WORK FROM HOME

COVID-19 ၏ Impact တစ်ခုမှာ Physical Distancing ဖြစ်ရာရုံးခန်းများတွင် Mask တပ်ဆင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အလုပ်လုပ်ရန်ဖြစ်လာသည်။ ရုံးခန်း၊ အလုပ်တာဝန်၊ လုပ်ငန်းအခြေအနေ စသည်တို့အပေါ်မူတည်၍ မြန်မာနိုင်ငံတွင်လည်း Work-from-Home (WFH) အိမ်မှတစ်ဆင့် အလုပ်တာဝန်ထမ်းဆောင်ခြင်းကို အနည်းနှင့်အများလုပ်ဆောင်ကြရပါသည်။ WFH ၏ ရည်ရွယ်ချက်တစ်ခုမှာ ရုံးချိန်အတိုင်းအိမ်တွင် အလုပ်လုပ်ရန်ဖြစ်ပါသည်။ ထို့ကြောင့် သပ်သပ်ရပ်ရပ်ဝတ်ဆင်ရန်နှင့် အချိန်မရွေးအလုပ်နှင့်ပတ်သက်(ရွေ့) ဖုန်းပြောခြင်း၊ Zoom အပါအဝင် Video Conference များလုပ်ဆောင်ရမည်ဖြစ်ရာ ရုံးချိန်အတွင်း အမြဲအဆင်သင့်ဖြစ်နေသကဲ့သို့ အသင့်ရှိနေရန် လိုအပ်ပါသည်။ မကြာမီကပင် Google နှင့် Microsoft အပါအဝင် နည်းပညာဆိုင်ရာကုမ္ပဏီကြီးများအနေဖြင့် ၂၀၂၁ တိုင်အောင် WFH လုပ်ရန် စဉ်းစားလာကြပါသည်။

ယေဘုယျတွင် COVID-19 နှင့်ပတ်သက်ပြီး ကာကွယ်ဆေး Vaccine မထွက်မချင်း WFH ကို စဉ်းစားရမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများ၊ အစည်းအဝေးလုပ်သည့်ပုံစံမှအစ ဆက်သွယ်မှုပုံစံများ၊ ရုံးသုံးအိမ်သုံးဆိုင်ရာပစ္စည်းများ သတ်မှတ်ချက်နှင့် ဒီဇိုင်းများအားလုံးစဉ်းစားလာရမည်ဖြစ်ပါသည်။

WFH အောင်မြင်အောင်လုပ်ဆောင်နိုင်သည့် အချက် ၄ ချက်

ပုံမှန်အားဖြင့် ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ၊ နံနက်အိပ်ရာထသည်နှင့် ပြင်ဆင်ရသည့်အလေ့အထမှာ WFH ကာလတွင် ပုံစံတစ်မျိုးဖြစ်လာပြီဖြစ်ပါသည်။ အကြံပြုချက်တစ်ခုမှာ ရုံးချိန်အတိုင်းပြင်ဆင်လုပ်ကိုင်ခြင်းသည် အထိရောက်ဆုံးဖြစ်ပါသည်။ WFH ၏ လုပ်ရိုးလုပ်စဉ်တစ်ခုမှာ အခါအားလျော်စွာ Video Conferencing Tool အမျိုးမျိုး (ဥပမာ-ZOOM၊ သို့မဟုတ် …. မှတစ်ဆင့် အစည်းအဝေးလုပ်ဆောင်ခြင်းများ ပါဝင်ပါသည်။

ယေဘုယျတွင် အလုပ်လုပ်နေသူတိုင်းအနေဖြင့် စိတ်ဓာတ်ရေးရာအခြေခံလိုအပ်ချက်သုံးခုကို ဖြည့်ဆည်းလိုသည့်ဆန္ဒရှိတတ်ကြပါသည်။ ပထမလိုအပ်ချက်မှာ မိမိ၏တစ်နေ့တာအလုပ်လုပ်ချိန်ကို ရွေးချယ်ပိုင်ခွင့်နှင့်ထိန်းချုပ်နိုင်ခွင့်ဖြစ်သည့် လုပ်ပိုင်ခွင့် (Autonomy) ရှိလို ခြင်းဖြစ်ပါသည်။ ဒုတိယအချက်မှာ မိမိ၏နိစ္စဓူ၀လုပ်ဆောင်ရမည့်တာဝန်ကို အောင်မြင်စွာလုပ်ကိုင်နိုင်သည်ဆိုသည့် ကိုယ်စွမ်းကိုယ်စ (Competence) ပြလိုခြင်းဖြစ်ပါသည်။ တတိယအချက်မှာ မိမိဘဝအတွက် အရေးပါသည့် ပုဂ္ဂိုလ်၊ မိတ်ဆွေများနှင့် ဆက်စပ်နိုင်ခြင်းဆိုသည့် ဆက်နွှယ်မှု (Connection) ရှိလိုခြင်းဖြစ်ပါသည်။ ဖော်ပြပါ သုံးချက်ကို ဖြည့်စွမ်းနိုင်ပါက ကျန်းမာပျော်ရွှင် စိတ်ရွှင်လန်းပြီး စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်နိုင်ကြပါသည်။

သို့သော် COVID-19 ၏ ရိုက်ခတ်မှုကြောင့် စိန်ခေါ်မှုနှင့်လိုအပ်ချက်အသစ်များ ရင်ဆိုင်လာကြရမည်ဖြစ်သကဲ့သို့ ဆက်နွှယ်မှုဆိုသည့် မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပတ်သက်၍ မသေချာမရေရာမှုများရှိလာပြီဖြစ်ပါသည်။ ထို့ကြောင့်လည်း စိတ်ဓာတ်ရေးရာအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲလာကြပြီဖြစ်ပါသည်။ သို့သော် သုတေသနပြုလုပ်ချက်များအရ မိမိ၏နေ့စဉ်အလုပ်တာဝန်နှင့် အလုပ်နှင့် မပတ်သက်သည့်တာဝန်များကို စနစ်တကျလေ့လာ၍ အသားကျစေရန် ညှိနှိုင်းဖန်တီးဆောင်ရွက်နိုင်ပါက လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါသည်။ ထိုသို့လုပ်ကိုင်နိုင်ရန်မှာ …

(က) အခြေအနေများကို စနစ်တကျစစ်ဆေးသုံးသပ်ပါ။

လက်ရှိအခြေအနေတွင် ခက်ခဲရှုပ်ထွေးနေပါက

၁- ဘာကြောင့်လဲဆိုသည့် အကြောင်းအရင်းများကို ရှာဖွေရန်၊

၂- မိမိ၏ အခြေခံလိုအပ်ချက်များကို မည်သို့ဖြည့်ဆည်းနိုင်သနည်းဟူသည်ကို လေ့လာရန်ဖြစ်ပါသည်။ တစ်ခါတစ်ရံ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်နွှယ်မှုရှိသည်ဟု ခံစားရသော်လည်း ဖြစ်ပျက်နေသည့်အရာများကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်ကင်းမဲ့နေသည်ဟုထင်မြင်ရတတ်သည်။ တစ်ခါတစ်ရံ အကောင်းဆုံးကြိုးစားလုပ်ကိုင်သော်လည်း မည်သည့်အရာမျဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသဖြင့် ကိုယ်စွမ်းကိုယ်စပျောက်နေသည်ဟု ခံစားနေရပါသည်။ ထို့ကြောင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့်အကြောင်းအရင်းများကို ပထမဆုံးသိရန်လိုပါသည်။

(ခ) တစ်နေ့တာအတွက်ပြင်ဆင်ပါ။

တစ်နေ့တာတွင် အလုပ်နှင့်ပတ်သက်သည့်၊ သို့မဟုတ် အလုပ်နှင့်မပတ်သက်သည့်အချိန်များကို စနစ်တကျခွဲခြားရန်လိုပါသည်။ အလုပ်ချိန်တွင်အလုပ်မပြီးစီးဟုယူဆပါ။ ၁၅ မိနစ်ခန့် အလုပ်လုပ်ခြင်းကိုရပ်၍ မိမိကြိုက်နှစ်သက်သည့် သီချင်းဖြစ်စေ၊ စာအုပ်ဖြစ်စေ၊ ဗီဒီယိုရုပ်ရှင်ဖြစ်စေ စသဖြင့် အချိန်ဖြုန်းခြင်းဖြင့် မိမိ၏ကိုယ်စွမ်းကိုယ်စကို မြှင့်တင်ရန်လိုအပ်ပါသည်၊ သို့မဟုတ် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်အလုပ်နှင့်မပတ်သက်သည့် အကြောင်းပြောဆိုခြင်းဖြင့် မိမိနှင့်ဆက်နွှယ်မှုကို ပံ့ပိုးမှုဖြစ်စေပါသည်။ သုတေသနအများအရ ထိုသို့ဖန်တီးခြင်းဖြင့် အလုပ်ပိုမိုတွင်ကျယ်ကြောင်းတွေ့ရှိရပါသည်။

(ဂ) တစ်နေ့တာအလုပ်ပြီးစီးမှုနှင့် အောင်မြင်မှုကိုအာရုံစူးစိုက်ပါ။

စိတ်ရှုပ်စရာကောင်းသည့် တစ်နေ့တာတွင် မိမိ၏ကိုယ်ပိုင်ဘဝ၊ သို့မဟုတ် အလုပ်နှင့်ပတ်သက်သည့်အောင်မြင်မှုကို အာရုံစူးစိုက်ခြင်းဖြင့် ဖြတ်ကျော်နိုင်ပါသည်။ မိတ်ဆွေတစ်ဦး၊ သို့မဟုတ် မိသားစုဝင်တစ်ဦးအားကူညီခြင်းဖြင့်ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဖြင့်ဖြစ်စေ လုပ်ဆောင်ခြင်းမျိုး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိ၏ ကိုယ်စွမ်းကိုယ်စအသုံးချပြသနိုင်ခြင်းဖြင့် အခြားလုပ်ရမည့်လုပ်ငန်းကိစ္စများအတွက် ခွန်အားဖြစ်စေပါသည်။

(ဃ) အကူအညီတောင်းခံပါ။

မိမိ၏ အရင်းအမြစ်များဖြစ်သည့် အလုပ်ရှင်၊ အထက်အရာရှိ၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစု၊ မိတ်ဆွေတို့ထံမှ အကူအညီရယူခြင်းဖြင့် တစ်နေ့တာလုပ်ဆောင်ရမည့် ကိစ္စများကိုလုပ်ဆောင်ရန်ဖြစ်ပါသည်။ ဤသည်မှာ မိမိ၏ ဆက်နွှယ်မှုနှင့်လုပ်ပိုင်ခွင့်ကို အသုံးချရာလည်းရောက်ပါသည်။ အချုပ်တွင်တစ်နေ့တာလုံး အလုပ်နှင့်ပတ်သက်၍ ဦးစားပေးလုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲ WFH အလုပ်အပြင်၊ အလုပ်နှင့်မပတ်သက်သည့်ကိစ္စရပ်များကို အချိုးညီညီလုပ်ကိုင်ခြင်းသည် ‘အခြေအနေနှစ်ခု’ ဖန်တီးခြင်းမဟုတ်ဘဲ၊ ‘အခြေအနေတစ်ခု’ သာ ပေါင်းစပ်လုပ်ကိုင်သင့်ပါသည်။

WFH နှင့် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများ

WFH ကာလတွင် အဓိကအရေးအကြီးဆုံးမှာ မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်ရန် (Self-Control) ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မျော်လင့်မထားသည့် အတွေးအမြင်များ၊ စိတ်ခံစားမှုများနှင့်အပြုအမူများကြောင့် မိမိ၏ရည်မှန်းချက်များ လမ်းလွဲထိခိုက်ပျက်စီးနိုင်သည်ဖြစ်ရာ စိတ်ထိန်းချုပ်နိုင်ရန်အရေးပါလှပါသည်။ သတိပြုရန်မှာ မိမိကိုယ်မိမိထိန်းချုပ်နိုင်ခြင်းသည် ဘဝနှင့်အလုပ်အကိုင်ရှေ့ရေးအတွက် အကျိုးရှိသော်လည်း စိတ်ပိုင်းဆိုင်ရာကိုထိခိုက်မှုရှိနိုင်ပါသည်။ ပုံမှန်အလုပ်လုပ်သည်ဟုဆိုလျင် ရုံးခန်း သို့မဟုတ်၊ ဆိုင်၊ သို့မဟုတ် စက်ရံုံတွင် ဖွဲ့စည်းမှုပုံစံများရှိသော်လည်း အိမ်တွင်မူတစ်မူထူးခြားနေသည်။ ထို့အပြင် နည်းပညာသစ်များကို ကျင့်သားရနိုင်ရန် ဆောင်ရွက်ရခြင်း၊ ဆက်သွယ်မှုပုံစံများ ပြောင်းလဲလာခြင်း ၊ မိသားစုဝင်များနှင့် အလိုက်သင့်ဆက်ဆံရခြင်း၊ အိမ်မှုကိစ္စတွင် ပါဝင်ပတ်သက်နေရခြင်းနှင့် ရုံးချိန်ကဲ့သို့ စိတ်ဓာတ်တက်ကြွရန်ဆောင်ရွက်ရခြင်းစသည့် ဒုက္ခများရင်ဆိုင်ရပါသည်။ ထုံးစံအားဖြင့် ရုံးဆင်းလျင် အလုပ်နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ယေဘုယျအားဖြင့် ပတ်သက်ရန်မလိုအပ်သော်လည်း WFH တွင်မူပတ်သက်နေသေးသည်။

ထို့ကြောင့် WFH တွင် အရေးအကြီးဆုံးမှာ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကို လေ့ကျင့်ရန်လိုအပ်ပြီး အလုပ်ချိန်နှင့် သာမန်ချိန်စနစ်တကျ ခွဲခြားရမည်ဖြစ်ပြီး အလုပ်ချိန်ပြီးသည်နှင့် အလုပ်နှင့်ပတ်သက်သည့် အတွေးအခေါ်များနှင့် ဆောင်ရွက်မှုများကို အနားပေးရန် ဖြစ် ပါသည်။ ထိုသို့လေ့ကျင့်ရန် အကြံပြုသည့်အချက် တချို့မှာ

၁။ အနှောင့်အယှက်ကင်းဝေးနိုင်သည့် နေရာတစ်ခုကို သတ်သတ်မှတ်မှတ်ထားရန်။

၂။ အလုပ်လုပ်ချိန် အချိန်ဇယားဆွဲရန်၊ ထိုအချိန် ဇယားတွင် နားချိန် သီးသန့်ထည့်ဆွဲရန်။

၃။ မိသားစုရှိလျင် မိသားစုအတွက် အချိန်သတ်သတ်မှတ်မှတ်ထားရန်။

၄။ Email ဖတ်ရန်နှင့် အကြောင်းပြန်ရန် အချိန်သတ် သတ်ထားရန်။

၅။ အလုပ်ချိန်ဇယားတွင် ကော်ဖီသောက်ချိန်ကဲ့သို့ ပေါ့ပေါ့ပါးပါးရှိနိုင်သည့်အလုပ်နှင့် စတင်ရန်။

၆။ ဖြစ်နိုင်ခြေနည်းသည့် ရည်မှန်းချက်များထား၍ လုပ်ကိုင်ခြင်းကိုရှောင်ရှားရန်။

၇။ နေရာရှိလျင် အလုပ်လုပ်သည့်နေရာနှင့် အိပ်ခန်းသီးခြားခွဲထားရန် လိုအပ်ပါသည်။ အိပ်ခန်းတွင် အလုပ်လုပ်လျင် အိပ်စက်အနားယူသည့်အခါ အလုပ်နှင့်ပတ်သက်သည့်ကိစ္စရပ်များ စဉ်းစားမိသဖြင့် အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေပါသည်။ နေရာအခက်အခဲကြောင့် အိပ်ခန်းတွင်အလုပ်လုပ်ရသည့် အခြေအနေတွင် အိပ်ခါနီးအချိန်၌ အလုပ်နှင့်ပတ်သက်သည့်အရာများကို သတ်သတ်မှတ်မှတ် ခွဲခြားထားသင့်ပါသည်။

၈။ သာမန်ချိန်တွင် အလုပ်နှင့်ဆက်နွှယ်သည့် ဆက်သွယ်မှုအားလုံးကို ရှောင်ရှားရန်ဖြစ်ပါသည်။

၉။ အလုပ်ချိန်ပြီးရင် မိမိစိတ်ဝင်စားသည့်အရာ ဥပမာ- စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ မိသားစုဝင်များနှင့်အချိန်ပေးခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ခြင်းတို့ လုပ်ဆောင် ရန်ဖြစ်ပါသည်။ မိမိစိတ်ကိုထိန်းချုပ်နိုင်ခြင်းသည် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကိုအသားကျစေရန် အထောက်အကူပြုပါသည်။

WFH မိမိကိုယ်ကို ဂရုစိုက်ရမည့် အချက် ၁၀ ချက်

၁။ Email ကို ၂၄/၇ ရက်လုံးကြည့်ရှုခြင်းကို လုံး၀ ရှောင်ကြဉ်ရန်။

၂။ မိမိ၏ကိုယ်ရေးကိုယ်တာဘဝနှင့် အလုပ်ဘ၀ ရောထွေးမှုရှိတတ်သဖြင့် အလုပ်လုပ်ချိန် နာရီ အနည်းငယ်ကြာတိုင်း ကိုယ်လက်လှုပ်ရှားမှုခဏတာ လုပ်ဆောင်ရန်။

၃။ လေကောင်းလေသန့်ရရန်နှင့် အပြောင်းအလဲရှိရန်အတွက် အလုပ်လုပ်ချိန် နာရီအနည်းငယ်ကြာတိုင်း အိမ်အပြင်သို့ထွက်ထွက်ပေးရန်။

၄။ မိမိအလုပ်လုပ်သည့်စားပွဲ၊ သို့မဟုတ် အခန်းရှုပ်နေလျင် စိတ်ရှုပ်တတ်ရာအခါအားလျော်စွာ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ဆောင်ရန်။

၅။ စိတ်ပျော်ရွှင်ရန် သီချင်းဖြစ်စေ၊ စာအုပ်ဖြစ်စေ အခါအားလျော်စွာနားထောင်ရန်။

၆။ ကော်ဖီ၊ သို့မဟုတ် လက်ဖက်ရည်သောက်သုံးခြင်းသည် စိတ်ပြေလက်ပျောက်ဖြစ်စေသည့်အပြင် ခွန်အားနှင့် အာရုံစူးစိုက်မှု ရရှိစေပါသည်။

၇။ အမှောင်တွင်ထိုင်၍ အလုပ်လုပ်မည့်အစား အလင်းရှိရာ၊ အထူးသဖြင့် နေရောင်များရှိသည့်နေရာတွင် ဦးစားပေးထိုင်၍ အလုပ်လုပ်သင့်ပါသည်။

၈။ အာဟာရဖြစ်စေနိုင်သည့် မုန့်ပဲသရေစာများကို သတ်မှတ်ချိန် အချိန်ဇယားတွင် စားသုံးပေးရန်ဖြစ်ပါသည်။

၉။ နံနက်စာသည် တစ်နေ့တာအတွက် အရေးအကြီးဆုံးဖြစ်ရာ အလုပ်လုပ်သူတစ်ဦးအတွက် ကောင်းကောင်းမွန်မွန် အာဟာရရှိရှိစားသုံးသင့်ပါသည်။

၁၀။ တစ်နေ့တာလုံး အလုပ်ပြီးစီးသည့်အချိန်တွင် မိမိကိုယ်မိမိ ဂုဏ်ပြုသောအားဖြင့် အရသာရှိသည့်ညစာ စားသုံးရန်အကြံပြုလိုပါသည်။

WFH အတွက် အနှောင့်အယှက်ဖြစ်စေသည်များကို ရှောင်ရှားရန်

၁။ အလုပ်မျိုးစုံတစ်ပြိုင်နက်လုပ်ကိုင်ခြင်းကို ရှောင်ရှားရန်ဖြစ်ပါသည်။ အဓိကအားဖြင့် ဦးစားပေးရမည့်အလုပ်ကို ရွေးချယ်လုပ်ကိုင်တတ်ရန် လိုအပ်ပါသည်။

၂။ ဦးစားပေးရမည့် အလုပ်ရွေးချယ်ခြင်းသည် အရေးပါသလို မိမိ၏အချိန်ဇယားကို သတ်သတ်မှတ်မှတ် ရေးဆွဲရန်၊ လိုက်နာလုပ်ကိုင်ရန်လည်း လိုအပ်ပါသည်။

၃။ တစ်ခါတစ်ရံ မိမိထိန်းချုပ်ရန်မရနိုင်သည့် ကိစ္စရပ်များအတွက် စိတ်ပင်ပန်းခံနေမည့်အစား လက်လွှတ်လိုက်ရန် ဖြစ်ပါသည်။

၄။ လွယ်ကူပြီးစီးလွယ်သော၊ သို့မဟုတ် အရေးမပါသည့်အလုပ်များနှင့် အစပြုခြင်းဖြင့် နေ့သစ်ကို စတင်ရန်ဖြစ်ပါသည်။

၅။ မိမိ၏အလုပ်နှင့် ပင်ကိုစရိုက်နှင့်ကိုက်ညီသည့်နယ်နိမိတ်များ သတ်မှတ်ထားရန်လိုအပ်ပါသည်။ ဥပမာ- မိမိသည် နေ့လယ်မတိုင်မီ စဉ်းစားလုပ်ကိုင်နိုင်စွမ်းရှိလျင် ထိုအချိန်အတွင်း အရေးပါသည့်အလုပ်များကို ဦးစားပေးဖြေရှင်းရန်ဖြစ်ပါသည်။

၆။ မိမိ၏ အားနည်းချက်များကို သိရှိရန်ကြိုးစားရန်လိုအပ်ပါသည်။ WFH တွင် မထင်မှတ်သည့် စိတ်အနှောင့်အယှက်များကြုံတွေ့နိုင်ရာ မိမိ၏ဖြစ်နိုင်ခြေအား နည်းချက်များကို မေးခွန်းထုတ်၍ ပြင်ဆင်ထားရန်လိုအပ်ပါသည်။

၇။ အရေးကြီးသည့် စဉ်းစားရမည့်အချိန်များတွင် IT ပစ္စည်းများ ဥပမာ – လက်ကိုင်ဖုန်းတို့ကို (အသံ)ပိတ်ထားသင့်ပါသည်။

၈။ တစ်ခါတစ်ရံ စိတ်ပင်ပန်းခြင်းဖြစ်စေ၊ ဆက်လက်လုပ်ကိုင်ချင်စိတ်ကုန်ခန်းသည်ဖြစ်စေ၊ အားအင်ကုန်ခန်း သည်ဟု ထင်ရလျင်ဖြစ်စေ မိမိခန္ဓာကိုယ်၏အချက် ပေးသံများကို ဂရုတစိုက်ရှိခြင်းဖြင့် မလိုလားအပ်သော ကျန်းမာရေးအခြေအနေများကို ကာကွယ်နိုင်ပါသည်။

WFH တွင် အသုံးဝင်သည့် Pomodoro Technique

၁၉၈၀ ခုနှစ်များတွင် ကျောင်းသားတစ်ဦးဖြစ်သူ Francesco Cirillo က တီထွင်ခဲ့သည့်နည်းဖြစ်ပြီး Pomodoro မှာ အီတလီဘာသာစကားအရ ခရမ်းချဉ်သီး ဖြစ်လေသည်။ Cirillo အနေဖြင့် ကျောင်းစာများကို ဖတ်ရှုလေ့လာရာတွင် ခက်ခဲသည့်ပုစ္ဆာကို ခရမ်းချဉ်သီးအမြွှာများ ခွဲသကဲ့သို့ သေးငယ်သည့် ပုစ္ဆာများ ခွဲချခြင်းဖြင့် ခက်ခဲသည့်ပြဿနာ များကို ပြီးစီးအောင် ဖြေရှင်းနိုင်ခြင်းနည်းဖြစ်ပါသည်။

Pomodoro နည်းလမ်းမှာ …

၁။ ရှေးဦးစွာ အလုပ်များကို ၂၅ မိနစ်ခန့် အချိန်ယူ ၍လေ့လာလုပ်ကိုင်ရန်ဖြစ်ပါသည်။

၂။ ထို့နောက် ငါးမိနစ်ကြာ အနားယူရန် ဖြစ်ပါသည်။

၃။ ထိုသို့လုပ်ဆောင်ခြင်းကို အနည်းဆုံး လေးကြိမ်ထပ်လုပ်ရန်ဖြစ်ပါသည်။

၄။ ထို့နောက် ၁၅ မိနစ် မှ မိနစ် ၃၀ အထိအနားပေးပြီး အထက်ပါအတိုင်း မိမိအဆင်ပြေသလို ထပ်ခါ တလဲလုပ်ကိုင်နိုင်ပါသည်။လေ့လာချက်သုတေသနများအရ လူတချို့တွင် ၂၅ မိနစ်အစား မိနစ် ၉၀ ခန့်အချိန်ယူ၍ ရှုပ်ထွေးခက်ခဲနက်နဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်း တွေ့ရှိရပါသည်။

မောင်စီအီးအို