အမေရိကန်ကုမ္ပဏီများ၏မြန်မာနိုင်ငံနှင့်အာဆီယံ စီးပွားရေးကဏ္ဍကိုသုံးသပ်လေ့လာချက်

သြဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်သော အာဆီယံစီးပွားရေး လေ့လာသုံးသပ်ချက်အရ အာဆီယံနိုင်ငံရှိ အမေရိကန်ကုမ္ပဏီများက စီးပွားရေးရင်းနှီးမြုပ်နှံမှု တိုးချဲ့ခြင်း၊ လုပ်သားအင်အား တိုးချဲ့ခြင်းနှင့် ၂၀၁၅ခုနှစ်တွင် အကျိုးအမြတ်များ တိုးများလာမည်ဟု မျှော်မှန်းထားကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အာဆီယံစီးပွားရေးလေ့လာသုံးသပ်ချက်ကို အမေရိကန်ကုန်သည်ကြီးများအဖွဲ့နှင့် အမေရိကန် ကုန်သည်ကြီးများအဖွဲ့(အာဆီယံ)တို့မှ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံရှိ အမေရိကန် အသေးစား၊ အလတ်စားနှင့် အကြီးစားကုမ္ပဏီပေါင်း ၅၈၈ခု ၏ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ခုနှစ်နှင့် အာဆီယံ စီးပွားရေးအသိုက်အမြုံ AEC စတင်နီးကပ်လာသည်နှင့်အမျှ အမေရိကန် ကုမ္ပဏီများသည် ဒေသဆိုင်ရာစီးပွားရေးအခွင့်အလမ်းများအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ စီးပွားရေးသမားအများစု အနေဖြင့် AEC ၏ စီးပွားရေးဦးတည်ချက်ကို ၂၀၂၀ခုနှစ် သို့မဟုတ် ၂၀၂၀ နှောင်းပိုင်းကာလများတွင် ပန်းတိုင်ရောက်ရှိရန် ကြိုးပမ်းနေမှုများကို စိတ်ချလက်ချ ယုံကြည်မှုမရှိသေးကြောင်း၊  မြန်မာနိုင်ငံတွင်လုပ်ငန်းများလုပ်ဆောင်နေသော စီးပွားရေးသမား သုံးပုံ တစ်ပုံတို့က ၎င်းတို့ကုမ္ပဏီများ၏ ကုန်သွယ်ရေးအဆင့်အတန်းနှင့် အာဆီယံစီးပွားရေး ရင်းနှီးမြုပ်နှံမှုများ မှာ လွန်ခဲ့သော၂နှစ်မှ တိုးတက်လာကြောင်းနှင့် နောက်၅နှစ်အထိ ဆက်လက်တိုးပွားရန် မျှော်မှန်းထားကြောင်း၊ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် ၈၆%သော စီးပွားရေးလုပ်ငန်းရှင်များက အာဆီယံပေါင်းစည်းမှုသည် ၄င်းတို့ကုမ္ပဏီများ၏ ဒေသတွင်းစီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ကူညီထောက်ပံ့ပေးမည့် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်သည်ဟု ယုံကြည်ကြကြောင်း၊ ၉၁% သော စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ ၎င်းတို့၏ကုမ္ပဏီများ တိုးချဲ့နိုင်ရန် မျှော်လင့်ကြောင်းနှင့်  အများစုကကုမ္ပဏီ၏ အကျိုးအမြတ်များကို ၂၀၁၅ခုနှစ်တွင်ပိုမို တိုးပွားလာမည်ဟု မျှော်မှန်းထားခြင်းဖြင့် စီးပွားတိုးချဲ့ရေး မျှော်မှန်းချက်မှာ မြင့်မားလျက်ရှိကြောင်း သိရပါသည်။

အမေရိကန်ကုန်သည်ကြီးများ မြန်မာကဏ္ဍ၏ဥက္ကဋ္ဌဖြစ်သော Mr. Mariano Vela က “အာဆီယံ စီးပွားရေးထင်မြင်သုံးသပ်ချက်များအရ မြန်မာနိုင်ငံဟာ အာဆီယံမှာလုပ်ငန်းချဲ့ထွင်ခြင်းအတွက် ကျော်ကြားပြီး၊ စရိတ်သက်သာတဲ့ လုပ်သားများနဲ့ တစ်ကိုယ်ရေလုံခြုံရေး အသင့်ပံ့ပိုးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံမှု မြင့်တက်လာခြင်းနဲ့ (AMCHAM Myanmar) အမေရိကန် ကုန်သည်ကြီးများရဲ့ မြန်မာကဏ္ဍအဖွဲ့ဝင်များ ဖြစ်လာခြင်းတို့က စီးပွားရေးတိုးတက်လာမှုကို သာဓကပြလျှက်ရှိပါတယ်။ အမေရိကန်ကုန်သည်ကြီးများ မြန်မာကဏ္ဍသည်ကိုလွန်ခဲ့တဲ့ ၁နှစ်ခန့်မှစတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၁၀၀ ခန့် ရှိနေပါပြီ”ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

အဆိုပါ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံရှိ နိုင်ငံခြားလုပ်သားအင်အားစုများသည် ယေဘုယျအားဖြင့် နေထိုင်ရေး နှင့်လုပ်ငန်းခွင်အခြေအနေအပေါ် ကျေနပ်မှုရှိပြီး ၉၁% က ၄င်းတို့၏ လုပ်ငန်းအပေါ် ကျေနပ်မှုရရှိပြီး၊ ၇၇%မှာ ၄င်းတို့၏ လုပ်ငန်းသက်တမ်းအား ထပ်မံတိုးမြှင့်လုပ်ကိုင်လိုကြကြောင်း၊ မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများကို အခြားသောအာဆီယံနိုင်ငံများထက် ပိုမိုအကောင်းမြင်ကြကြောင်း၊ သို့သော်လည်း နေထိုင်ရေးနှင့် ရုံးခန်းငှားရမ်းခများ၊ အခြေခံအဆောက်အအုံများနှင့် ကျွမ်းကျင်လုပ်သား အရင်းမြစ်များ အကန့်အသတ်ဖြင့်သာရှိက မြန်မာနိုင်ငံတွင် နေထိုင်လုပ်ကိုင်ရန် အဓိက အဟန့်အတားများ ဖြစ်ကြောင်း သိရပါသည်။

AMCHAM မြန်မာကဏ္ဍသည် အဖွဲ့ဝင်ပေါင်း ၁၀၀ ဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံရှိ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်တာဝန်သိတတ်သော ရင်းနှီးမြုပ်နှံမှုများနှင့် ကုန်သွယ်မှုများဖြစ်မြောက်ရေးတို့ကို အားပေးကူညီဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရပါသည်။