘဲ ကလေးငယ်တိုင်းရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေကို တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်းကို James Erskine က ဆွေးနွေးခဲ့ပြီး ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ၊ နေရာတွေကို ထိန်းသိမ်းကာ လူနေမှုဘ၀အဆင့်အတန်းတွေကို မြှင့်တင်လို့ရတဲ့အကြောင်းကို လက်တွေ့လုပ်ခဲ့တဲ့ Project တွေနဲ့ ယှဉ်ထိုးပြသကာ Emilie Röell က ဆွေးနွေးခဲ့ပါတယ်။

ပွဲမှာ The International School of Yangon Playback Theatre ပရိသတ်တွေရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ချက်ချင်းပြန်လည်ဖန်တီးပြတဲ့ ပြဇာတ်တိုလေးတွေကိုလည်း တင်ဆက်ပြသခဲ့ပါတယ်။

TEDxYangon မှာ ပါဝင်ဆွေးနွေးသွားသူတွေရဲ့ Video File တွေနဲ့ ပွဲအကြောင်း အသေးစိတ်အချက်အလက်တွေကို သူတို့ရဲ့ Facebook ဖြစ်တဲ့ www.facebook.com/TEDxYGN နဲ့ Website  ဖြစ်တဲ့ www.tedxyangon.org တို့မှာ ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။