လူကြီးလူညစ်ဂေါက်ပုံပြင် ၁၁

golfstory11

လူအမျိုးမျိုးရှိလေတော့ ဂေါက်သီးသမားလည်း အမျိုးမျိုးရှိသပေါ့။ တချို့ဂေါက်သီးသမားတွေဆို ပုံမှန်ရိုက်နေရင် ဖြောင့်လို့၊ ပိုက်ဆံကြေးလည်းရိုက်ရော တောင်ထွက်မြောက်ထွက်တွေ ဖြစ်ပါလေရော။ တချို့ကျရိုးလွန်းတော့ အတာမျိုး။ အချက်ကြော (Handicap) ညှိရင်လည်း မမျှမတပါ သွားတာပဲ။ နိုင်တာလည်း မကြားရ။ ရှုံးတဲ့ဘက်မှာလို့ ဆိုရမယ်ထင်ရဲ့။

တချို့ကျတော့လည်း သိပ်ကိုလည်လွန်းတယ်။ အတွက်အချက်လည်း သိပ်တော်တယ်။ သရုပ်ဆောင်လည်း သိပ်ကောင်းတယ်။ သံလျက်လို နှစ်ဖက်သွားနဲ့ လူတွေရှိတတ်တယ်။ အင်္ဂလိပ်လို (Win-Win Situation) ဆိုတာက ပါဝင်ပတ်သက်သမျှ လူတွေအားလုံးအတွက် ကောင်းတဲ့အနေအထားကို ပြောတာ။ အားလုံးအကျိုးရှိတဲ့ အားလုံးနိုင်တဲ့ အနေအထားကိုပြောတာ။ သံလျက်သွားဆရာကတော့ ဘယ်သူရှုံးရှုံး သူကအနိုင်ဘက်မှာ။

ဂေါက်ကွင်းတစ်ခုရဲ့ ၁၈ ကျင်း ဂရင်းပေါ်က သံလျက်သွားဆရာတစ်ယောက်အကြောင်း ဖောက်သည်ချပါမယ်။

ဦးကပ်စီးတို့နှစ်ယောက်ရယ်၊ ဦးကတုံးတို့နှစ်ယောက်ရယ် ဂေါက်သီးရိုက်ကြတယ်။ ထုံးစံအတိုင်း ပိုက်ဆံကြေးပေါ့။ နောက်ဆုံးကျင်းက လောင်းတဲ့သူတွေအတွက် အင်မတန်အရေးကြီးတာကလား။ ရှုံးနေသူက အရှုံးကြေပြီး အနိုင်လည်း ထွက်သွားနိုင်တယ်။ ပိုလည်းရှုံးသွားနိုင်တယ်လေ။

အဲဒီနောက်ဆုံးကျင်းနံပါတ် ၁၈ ရောက်တော့ ဦးကတုံးက ဦးကပ်စေးကို သတိပေးတယ်။

''ခင်ဗျားကြီး အရှုံးခံရိုက်မယ်ဆိုပြီး ခင်ဗျားချည်းပဲ ရိုက်နေတာ၊ ကျုပ်တို့တော်တော်ရှုံးနေပြီ။ ကြည့်လုပ်ဦး။ အပေါ်ရောက်လို့ ပိုက်ဆံရှင်းရင် ခင်ဗျားပိုက်ဆံမယူပါဘူး၊ ပြန်ပေးပါ့မယ်၊ ဟိုလူ့ဆီကအနိုင်နဲ့ စားကြပါမယ် ပြောထားတဲ့ဟာကို''

၁၈ ကျင်းက သတ်မှတ်ရိုက်ချက် ၅ (Par 5) ။ ဘယ်ဘက်ရောက်လွန်းသွားရင် အိုဘီ (Out of Bound) ၊ တစ်ချက်ပြစ်ဒဏ်ပေးပြီး နဂိုနေရာက ပြန်ရိုက်ရမယ်။

''အေးပါကွာ။ ငါ့ပါတနာ အိုဘီဖြစ်သွားပါပြီ။ ငါအခု ဒရိုင်ဗာနဲ့ကောက်တုတ်ပြီး သူ့နောက်လိုက်သွားရင် အေးရောမဟုတ်လား''

ပြောပြောဆိုဆိုနဲ့ ဦးကပ်စေး ဒရိုင်ဗာကြီးနဲ့ ကောက်တီးလိုက်တယ်။

''ဟိုက် သွားပဟ''

ဦးကတုံးရေရွတ်မယ်ဆိုလည်း ရွတ်စရာ။ ဦးကပ်စီးရဲ့ဂေါက်သီးက အလည်တည့်တည့် အဝေးဆုံးမှာ။

ဦးကပ်စီးရဲ့ပါတနာကတော့ ၀မ်းတွေသာလို့။ သူပျက်နေချိန်မှာ နိုင်ဖို့ဆိုတာ ဦးကပ်စေးကောင်းမှ ဖြစ်မှာကိုး။

''ကျေးဇူးပဲဘော်ဒါ။ အေးအေးဆေးဆေးသာရိုက်။ ခင်ဗျားကို အားကိုးတယ်''

ဦးကတုံးက အလစ်မှာ အနားကပ်လာပြီး တီးတိုးပြောတယ်။

''ခင်ဗျားကြီးနော်''

''အေးပါကွာ။ ငါအခု ဒုတိယအချက်ကို ရေဖြတ်ရိုက်မယ်။ အဝေးဆုံးက ဖြတ်မယ်ကွာ။ ဟိုဘက်ကမ်းနားကျမှ ကပ်ပြီး ရေထဲကျ၊ အေးရောပေါ့''

သစ်သားတုတ် နံပါတ် ၃ (Wood 3) ရိုက်ချက်က ကောင်းလွန်းလှတယ်။ အားလုံးရဲ့ရှေ့ဆုံး ဖဲယားဝေး (Fair Way) အလယ်မှာ။ ဂရင်း (Green) ကို ကိုက်ငါးဆယ်လောက်ပဲ လိုတော့မယ်။

ဦးကတုံး မျက်နှာတွေ ပျက်နေပြီ။

''မင်းကလည်းကွာ၊ ပူမနေပါနဲ့''

''ပူရတယ်ဗျ၊ ခင်ဗျားကြီးကိုယုံမိတာ ကုန်တော့မယ်''

''ဟောဒီမှာကြည့်၊ ခြောက်ဆယ်ဒီဂရီဝက် (60- Degree Wedge) နဲ့ တုတ်မကွာ''

ဘုတ်ခနဲအသံနဲ့ ဦးကပ်စီးရဲ့ဂေါက်သီးက ဂရင်းပေါ်မှာ အလံတိုင်နဲ့ ခုနစ်ပေအကွာလောက်မှာ လှလှပပရပ်နေတယ်။

''သေပြီ သေပြီ''

ဦးကတုံးရဲ့ ညည်းညူသံ။

ညည်းညည်းညူညူနဲ့ လေးချက်မြောက်ရိုက်လိုက်တာ ၀င်လုလုကပ်သွားပြီး ဦးကတုံး ၅ ချက်နဲ့ ပါ (Par) ရသွားတယ်။

''ဘော်ဒါ၊ ၀င်စရာမလိုဘူး။ ဘာဒီ (Birdie) မလိုဘူး။ ကပ်ထားရင်ရပြီ။ အဆင်းလိုင်းကြီး၊ သတိထား''

ဦးကပ်စီးရဲ့ပါတနာ ဂရင်းပေါ်မှာ အားလျားမှောက် မအိပ်ရုံတမယ် လိုင်းကြည့်တယ်။ ဦးကပ်စီး ဂေါက်သီးဘောလုံးနေရာက ကျင်းရဲ့အမြင့်မှာ။ လက်ဆက သိပ်အရေးကြီးတယ်။ နည်းရင်လည်း အပေါ်မှာ ကျန်နေမယ်။ များရင်လည်း ဟိုးအောက်ကို ဆင်းသွားမယ်။

ဦးကပ်စီးရဲ့ ကျင်းစိမ်ရိုက်ချက်က လက်ဆနည်းနည်းများသွားတယ်။ ကျင်းနှုတ်ခမ်းကိုတိုက်ပြီး အောက်ကိုဆင်းသွားတယ်။

''ဟာ ဘော်ဒါက အများကြီး နိုင်ချင်တာကိုး။ ရတယ်။ ပြဿနာမရှိဘူး။ အခုအတက်လိုင်း ပြန်ပတ် (Putt) ရမှာ။ ပါဆိုလည်း နိုင်သေးတာပဲ။''

ဦးကပ်စီး ပါပြန်ရအောင် ပတ်လိုက်တဲ့ ကျင်းစိမ်ရိုက်ချက်က ရင်ခုန်စရာ။ ကျင်းနှုတ်ခမ်းကိုရစ်ပြီး ဂေါက်သီးဘောလုံးက လည်ထွက်သွားတယ်။ စာရင်းချုပ်တော့ ဦးကပ်စီးတို့အတွဲနိုင်ထားတာတွေ ပြန်ပါသွားပြီး အရှုံးပါ ပေါ်သွားတယ်။

''အေးဗျာ။ ဖြစ်မှဖြစ်ရတယ် ဘော်ဒါရယ်။ ဒီလူတွေကို အပြတ်ချေမှုန်းချင်စိတ်က များနေတာကိုး''

ရှုံးကြေးတွေ စားပွဲပေါ်တင်ပြီး ဦးကပ်စီးရဲ့ပါတနာ မစားမသောက်ဘဲ ပြန်သွားတယ်။ သုံးစားပါကျ အဘိုးကြီးနဲ့ အမျိုးတော်မယ်ထင်ရတဲ့ ဦးကပ်စီးကတော့ ပြုံးဖြီးဖြီးနဲ့။ ဘရူးတပ်ခေါ်ရင်လည်း ပြုံးပြုံးလေး ခံနေမယ့်ပုံပါပဲ။

မောင်စံပေါ