စိတ်ခံစားမှုစွမ်းရည် (Emotional Intelligence)

Ei

စိတ်ခံစားမှုစွမ်းရည်ကိုသုံး၍ သြဇာလွှမ်းမိုးနိုင်မှု၊ စိတ်၏ကျေနပ်မှုနှင့် အောင်မြင်မှုတို့ရရှိခြင်း (Using Emotional Intelligence to increase Influence, Fulfilment and Success)

—————————–

I.Q Intelligence ကို ဉာဏ်ရည်စွမ်းအားအဖြစ်သုံးကြရာမှ  နောက်ပိုင်းတွင် စိတ်ဓာတ်အင်အား၏ အရေးပါမှုကိုပါ တွဲဖက်၍ Emotional Intelligence (EI) ကိုပါ အလေးထားလာကြသည်။ EI ၏အရေးပါမှုမှာ မိမိ၏ခံစားမှုသိစိတ်နှင့် အခြားသူတို့၏ခံစားမှုကိုပါ အလေးထားခြင်းဖြင့် အကျိုးရှိအောင်မြင်နိုင်မည်ဖြစ်ပြီး စိတ်ကျေနပ်မှုကိုပါ ရရှိသည်။ အဓိကရရှိသည့်အကျိုးကျေးဇူးမှာ အခြေအနေကို မှန်ကန်စွာ နားလည်ကိုင်တွယ်နိုင်၍ ဆုံးဖြတ်ချက်မှန်ကန်ပြီး ကောင်းကျိုးရနိုင်မည်။ မိမိ၏စိတ်ခံစားမှု၊ တခြားသူ၏ခံစားမှုတို့ကိုပါ အသိအမှတ်ပြု၍ ကိုယ်ချင်းစာနားလည်ပေးနိုင်ပါက အောင်မြင်မှုများ ပိုရရှိနိုင်မည်။

စိတ်၏ခံစားမှုစွမ်းရည်ဖွံ့ဖြိုးမှု (Developing Emotional Intelligence)

——————————-

လူတိုင်းပင် စိတ်ခံစားမှုဆွဲအားကြောင့် ကောင်းသည့်လမ်းသို့ဖြစ်စေ၊ မကောင်းသည့်လမ်းကြောင်းသို့ဖြစ်စေ ပါနေကြရသည်။ EI အကျိုးသက်ရောက်မှုက စိတ်၏ခံစားတုံ့ပြန်မှုကို မိမိတို့အတွက် အကောင်းဆုံးဖြစ်ရန် အားပေးသည်။

စိတ်၏ခံစားမှုစွမ်းရည်

————————

ဦးနှောက်ဉာဏ်စွမ်းရည်ထက် စိတ်ခံစားမှုစွမ်းရည်က အရေးပါနိုင်သည်ဟု စိတ်ပညာရှင် Daniel Goleman က စိတ်ခံစားမှုစွမ်းရည်ငါးမျိုးကို အသေးစိတ်ဖော်ပြသည်။ ယင်းတို့မှာ . . .

၁။ မိမိစိတ်ခံစားမှုကို သိခြင်း

၂။  စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ခြင်း

၃။ အခြားသူများနှင့် မိမိကိုစိတ်ဓာတ်တက်ကြွစေခြင်း

၎။ အခြားသူ၏စိတ်ခံစားမှုကို သိရှိပြီး ကိုယ်ချင်းစာနာနိုင်ခြင်း

၅။ ဆက်ဆံရေးကောင်းမွန်ပြီး အဆက်အသွယ်မဖြတ်ခြင်း

စွမ်းရည်အဆင့်ဆင့် (The Competency Hierarchy)

———————

စိတ်ခံစားမှုစွမ်းရည်များကို ၁ မှ ၅ အထိ အဆင့်ဆင့်ဖော်ပြထားသည်မှာ စွမ်းရည်များသည် တစ်ခုအပေါ်တစ်ခု တည်ဆောက်ထား၍ ဖြစ်သည်။ ဥပမာအားဖြင့် မိမိခံစားမှုကို မိမိကိုယ်တိုင်သိရန် လိုအပ်ခြင်းစွမ်းရည် (၁)အပေါ်တွင် ခံစားမှုကိုထိန်းသိမ်းနိုင်မှုစွမ်းရည် (၂) ရှိနိုင်မည်။

အလားတူပင် မိမိတို့သည် ပထမစွမ်းရည်သုံးခုကို ပိုင်နိုင်မှသာလျှင် အခြားသူများကို စာနာနိုင်ခြင်း စွမ်းရည် (၄) ရရှိနိုင်ပြီး အကောင်းဘက်ကို ဆွဲဆောင်နိုင်မည်။ နောက်ဆုံးတွင် ပထမစွမ်းရည်လေးမျိုးလုံးရှိမှသာ ကောင်းမွန်အောင်မြင်အကျိုးရှိသော ဆက်ဆံရေးအဆင့် (၅) ဖြစ်ပေါ်နိုင်မည်။ အထက်ကတင်ပြခဲ့သော စိတ်ခံစားမှုစွမ်းရည်များကို တစ်ခုချင်းရှင်းလင်းသွားမည်ဖြစ်သည်။

၁။ မိမိစိတ်ခံစားမှုများကို ကိုယ်တိုင်သိခြင်း (Knowing your emotions – Self awareness)

————————–

မိမိခံစားခဲ့မှုများသည် မိမိ၏ဆုံးဖြတ်ချက်ချခြင်းကို အကျိုးသက်ရောက်ခဲ့သောကြောင့် မိမိခံစားမှုများကို သိနေရန်မှာ အရေးကြီးသည်။ သို့မှသာ အမှားထပ်မလုပ်မိဘဲ မှန်ကန်စွာဆုံးဖြတ်နိုင်မည်။

၂။ ခံစားမှုကို ထိန်းသိမ်းနိုင်ခြင်း (Managing emotions)

———————————-

ခံစားမှုများကိုသိသည့်အခါ ထိုအသိများကိုအသုံးပြု၍ ဆီလျော်မှန်ကန်သောတုံ့ပြန်မှုများဖြင့် တုံ့ပြန်နိုင်မည်။ သို့မှသာ ဒေါသထွက်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ၀မ်းနည်းခြင်းစသည့် မကောင်းသောစိတ်ခံစားမှုများကို ထိန်းနိုင်မည်။ ထို့ကြောင့် အပြောင်းအလဲများနှင့် ရင်ဆိုင်ရသည့်အခါ EI မှာ အရေးပါလှပေသည်။

၃။ မိမိနှင့်တခြားသူများကိုပါ စိတ်တက်ကြွမှုဖြစ်စေခြင်း (Motivating yourself and others)

——————————

ကူညီပံ့ပိုးသော၊ တက်ကြွသောအခြေအနေ ပတ်ဝန်းကျင်လိုအပ်မှုကိုသိရုံဖြင့် လုံလောက်မှုမရှိပေ။ မည်သို့အခြေအနေကို ရယူဖန်တီးရမည်ကိုပါ သိဖို့လိုပေသည်။ အခြားသူတို့ကို စိတ်ခွန်အားပေးနိုင်ရန်မှာ ထိုသူတို့ကို နားလည်မှုရှိပြီးမှ ထိုနားလည်မှုကို သင့်လျော်စွာအသုံးပြုနိုင်မည်။ သို့မှသာ အခြားသူများ၏ စိတ်ခံစားမှုကိုနားလည်မှုရှိပြီး မှန်ကန်စွာချဉ်းကပ်နိုင်မည် ဖြစ်သည်။

၎။ အခြားသူများ၏ စိတ်ခံစားမှုကိုသိရှိနားလည်ပြီး ကိုယ်ချင်းစာနာမှုကို ပြသနိုင်ခြင်း (Recognizing emotions in others and showing empathy)

———————

အခြားသူများ၏ယုံကြည်မှု၊ ပါဝင်မှုနှင့် အလေးထားမှုကိုရရန်မှာ သူတို့၏စိတ်ခံစားမှုကို နားလည်ပြီးမှန်ကန်စွာ တုံ့ပြန်နိုင်မှုပင်ဖြစ်သည်။

၅။ မှန်ကန်သော ဆက်ဆံရေးဖြင့် အဆက်အသွယ်ခိုင်မြဲခြင်း (Handling Relations and staying connected)

——————

လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံတိုင်း စိတ်ခံစားမှု အပြန်အလှန်ရှိမြဲဖြစ်သည်။ ယင်းဆက်ဆံမှုမှ အကျိုးသက်ရောက်မှုလည်း ရှိမြဲဖြစ်သည်။ ခံစားမှုကောင်းခြင်း၊ မကောင်းခြင်း ဖြစ်နိုင်သည်။ ထိုဖြစ်ပေါ်သော ခံစားမှုမှ လျှို့ဝှက်သော့ချက်ဟုဆိုနိုင်သောဖြစ်ပေါ်မှုကြောင့် ပိုမိုကောင်းမွန်သောဆက်ဆံရေး ရရှိနိုင်သည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)