ဘဏ်အတိုးနှုန်းကို လျှော့ချလိုက်ရင် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘဏ်တွေအနေနဲ့ ဖြစ်လာနိုင်တဲ့ Impact

တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်အောင် လုပ်တဲ့နေရာမှာ အဓိကကျတာ Economic Policy ၊ Fiscal Policy ၊ Monetary Policy စတာတွေဖြစ်ပါတယ်။ Mix Policy အနေနဲ့ ဒီသုံးခုကိုချိန်ထိုးပြီးတော့ လုပ်ရမယ်။ စီးပွားရေးမူဝါဒမှာဆိုရင် အဓိက Objective က အလုပ်အကိုင်တိုးတက်ရေးလား၊ စီးပွားရေးတိုးတက်ရေးလားဆိုတာလို ဘာကိုဦးစားပေးမှာလဲဆိုတာ ရှိပါမယ်။  Fiscal Policy ပိုင်းမှာတော့ Budget နဲ့ဆိုင်ပါတယ်။ Monetary Policy ပိုင်းမှာဆိုရင် Interest Rate က Policy Tool တစ်ခုဖြစ်သလို၊ Policy Tool တွေအနက် Open Market Operation လို့ခေါ်တဲ့ Government Bond Tool တွေ ၀ယ်တာ၊ ရောင်းတာတွေ စသည်ဖြင့် ရှိပါတယ်။

Interest Rate နဲ့ ပတ်သက်လို့ကတော့ ယေဘုယျက အနောက်နိုင်ငံတွေမှာ စီးပွားရေးကျတဲ့ Recession ဖြစ်တဲ့အခါ Interest Rate ကိုလျှော့တာ လုပ်လေ့ရှိပါတယ်။ အဲဒီလိုအချိန်မှာလည်း ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းလောက်အတွင်းမှာ စီးပွားရေးကျဆင်းတဲ့အချိန်မှာ ၀ယ်လိုအားမြှင့်တင်ပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ စီးပွားရေးလုပ်ငန်းတွေက ကိုယ်ပိုင်ပိုက်ဆံနဲ့ လုပ်တာမဟုတ်ဘူး။ စတော့ရှယ်ယာဈေးကွက်မှာ အရင်းအနှီး ရှာတယ်။ အမေရိကမှာ အခု သူတို့ Interest Rate ကို ၁ ရာခိုင်နှုန်းကနေ တင်လာတာ ၁.၂၅ ရာခိုင်နှုန်း၊ ၁.၅၀ ရာခိုင်နှုန်းအထိရောက်ပြီ။ နောက်တစ်ခါတင်ရင် 25 Basic Point တင်မယ်လို့ ဆွေးနွေးနေကြပါတယ်။ အမေရိကန်နိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှုနှုန်းက ၃ ရာခိုင်နှုန်းရောက်လာပြီ။ နောက်အလုပ်လက်မဲ့ကလည်း ပြန်ကျသွားပြီဆိုတော့ Interest Rate တိုးအား ရှိလာတယ်။ အဲဒါ ယေဘုယျသဘောတရားပါ။ ဂျပန်၊ ဥရောပနိုင်ငံတွေမှာလည်း စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့အတွက် Low Interest Rate Policy နဲ့ သွားကြတယ်။ သူတို့တိုင်းပြည်တွေက တိုးတက်တဲ့ တိုင်းပြည်တွေဆိုတော့ ဒီလိုတွေးတာ၊ လုပ်တာမှန်တယ်။

ဒီတိုင်းပြည်ကျတော့ Inflation က မြင့်တယ်။ အဲဒီလို Inflation တက်နေတဲ့အချိန်မှာ အတိုးနှုန်းက လျှော့ချလို့မရဘူး။ Inflation ကိုထိန်းရမယ်။ ဒီလိုပတ်ဝန်းကျင်အခြေအနေမှာ မူအနေနဲ့ Interest Rate Policy မူအနေနဲ့ချမယ်။ ယေဘုယျစီးပွားရေးအခြေအနေ ကြည့်ပြီးတော့ ချရင်ဘာဖြစ်မလဲ။

တစ်ဖက်တည်းကြည့်လို့မရဘူး။ ရှုထောင့်တစ်ခုတည်း ကြည့်လို့မရပါဘူး။ လုပ်ငန်းရှင်ရှုထောင့်၊ ငွေစုတဲ့ လူရှုထောင့်၊ နောက်တစ်ခုက ဘဏ်တွေရှုထောင့် စသဖြင့် ဘက်စုံကြည့်ရမယ်။

လုပ်ငန်းရှင်တွေပြောတာက သူတို့ဘာသာ လုပ်ငန်းလုပ်နေတာတောင် မမြတ်တဲ့အချိန်မှာ ချေးငွေအတွက် အတိုး ၁၃ ရာခိုင်နှုန်းပေးရတော့ ဒုက္ခဖြစ်နေတယ်လို့ ပြောတယ်။ သူတို့ မမှားပါဘူး။ သူ့ရှုထောင့်နဲ့သူပါ။ ဒါပေမဲ့ ငွေစုတဲ့လူရှုထောင့်ကကြည့်ရင် Inflation ကို ကာမိအောင်တောင် အတိုးမရရင် ဘယ်လိုအဆင်ပြေနိုင်ပါမလဲ။ Inflation က တက်နေချိန်မှာ ငွေစုတာထိုက်သင့်တဲ့ အတိုးမရရင် ဘယ်လိုလုပ်သွားစုမလဲ။ ဘယ်သူလာစုမလဲ။ အတိုးနှုန်းသက်သက်သာသာနဲ့ချေးရင် လုပ်ငန်းရှင်တွေအတွက် ကောင်းတာပေါ့။ လုပ်ငန်းရှင်တွေက စုတာမဟုတ်ဘူး။ ချေးတာ။ သူတို့ကတစ်ပန်းသာတယ်။

နောက်တစ်ခုက ငွေချေးတဲ့လူနဲ့ ငွေစုတဲ့လူနဲ့ လူတန်းစားနှစ်ခု၊ ငွေစုတဲ့လူက ငွေပိုငွေလျှံနည်းနည်းပဲရှိတဲ့ လုပ်ခစား လခစားတွေ။ ငွေချေးတဲ့လူက လုပ်ငန်းရှင်ကြီးတွေပါ။ ငွေစုတဲ့လူက အတိုးလျှော့ရပြီး ငွေချေးတဲ့ လုပ်ငန်းရှင်တွေက အတိုးနှုန်းသက်သက်သာသာနဲ့ယူမယ်ဆိုရင် ဘဏ်ရှုထောင့်ကကြည့်ရင် Equitable မဖြစ်ဘူး။ မတရားရာကျတယ်။

ဘဏ်ရှုထောင့်ကို အကြမ်းဖျဉ်းပြောရရင် ဘဏ်တွေကလည်း အပ်လာတဲ့ငွေအပေါ်မှာ အတိုးပေးပြီး ချေးယူပြီးပြန်ချေးတာ။ အဲဒီ Interest ကုန်ကျစရိတ်နဲ့ Interest က ရတဲ့ငွေနဲ့ ကြားထဲမှာ အမြတ် Margin က ဘာမှရှိတာ မဟုတ်ဘူး။ ပေးရတဲ့အတိုးနှုန်းနဲ့ ရတဲ့အတိုးနှုန်း ခြားနားခြင်း (၈ နဲ့ ၁၃ ကိုခြားလိုက်တော့) Gross က ၅ ပါ။ ငွေတစ်ရာလာစုတိုင်း ဗဟိုဘဏ်ကပြောထားတာ ၇၅ ရာခိုင်နှုန်းကိုပဲ ပြန်ချေးလို့ရနိုင်မယ်လို့ ကန့်သတ်ထားတာ ရှိပါတယ်။ ဒါကြောင့် ဘဏ်က ပြန်ချေးတဲ့ငွေအပေါ် ရတဲ့အတိုးက ၉.၇၅ ပါ။ ဘဏ်က ပြန်ပေးရတဲ့ အတိုးစရိတ်က တစ်နှစ်ဆိုရင် Fixed Deposit အတွက် ၁၀ ရာခိုင်နှုန်းပေးရတာဖြစ်ပါတယ်။ ဒီ Net Interest Margin အတိုးကုန်ကျစရိတ်နဲ့၊ အတိုးရငွေနဲ့ ၀င်ငွေနဲ့နုတ်လိုက်ရင် ဘဏ်တွေက ပျမ်းမျှ ၁ ရာခိုင်နှုန်း သာသာပဲ ရှိပါတယ်။

အတိုးနှုန်းလျှော့ချဖို့ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ချင်တဲ့ နိုင်ငံခြားဘဏ်တွေ ရှုထောင့်က တစ်မျိုးရှိပါသေးတယ်။

လက်တွေ့ကတော့ Inflation ကို မချနိုင်သရွေ့ အတိုးကတော့ချလို့မဖြစ်သေးဘူး။ ဘဏ်တွေက မြတ်တာ တစ်ကျပ်သာသာပဲရှိတယ်။ ချေးတဲ့အတိုးချရင် အပ်တဲ့ငွေအတိုးကို လိုက်ချရမှာ။ ရတဲ့ Lending Interest Rate ကို လျှော့ပြီးတော့ အပ်တဲ့ငွေမလျှော့ရင် ဘဏ်ကရှုံးပြီ။ လိုက်လျှော့ပြန်တော့လည်း ငွေစုတဲ့လူမလာဘူး။ နောက်ဆုံးတော့ Inflation မချနိုင်သရွေ့ စုငွေအတိုးနှုန်းလည်း ချလို့မဖြစ်ဘူး။ အဲဒါချလို့မရသေးရင် ချေးငွေရဲ့ အတိုးနှုန်းလည်း ချလို့မရပြန်ဘူး။

ချလိုက်ရင် ဘာဖြစ်နိုင်မလဲ။ ချလိုက်ရင် လုပ်ငန်းရှင်ကတော့ အတိုးသက်သက်သာသာရမယ်။ ငွေစုတဲ့ လူမလာဘူး။ ဘဏ်တွေရှုံးရော။ မမြတ်တော့ဘူး။

IMF ကတော့ ဒီ Interest Rate Policy ကို ပြောင်းဖို့ဆိုတာ ဖြည်းဖြည်းသွားရမယ်။ ဘဏ်အခြေအနေအရ Gradually သွားရမယ်လို့ ပြောထားတာရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ဘက်စုံကြည့်ပြီးမှ ချင့်ချိန်ဆုံးဖြတ်ဖို့လိုပါတယ်။