ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ အီးမေးလ်ဆိုင်ရာ  အလေ့အထများ

bizemail0

သင့်ရဲ့ Inbox မှာ နေ့စဉ် စာအစောင် ၁၅၀ လောက် လက်ခံရရှိတဲ့အခါ အဲဒီ Inbox ဟာ သင့်ရဲ့နေ့စဉ် လုပ်ငန်းခွင်ဘ၀မှာ ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ သင်ဟာ ကုမ္ပဏီတစ်ခုရဲ့ ဦးဆောင်သူဖြစ်နေတဲ့အခါမျိုးမှာ ပိုဆိုးပါတယ်။ အလုပ်များတဲ့လူတွေရဲ့ သူတို့ Inbox မှာ အီးမေးလ်ပြည့်လျှံမှုကို ဘယ်လိုစီမံခန့်ခွဲကြသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


bizemail1

Tim Cook

CEO

Apple Inc.

Tim ဟာ နေ့စဉ်လက်ခံရရှိတဲ့ အီးမေးလ်စောင်ရေ ခုနစ်ရာခန့်ထဲက အများစုကို ဖတ်ပါတယ်။ သူဟာ အီးမေးလ်တွေ များများဖတ်ဖြစ်အောင် နေ့စဉ်မနက် ၃း၄၅ နာရီမှာ အိပ်ရာထပါသတဲ့။ ''အဲဒီစာအများစုကို နေ့တိုင်းဖတ်တယ်။ ကျွန်တော်က အလုပ်မနားတမ်းလုပ်သူလေ'' လို့ သူက ပြောဖူးပါတယ်။


bizemail2

Jeff Weiner

CEO

LinkedIn

Jeff ရဲ့ အီးမေးလ်စည်းကမ်းက အီးမေးလ်အ၀င်နည်းချင်ရင် မိမိကလည်း အီးမေးလ်လျှော့ပို့ဖို့ပါတဲ့။ အရင်ကုမ္ပဏီမှာလုပ်တုန်းက အီးမေးလ်အသုံးများတဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦး နုတ်ထွက်သွားတဲ့အခါ Jeff ရဲ့ Inbox စာအ၀င် ၃၀ ရာခိုင်နှုန်း လျော့သွားပါတယ်။ ''ကျွန်တော်က တကယ်မလိုအပ်ရင် အီးမေးလ်မရေးပါဘူး။ ကိုယ်ပို့တဲ့စာကနည်းရင် ကိုယ့်ဆီလာတဲ့ စာလည်းနည်းပါတယ်။ Inbox ကို စစ်ဆေးရတာလည်း ပိုလွယ်တယ်။ အဲဒီစည်းကမ်းကို ကျွန်တော်အမြဲလိုက်နာတယ်''။


bizemail3

Tony Hsieh

CEO

Zappos.com

Tony ဟာ သူ့ရဲ့အီးမေးလ်တွေကို ဖြေရှင်းဖို့ သီးသန့်အမှုထမ်းလေးငါးဦးပါတဲ့ အဖွဲ့လေးထားရှိပြီး သူတို့ကို Email Ninja တွေလို့ခေါ်ကြောင်း သူနဲ့ဆုံဖူးသူ Michael Chen က ပြောပါတယ်။


bizemail4

Katia Beauchamp

Co Founder

Birchbox (Beauty-sample Subscription Service)

Katia က လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သူတို့ရဲ့ အီးမေးလ်အားလုံးအတွက် အကြောင်းပြန်ဖို့လိုအပ်ရင်အသိပေးဖို့ တိုက်တွန်းတာဟာ အချိန်ကုန်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ''ဦးစားပေးမှုလုပ်တာက ပိုမြန်စေတယ်'' လို့ သူက ပြောပါတယ်။


bizemail5

Bill Gates

Co Founder

Microsoft

Bill ဟာ နေ့စဉ် အီးမေးလ်အစောင် ၄၀/၅၀ သာ လက်ခံရရှိပါတယ်။ ''အဲဒီတော့ တချို့စာတွေကို နေ့ချင်းပြီးအကြောင်းပြန်တယ်။ တချို့ကို ညမှဖတ်ပြီး အကြောင်းပြန်တယ်။ စာတစ်စောင်ကို ခဏဘေးဖယ်ထားရင် ပြန်ဖတ်ဖို့တော့ မမေ့ပါနဲ့''။


bizemail6

Jonathan M. Tish

Executive

Loews Hotels

''ကျွန်တော့် အထက်အရာရှိပြောတာက စာရေးတဲ့အခါ စာပိုဒ်ကို "I" အက္ခရာ (ကျွန်ုပ်) နဲ့ ဘယ်တော့မှ မစပါနဲ့တဲ့။ အဲဒီလို ရေးတာဟာ မိမိပြောဆိုဆက်သွယ်တဲ့လူထက် မိမိကပိုပြီးအရေးပါကြောင်း ချက်ချင်းအသိပေးသလိုဖြစ်မယ်တဲ့။ "I" မပါဘဲ ပထမဆုံးဝါကျရေးဖို့ စဉ်းစားခြင်းက သင့်ကိုစာရေးတာ ပိုတော်စေပြီး ပြဿနာတစ်ခုကို စဉ်းစားဖြေရှင်းတတ်စေတယ်လို့ ဆိုတယ်''။


bizemail7

Jeff Bezos

CEO

Amazon

Amazon နဲ့ပတ်သက်တဲ့ကိစ္စတစ်ခုကို ဖောက်သည်တစ်ဦးက စာရေးပြီး တိုင်ကြားတဲ့အခါ Jeff က သူ့ကုမ္ပဏီက သင့်တော်တဲ့သူဆီ အဲဒီစာကို တစ်ဆင့်လွှဲပေးပြီး မေးခွန်းသင်္ကေတ (၊) ထပ်ဖြည့်ပေးလိုက်တယ်။ ''Amazon အမှုထမ်းတွေဟာ Jeff ဆီက (၊) သင်္ကေတပါတဲ့ စာကိုရရှိတဲ့အခါ ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးကို တွေ့သလို တုံ့ပြန်ကြတယ်။ သူတို့က အဲဒီပြဿနာ ဘယ်လိုဖြစ်တယ်ဆိုတာ စေ့စပ်စွာရှင်းပြဖို့ ပြင်ဆင်ရတယ်။ Jeff ဆီ အဖြေမပို့ခင် မန်နေဂျာအဆင့်ဆင့်က အကဲဖြတ်ပေးတယ်'' လို့ Business Week က ဖော်ပြတယ်။


bizemail8

Chad Dickerson

CEO

Etsy (Online Marketplace)

အွန်လိုင်းဈေးဝယ်ဆိုက် Etsy ရဲ့ CEO ဖြစ်သူ Chad ဟာ မိတ်ဆွေအသစ်တစ်ဦးနဲ့တွေ့တိုင်း သူ့ရဲ့ဆက်သွယ်ရန်လိပ်စာကို သူ့ရဲ့လိပ်စာ စာအုပ်လေးထဲမှတ်သားပြီး ဘယ်တုန်းကတွေ့ကြောင်း၊ ဘာကိစ္စဆွေးနွေးကြကြောင်းကိုပါ ရေးမှတ်ထားလေ့ရှိတယ်။ အဲဒီနည်းကြောင့် အဲဒီလူဆီစာပို့တဲ့အခါ သူရှေ့မဆက်ခင် သူတို့ရဲ့ တွေ့ဆုံမှုအကြောင်း သူတိုက်ရိုက်ရည်ညွှန်းနိုင်ပါသတဲ့။


bizemail9

Tim Amstrong

CEO

AOL Inc (American Mass Media Corporation)

Google ကုမ္ပဏီအရာရှိဟောင်း Tim ဟာ အအိပ်သိပ်မက်သူမဟုတ်ဘဲ နေ့စဉ်မနက် ၅ နာရီကျော်ကျော် အိပ်ရာကထပြီး လေ့ကျင့်ခန်းလုပ်၊ စာဖတ်၊ AOL ၀က်ဘ်ဆိုက်ကြည့်၊ စောစောနိုးတဲ့ သူ့သမီးလေးနဲ့ အချိန်ဖြုန်းပါတယ်။ မနက် ၇ နာရီလောက်ကျမှပဲ သူ့အီးမေးလ်တွေ စတင်ရေးသားပေးပို့သတဲ့။


bizemail10

Eric Schmidt

Executive Chairman

Alphabet (Formerly Google)

''ကျွန်တော်တို့သိတဲ့ အတော်ဆုံးနဲ့ အလုပ်အများဆုံး ပုဂ္ဂိုလ်အများစုဟာ သူတို့အီးမေးလ်တွေကို ချက်ချင်း စာပြန်ကြပါတယ်။ ကျွန်တော်တို့တွေ၊ ဒါမှမဟုတ် သီးသန့်ရွေးချယ်ထားတဲ့ စာပို့သူတွေချည်းမဟုတ်ဘဲ လူတိုင်းဆီ စာပြန်ပါတယ်။ ''သဘောပေါက်ပြီ''၊ ဒါမှမဟုတ် ''ရပြီ'' ဆိုတဲ့ ရိုးစင်းတဲ့အဖြေဖြစ်ရင်တော့ သင့်ရဲ့စာပြန်ခြင်းဟာ အပြုသဘောဆောင်တဲ့ ပြောဆိုဆက်သွယ်မှုဖြစ်ပြီး သိက္ခာကို ဇောင်းပေးတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။


bizemail11

Ryan Holmes

CEO and Founder

Hootsuite (Social Media Marketing and Media Dashboard)

Ryan ဟာ သူ့ Inbox ထဲမှာ စာတွေပြည့်လျှံနေတဲ့အခါ သူက '' Inbox ဒေ၀ါလီခံပြီ'' လို့ကြေညာပြီး စာအားလုံးဖျက်ပစ်ကာ အသစ်ပြန်စပါတယ်။ ဒီလိုလုပ်တာကို သူကနှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်လုပ်လေ့ရှိပြီး ဒါမျိုးလုပ်တဲ့ သူတွေအနေနဲ့ မဖတ်တဲ့စာတွေကိုဖျက်ပြီးတဲ့အခါ မိမိတို့ရဲ့ အီးမေးလ်ထိုးမြဲလက်မှတ်မှာ မှာကြားချက်ဖော်ပြပေးဖို့ အကြံပေးပါတယ်။ ''သင့်ရဲ့ နောက်ဆုံးအီးမေးလ်ကို ကျွန်ုပ်စာမပြန်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။ ပိုကောင်းတဲ့ ဆက်သွယ်ပြောဆိုသူဖြစ်လာဖို့ ကျွန်တော့် အီးမေးလ်ဒေ၀ါလီ (Email Bankruptcy) ခံလိုက်ပါတယ်'' ဆိုတာမျိုး ရေးစေချင်ပါတယ်။


bizemail12

Lars Dalgaard

General Partner 

Andreesen Horowitz (Venture Capital Firm)

Lars ဟာ သူ့အမှုထမ်းတွေကို အီးမေးလ်နဲ့ တိုင်ကြားခွင့်မပြုသူပါ။ အမှုထမ်းတစ်ဦးက လုပ်ဖော်ကိုင်ဖက်ကို မကျေနပ်တဲ့ကိစ္စ သူ့ဆီစာရေးပို့ရင် သူကတိုင်ကြားသူနဲ့ အတိုင်ခံရသူတို့နှစ်ဦးတည်း လူချင်းတွေ့ဆုံဖြေရှင်းဖို့ အကြံပေးတိုက်တွန်းပါတယ်။ လူသားပီသဖို့အတွက် မျက်နှာချင်းဆိုင်ဆွေးနွေးတာ အရေးကြီးကြောင်း သူ့နည်းဗျူဟာက အသိပေးပါတယ်။


bizemail13

Tom Patterson

CEO

Tommy John (Men’s Undershirt Company)

Tom ဟာ ရုံးတက်တဲ့ နေ့ဘက်မှာ အီးမေးလ်ဖတ်မှာမဟုတ်ကြောင်း အလိုအလျောက်မှာကြားချက် အပြီးတပ်ဆင်ထားပါတယ်။ မနက် ၉ နာရီမထိုးခင်နဲ့ ညနေ ၅ နာရီနောက်ပိုင်းမှာသာ ကျွန်တော်အီးမေးလ်စစ်တာကြောင့် စာပြန်တာ နောက်ကျလိမ့်မယ်။ သိပ်အရေးကြီးရင် ဖုန်းဆက်ပါ။ SMS ပို့ပါလို့ သူက မှာထားပါတယ်။ ''ဒီနည်းက လုပ်ငန်းနဲ့နည်းဗျူဟာအပေါ် ပိုအာရုံစိုက်ခွင့်ရတယ်။ လုပ်ငန်းခွင်မှာ မိမိရှိနေပြီး သက်ရောက်မှု ပိုဖြစ်စေတယ်။ သူများတွေတုံ့ပြန်ဖို့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်မှုဖြစ်တယ်''လို့ ဆိုပါတယ်။


bizemail14

Randi Zuckerberg

Founder

Zuckerberg Media

Randi မှာ အီးမေးလ်အတွက် အရေးကြီးတဲ့ စည်းကမ်းချက်နှစ်ချက် ထားရှိပါတယ်။

၁။ သူအိပ်ရာကနိုးပြီး မိနစ်နှစ်ဆယ်အကြာမှာ အီးမေးလ် ဖွင့်ဖတ်တယ်။

၂။ သူ့ရင်ထဲမှာ ခံစားချက်တွေ ပြည့်နေမှန်းသိတဲ့အခါ အီးမေးလ်တွေ မပို့သေးဘဲ နေလိုက်တယ်။

''သင့်စာကို နောက်တစ်ခေါက်ဖတ်ပြီး သင်မပို့ဖြစ်တဲ့အခါ သက်ပြင်းချနိုင်ပါလိမ့်မယ်'' လို့ သူက ပြောပါတယ်။


bizemail15

Arianna Huffington

Co Founder

Huffington Post

Arianna ရဲ့ရိုးစင်းရှင်းလင်းတဲ့ အီးမေးလ်စည်းကမ်းသုံးချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အိပ်ရာမ၀င်ခင် အနည်းဆုံးနာရီဝက်အလိုအတွင်း အီးမေးလ် မဖတ်တော့ဘူး။

၂။ သူနိုးနိုးချင်း အီးမေးလ်တွေ ကမန်းကတမ်း မဖတ်ဘူး။

၃။ သူ့ရဲ့သားသမီးတွေနဲ့ အတူရှိနေတဲ့အခါ အီးမေးလ်မဖတ်ဘူး။

''ကျွန်မအမေမဆုံးခင်က ကျွန်မ အီးမေးလ်ဖတ်ရင်း ကလေးတွေနဲ့ စကားပြောနေတာတွေ့လို့ အမေသိပ်စိတ်ဆိုးသွားတယ်။ ကမ္ဘာကြီးကို ပေါ့ပေါ့တန်တန်နည်းလမ်းနဲ့ ချိတ်ဆက်မှုဟာ ကျွန်မတို့ကိုယ်တိုင်ရော ကျွန်မတို့နဲ့အရင်းနှီးဆုံးဖြစ်သူတွေနဲ့ပါ ခိုင်မြဲစွာချိတ်ဆက်မှုကို အဟန့်အတားပြုတယ်''။


bizemail16

Jason Dooris

CEO

Atomic 212 (Austrailian Media Agency)

Jason က သူ့အမှုထမ်းတွေနဲ့ သူကိုယ်တိုင် အီးမေးလ်အဆက်အသွယ်မလုပ်ကြရဘူး။ ''ရုံးတွင်းက အီးမေးလ်အကုန်လုံး ဖြတ်တောက်ထားတယ်ဗျ။ ကျွန်တော်နဲ့ လေး၊ ငါးလှမ်းလောက်ဝေးတဲ့ နေရာမှာရှိတဲ့ အမှုထမ်းက စကားလာမပြောဘဲ စာပို့တာမျိုး လက်မခံဘူး။ ဒါဟာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်သွယ်ပြောဆိုဖို့ အခြေခံနည်းလမ်းမဟုတ်ဘူး'' လို့ ပြောပါတယ်။ အဲဒါအစား သူတို့ဟာ တာဝန်တွေကို စောင့်ကြည့်ဖို့၊ Wunderlist ဖိုင်တွေမျှဝေဖို့၊ Dropbox သုံးပြီး တခြားကိစ္စအတွက်  လူချင်းဆုံတွေ့ကြတယ်။         

နိုင်သီဟ