ဗြိတိသျှကုမ္ပဏီများ၏ ပိရမစ်ပြိုလဲသွားသည့်အတွက် ဒေါ်လာသန်းနှင့်ချီ၍  ဆုံးရှုံးကြရသော တရုတ်ရင်းနှီးမြှုပ်နှံသူများ

အနောက်တိုင်းရဲ့ အဆင့်အတန်းတွေအပေါ် ယုံကြည်မှုကို ခုတုံးလုပ်ပြီး ကျကျနနကြိုတင်စီစဉ်ထားတဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လိမ်လည်မှုတစ်ခုမှာ အခုမှစပြီး ငွေကြေးချမ်းသာလာတဲ့ အာရှတိုက်သားတွေဟာ အဓိကသားကောင်တွေ သွားဖြစ်ခဲ့ပါတယ်။

chinainvestor1

ဧပြီလရဲ့ တနင်္ဂနွေတစ်ရက်မှာ ရှန်ဟိုင်းမြို့ အပြင်ဘက်က Tongli Lakeview ဟိုတယ်မှာ မနက်စာ စားနေတဲ့ David Byrne ကို ဒေါသထွက်နေတဲ့ Customer တစ်ယောက်က စောင့်နေပါတယ်။

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ ဗြိတိသျှလူမျိုး David ဟာ ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်း (Product) တွေကို ရောင်းပါတယ်။ အရင်နေ့ကသူဟာ ဟိုတယ်ထဲမှာ ခန်းလုံးပြည့်ရှိနေတဲ့ Customer ဖြစ်ဖို့ အလားအလာရှိတဲ့လူတွေကို  သူ့ကိုယ်သူ နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ငန်းကြီးတစ်ခုရဲ့ လန်ဒန်ရုံးထိုင်အကြီးအကဲတစ်ယောက်အဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီလုပ်ငန်းကြီးရဲ့ ၀က်ဘ်ဆိုဒ်က တော်တော်မြင့်မားတဲ့ အကျိုးအမြတ်တွေကို ပြန်ပေးမယ်လို့ ကမ်းလှမ်းနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဇိမ်နဲ့မနက်စာစားနေတဲ့ မစ္စတာ Byrne ကို စောင့်နေတဲ့ Tang Hongde ကတော့ သူဦးဆောင်နေပါတယ်လို့ စောစောပိုင်းက အဲဒီဗြိတိသျှလူမျိုး Byrne ပြောခဲ့တဲ့ တခြားစီးပွားရေးလုပ်ငန်းတစ်ခုအကြောင်းကို ပြောချင်နေတာဖြစ်ပါတယ်။

EuroFX လို့ခေါ်တဲ့ အဲဒီလုပ်ငန်းကလည်း နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး အကျိုးအမြတ်တွေ အများကြီးပြန်ရလိမ့်မယ်လို့ ကတိပေးထားခဲ့တာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ တရားဥပဒေဆိုင်ရာ တရုတ်အာဏာပိုင်တွေက အဲဒါဟာ ရင်းနှီးမြှုပ်နှံသူအဟောင်းတွေကို ပေးဖို့အတွက် ရင်းနှီးမြှုပ်နှံသူ အသစ်တွေဆီကငွေကို ပြန်အသုံးချတဲ့၊ တစ်နည်းအားဖြင့် ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့ ပိရမစ်စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိထားတဲ့ တရုတ်အရာရှိတစ်ယောက်က ဒါဟာ တစ်ကမ္ဘာလုံးမှာ လုပ်နေတဲ့လိမ်လည်မှုလည်း ဖြစ်ချင်ဖြစ်ခဲ့မယ်လို့ ပြောပါတယ်။

ဒီနေ့အထိဆိုရင် EuroFX နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုပေါင်း အနည်းဆုံး ၃၁၉ မှုကို ရဲတပ်ဖွဲ့မှာ လက်ခံရရှိနေပြီလို့ တရုတ်ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေက ပြနေပါတယ်။ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ စုစုပေါင်းယွမ် ၄၅၅ သန်း (အမေရိကန်ဒေါ်လာသန်း ၇၀ ၊ ထိုင်းဘတ် ၂ ဒဿမ ၃၇ ဘီလီယံ) ရှိမယ်လို့ ရဲကခန့်မှန်းထားပြီး တရားမ၀င်တဲ့ ရန်ပုံငွေစုဆောင်းကောက်ခံမှုနဲ့ ဖမ်းဆီးမိန့်ပေါင်း ၂၃ ခုကို ထုတ်ထားခဲ့ပါတယ်။

အဲဒီတိုင်ကြားမှုတွေဟာ အပေါ်ယံလောက်ပဲ ရှိသေးတယ်လို့ တချို့ရင်းနှီးမြှုပ်နှံသူတွေက ပြောကြပါတယ်။ ရှန်ဟိုင်းက အုပ်စုတစ်စုဟာ တရုတ်နိုင်ငံက သားကောင်ပေါင်းအနည်းဆုံး ၃,၇၀၀ လောက်ရဲ့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းခဲ့သလို အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအထိ နိုင်ငံပေါင်း ကိုးနိုင်ငံမှာရှိတဲ့ တခြားလူတွေက သူတို့လည်း EuroFX ရဲ့ ထောင်ချောက်ထဲမှာမိခဲ့တယ်လို့ ပြောကြပါတယ်။ အားလုံးကို ပေါင်းလိုက်ရင် သူတို့ဆုံးရှုံးခဲ့တဲ့ ငွေပေါင်းဟာ ဒေါ်လာ တစ်ဘီလီယံကျော်တယ်လို့ ပြောကြပါတယ်။ သူတို့အထဲက ၃၅ ယောက်ကို  Reuters က စကားပြောခဲ့ပြီး သူတို့ရဲ့ဖြစ်ရပ်တွေက သူတို့ခံခဲ့ရတဲ့ ဒုက္ခတွေ တသီကြီးကို ဖွင့်ချပြခဲ့ပါတယ်။ ''လူတော်တော်များများဟာ သူတို့မစားရက်မသောက်ရက် စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ'' လို့ ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် တခြားလူတွေကို အားပေးမှုနဲ့ သူကိုယ်တိုင်အဖမ်းခံခဲ့ရတဲ့ အသက် ၅၀ အရွယ် တရုတ်အမျိုးသမီးကြီးတစ်ယောက်က ပြောပါတယ်။

EuroFX ဟာ တရုတ်နိုင်ငံက လောလောလတ်လတ် ချမ်းသာလာခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ လူတွေကြားမှာ မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ မြောက်မြားစွာသော လိမ်လည်မှုတွေထဲက တစ်ခုသာဖြစ်ပါတယ်။ ဒါပေမဲ့ EuroFX ဟာ ဗြိတိန်နိုင်ငံနဲ့ပတ်သက်နေတဲ့အတွက် တခြားအမှုတွေထက်ပိုပြီး ထင်ရှားပေါ်လွင်ခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေ ကိုင်တွယ်နေတဲ့ လိမ်လည်မှုလို့သံသယရှိနေတဲ့အမှုဆယ်မှုထဲမှာ ဒီအမှုဟာ အနောက်နိုင်ငံကကုမ္ပဏီတစ်ခုနဲ့ အနောက်နိုင်ငံတွေရဲ့ ပြယုဂ်နဲ့ ပတ်သက်နေတဲ့ပထမဆုံးအမှု ဖြစ်ပါတယ်။

လိမ်လည်မှု . . .

မစ္စတာ Byrne က သူ့ကိုယ်သူ EuroFX  ရဲ့ CEO အဖြစ် ပြောထားခဲ့တာဖြစ်ပါတယ်။ သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးမေးမြန်းစစ်ဆေးခဲ့ပြီး အာမခံနဲ့လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ထွက်သွားခွင့်ကိုတော့ ပိတ်ပင်ထားခဲ့ပါတယ်။ သူဟာတကယ်တော့ တာဝန်ခံတစ်ယောက်မဟုတ်ပါဘူးလို့ မေလမှာ သူက Returns သတင်းဌာနကို ပြောခဲ့ပါတယ်။ 'လုပ်ပိုင်ခွင့်အပြည့်အ၀' ရှိတဲ့ တခြားဗြိတိသျှလူမျိုးတစ်ယောက် သူ့အထက်မှာရှိတယ်လို့ သူကပြောခဲ့ပေမဲ့ အဲဒီပုဂ္ဂိုလ်က EuroFX အရေးကိစ္စဟာ သူနဲ့ပတ်သက်မှုမရှိကြောင်း၊ သူဟာ သြစတြေးလျနိုင်ငံသားတစ်ယောက်အတွက် အာရှတိုက်သားတချို့ကို အကူအညီပေးနေတာသာဖြစ်ကြောင်း ထွက်ဆိုပြီး ငြင်းခဲ့ပါတယ်။

အာဏာသက်ရောက်မှုချင်းမတူတဲ့ နယ်မြေတွေကြားမှာ ငွေကြေးတွေအလွယ်တကူ စီးသွားနေတဲ့ ကမ္ဘာတစ်ခုရှိပြီး အဲဒီကမ္ဘာထဲက ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေရဲ့ကြားမှာရှိတဲ့ ဟာကွက်တွေထဲမှာ သူခိုးတွေ ဘယ်လိုခိုအောင်းနိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်ကပြနေပါတယ်။ EuroFX ဟာ လန်ဒန်က လိပ်စာတွေကတစ်ဆင့် သူ့ကိုယ်သူကြော်ငြာပြီး သူ့ရဲ့ဈေးကွက်ကို ချဲ့ထွင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီအနေနဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ကြော်ငြာနေသရွေ့ ဗြိတိသျှအာဏာပိုင်တွေက သူတို့ရဲ့ အာဏာသက်ရောက်တဲ့ နယ်မြေအပြင်ဘက်မှာ ရှိနေတယ်လို့ ယူဆပါတယ်။ တရုတ်နိုင်ငံမှာ အလိမ်ခံရတဲ့လူတွေတော်တော်များများက တိုင်ကြားခဲ့တဲ့ပြည်နယ်တွေမှာပဲ ရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့ကြပါတယ်။

အလိမ်ခံရတယ်ဆိုတဲ့သူတွေထဲက တစ်ယောက်ကတော့ EuroFX ထဲကို ဒေါ်လာတွေသန်းနဲ့ချီပြီး ထည့်ခဲ့ပါတယ်လို့ ပြောတဲ့ Zhang Fushang ပဲ ဖြစ်ပါတယ်။ သူဟာ တခြားလူတွေရဲ့ကိုယ်စား ရင်းနှီးမြှုပ်နှံပေးပြီးတဲ့နောက်မှာ သူတို့ရဲ့ ကြွေးတွေကို ပြန်မဆပ်ဘူးဆိုပြီး အဲဒီလူတွေကတရားစွဲတာကို ခံခဲ့ရပါတယ်။ သူက ငွေတွေချေးပြီးရင်းနှီးမြှုပ်နှံခဲ့တဲ့ သူ့ရဲ့ နှမဖြစ်သူ၊ အသက် ၅၉ နှစ်ရှိပြီး မြေးတွေလည်းရှိတဲ့ Zhang Guiling ကို အမှုထဲကို ဆွဲသွင်းခဲ့ပါတယ်။ Guiling ရဲ့ စာရင်းကို ၂၀၁၃ ခုနှစ်မှာ EuroFX က ပိတ်ပစ်ခဲ့တဲ့အတွက် ငွေတွေပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့ကိုငွေချေးထားတဲ့ လူတွေက သူ့နောက်ကို လိုက်လာခဲ့ကြပါတယ်။

“Guiling ရဲ့သားဖြစ်သူက Guiling ကို အပြစ်တင်ပါတယ်။ ချွေးမဖြစ်သူကလည်း Guiling ကိုပဲ အပြစ်တင်ပါတယ်။ ယောက်ျားဖြစ်သူကလည်း Guiling ကိုစကားမပြောတော့ဘူး။ သမီးဖြစ်သူကလည်း Guiling ကိုမုန်းနေပါပြီ'' လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက Guiling သူ့ကိုယ်သူ သတ်သေသွားပါတယ်။ အဲဒီသေဆုံးမှုဟာ EuroFX နဲ့ ပတ်သက်နေခဲ့သလားဆိုတာကိုတော့ Reuters က အတည်မပြုနိုင်ခဲ့ပါဘူး။

ညလုံးပေါက် မအိပ်ဘဲစောင့်ကြသူများ . . .

၂၀၁၃ ခုနှစ်တုန်းက ရင်းနှီးမြှုပ်နှံသူတွေက ရုပ်ရှင်ရိုက်ယူထားတဲ့အစည်းအဝေးတစ်ခုထဲမှာ သူဟာ နိုင်ငံခြားငွေတွေကို ထူးခြားတဲ့နည်းလမ်းတွေနဲ့ရောင်းဝယ်နေတဲ့ EuroFX ရဲ့ CEO အဖြစ် ဆောင်ရွက်နေတာပါလို့ မစ္စတာ Byrne က သူ့ကိုယ်သူဖော်ပြသွားခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ ဗြိတိန်နိုင်ငံမှာမှတ်ပုံတင်ထားတဲ့ Euro Forex ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးရဲ့ ‘အကြံပေး CEO’ တစ်ယောက်သာဖြစ်ပြီး အဲဒီကုမ္ပဏီနာမည်ရဲ့အတိုကောက်အနေနဲ့သာ EuroFX ဆိုတဲ့ နာမည်ကို သုံးခဲ့တာဖြစ်ပါတယ်လို့ သူက ပြောနေပြန်ပါတယ်။

ဒီငွေတွေဆီက ဘယ်သူတွေ အမြတ်ထွက်သွားခဲ့သလဲဆိုတာကို လိုက်ကြည့်ရမယ့်လမ်းကြောင်းကတော့ မှုန်ဝါးလွန်းနေပြီဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ထဲမှာ ဟောင်ကောင်က ကုမ္ပဏီတွေနဲ့ ဘဏ်စာရင်းတွေထဲကို ငွေတွေထည့်ခဲ့ကြတယ်ဆိုတာကို Reuters သတင်းဌာနက တွေ့ခဲ့ရတဲ့ ဘဏ်စာရင်းရှင်းတမ်းတွေက ပြနေပါတယ်။ သူတို့ထည့်ခဲ့ကြတဲ့ငွေပမာဏဟာ သူတို့ရဲ့ အွန်လိုင်းပေါ်က EuroFX စာရင်းပေါ်မှာ ပေါ်နေခဲ့ပါတယ်။ အဲဒီစာရင်းထဲက ရန်ပုံငွေလက်ကျန်တွေဟာ နေ့တိုင်းတက်နေခဲ့ပြီး နိုင်ငံခြားငွေရောင်းဝယ်မှုဆီကအမြတ်တွေကို ထင်ဟပ်နေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အမြတ်တွေကိုပြန်ထုတ်ဖို့အတွက် သူတို့ဟာ EuroFX ကသတ်မှတ်ပေးတဲ့ ဘဏ်တွေမှာ စာရင်းဖွင့်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောခဲ့ပါတယ်။ စောစောပိုင်းက ရင်းနှီးမြှုပ်နှံခဲ့သူတွေဟာ အဲဒီစာရင်းတွေကနေ ငွေတွေထုတ်လို့ ရခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ငန်းကို သူတို့ဆိုင်းငံ့လိုက်တယ်လို့ EuroFX က ရင်းနှီးမြှုပ်နှံသူတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဘာငွေကိုမှ ထုတ်လို့မရကြတော့ပါဘူး။ သူတို့ရဲ့ EuroFX စာရင်းထဲမှာရှိတဲ့ ရန်ပုံငွေလက်ကျန်တွေဟာ အပိတ်ခံလိုက်ရပြီး ဘာအရောင်းအ၀ယ်မှမရှိခဲ့သလို ဖြစ်သွားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတစ်ယောက်ချင်းက ရင်းနှီးမြှုပ်နှံဖို့ သူတို့ကို တိုက်တွန်းအားပေးခဲ့တဲ့လူတွေကို စပြီးတိုင်ကြားခဲ့ပါတယ်။ မစ္စတာ Zhang ရဲ့အမှုမှာ တိုင်ကြားမှုတွေဟာ တရားမမှုတွေဖြစ်ပါတယ်။ စောစောပိုင်းမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေဟာ ရဲက ဖမ်းဆီးဖို့အလိုရှိနေတဲ့ လူ ၂၃ ယောက်ထဲက ဖြစ်နေပါတယ်။ အဲဒီလူတွေတော်တော်များများက နိုင်ငံပြင်ပကို ထွက်ပြေးသွားကြပါပြီ။

ရင်းနှီးမြှုပ်နှံသူတွေက ငွေတွေထည့်ပေးခဲ့တဲ့ ကုမ္ပဏီတွေထဲကနှစ်ခုဟာ ၂၀၁၄ ခုနှစ်က တရားဝင် ဖျက်သိမ်းသွားပြီးပါပြီ။ အဲဒီကုမ္ပဏီတွေမှာရှိတဲ့ အိန္ဒိယလူမျိုး ဒါရိုက်တာတွေဆီကိုလိုက်ဖို့ လက်လှမ်းမမီတော့ပါဘူး။ ဘဏ်တွေကတော့ ဝေဖန်ချက်ပေးဖို့ ငြင်းဆိုကြပါတယ်။

ဧပြီလက တရုတ်နိုင်ငံမှာ မစ္စတာ Byrne ကို ရှာလို့တွေ့ရတဲ့အချိန်မှာ ရှန်ဟိုင်းကရင်းနှီးမြှုပ်နှံသူတွေက သူ့ကိုမေးမြန်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကိုပြောခဲ့ကြပါတယ်။

သူတို့ထဲကတစ်ဖွဲ့ဟာ ညလုံးပေါက်ဆွေးနွေးညှိနှိုင်းရင်း မနက်လင်းသွားခဲ့ပါတယ်။ သူတို့က သူ့ကို ဖမ်းဖို့ကြိုးစားဖို့ ရဲတပ်ဖွဲ့ကိုတောင်းဆိုခဲ့ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ဟာ ဟိုတယ်ကိုသွားခဲ့ပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဘာဝေဖန်ချက်မှလည်း မပေးခဲ့ပါဘူး။

နောက်တစ်နေ့မနက်မှာ မစ္စတာ Tang ဟာ စောင့်ကြည့်ရင်း ဧည့်ခန်းထဲမှာရှိနေခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူ နောက်တစ်ယောက်ကတော့ လေဆိပ်မှာစောင့်ကြည့်နေခဲ့ပါတယ်။

“David က သူ့ရဲ့လက်ဆွဲအိတ်ကို ကားထဲကိုထည့်နေတဲ့အတွက် ကျွန်တော်ကသူ့ဆီကိုပြေးသွားပြီး လက်ဆွဲအိတ်ကို ဆွဲထားပါတယ်။ 'ခင်ဗျားသွားလို့ မရဘူး David ။ ခင်ဗျားကိုလိမ်လည်မှုနဲ့သံသယရှိနေတယ်' လို့ ကျွန်တော်က ပြောလိုက်တယ်'' လို့ မစ္စတာ Tang ကပြောပါတယ်။

မစ္စတာ Byrne က ဘာမှပြန်မပြောပါဘူး။ သူ့ကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ်ပါပဲ။ နောက်ဆုံးမှာ ရဲကသူ့ကိုခေါ်ပြီး မေးမြန်းပါတယ်။ အခုဆိုရင် ဒီအမှုကို တရားစွဲနိုင်မယ့်အထောက်အထားတွေကို ပြင်ဆင်နေပြီလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ရှန်ဟိုင်းမှာရှိတဲ့ ဗြိတိသျှကောင်စစ်ဝန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကတော့ ကောင်စစ်ဝန်ရုံးအနေနဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက်ကို အကူအညီ ပေးနေပါတယ်လို့ ပြောပါတယ်။

Cook ၊ Orchard နှင့် Byrne . . .

၂၀၁၂ ခုနှစ်၊ ဇွန်လမှာ EuroFX ရဲ့အကြောင်းကို သူတို့ပထမဆုံးကြားဖူးခဲ့ပါတယ်လို့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။ EuroFX က လက်ကမ်းစာစောင်တွေကို တရုတ်ဘာသာနဲ့ ရောင်စုံပုံနှိပ်ထားပြီး အဲဒီအထဲမှာ အကျိုးအမြတ် ကောင်းကောင်းတွေကိုရမယ်လို့ ကြိုတင်ခန့်မှန်းပေးထားတာကို Reuters က တွေ့ခဲ့ရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာတစ်သောင်းအတွက် တစ်လကိုအကျိုးအမြတ် ၆ ရာခိုင်နှုန်း မျှော်လင့်ထားနိုင်ပါတယ်။ ဒေါ်လာတစ်သိန်းအတွက်ဆိုရင်တော့ အကျိုးအမြတ်က ၁၂ ရာခိုင်နှုန်းအထိ တက်သွားပါတယ်။ လအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ သီးခြား EuroFX Product တစ်ခုက ဒေါ်လာ ၂၅၀,၀၀၀ ရင်းနှီးမြှုပ်နှံတဲ့လူတိုင်းကို အကျိုးအမြတ် ၁၆ ရာခိုင်နှုန်းအထိရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီလက်ကမ်းစာစောင်တွေထဲမှာ EuroFX ဟာ နိုင်ငံခြားငွေရောင်းဝယ်မှုလုပ်ငန်းမှာ အတွေ့အကြုံ ၁၃ နှစ်ရှိနေပြီလို့ ကြွားဝါပြီးရေးသားထားပါတယ်။

အမှန်မှာတော့ EuroFX ဆိုတဲ့ကုမ္ပဏီဟာ တကယ်မရှိပါဘူး။ EuroFX ဆိုတာဟာ Euro Forex ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးရဲ့ Brand Name ဖြစ်တယ်လို့ လက်ကမ်းစာစောင်ထဲမှာပြောထားပါတယ်။ အဲဒီ ကုမ္ပဏီဟာ လွန်ခဲ့တဲ့တစ်လလောက်ကပဲ ဖျက်သိမ်းသွားတဲ့အတွက် သြစတြေးလျလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ Bryan Cook က ၀ယ်လိုက်တဲ့၊ ကုမ္ပဏီတစ်ခုသာဖြစ်တယ်လို့ အဲဒီအရောင်းအ၀ယ်ကို ကိုယ်စားလှယ်အဖြစ် စီစဉ်ပေးခဲ့တဲ့ Eurofinanzza အကြံပေးလုပ်ငန်းကြီးက ပြောပါတယ်။

လန်ဒန်ရုံးခွဲကို စီမံကွပ်ကဲဖို့ ဗြိတိသျှရှေ့နေ David Orchard က သူ့ကို ငှားရမ်းခဲ့တဲ့အတွက်ကြောင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ဒီစီမံကိန်းထဲကို ၀င်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံက သူ့ရဲ့ကိုယ်ပိုင်နိုင်ငံခြားငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ ငွေကြေးသရုပ်ခွဲပညာရှင်တစ်ယောက်ဖြစ်တဲ့ မစ္စတာ Byrne က Reuters ကို ပြောခဲ့ပါတယ်။ ''လူသစ်စုဆောင်းတဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ စာရွက်စာတမ်းလုပ်ငန်းတွေအားလုံးကို မစ္စတာ Orchard ကပဲ ကိုင်ထားခဲ့တာပါ'' လို့ မစ္စတာ Byrne က ပြောပါတယ်။

Euro Forex ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးမှာရှိတဲ့ သူ့ရဲ့အကြီးအကဲဟာ ဘယ်သူလဲလို့မေးတဲ့အခါမှာတော့ “Orchard မှာ လုပ်ပိုင်ခွင့်အပြည့်အ၀ရှိပါတယ်။ အရာရာကိုသူကပဲ အာဏာပိုင်တစ်ယောက်လို လုပ်နေတာပါပဲ'' လို့ သူက ပြန်ဖြေပါတယ်။

ဒီအချက်ကို မစ္စတာ Orchard ရဲ့ရှေ့နေက ငြင်းဆိုခဲ့ပြီး မစ္စတာ Orchard ဟာ သူကိုယ်တိုင်သိပါလျက်နဲ့ လိမ်လည်မှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။

အရင်တုန်းက လုပ်ငန်းအပေးအယူတွေမှာ မစ္စတာ Byrne ကို သူသိခဲ့ကြောင်း၊ မစ္စတာ Byrne အလုပ်မရှိ ဖြစ်နေတဲ့အချိန်၂၀၁၂ ခုနှစ်နွေရာသီက လန်ဒန်မြို့ထဲမှာ သူနဲ့ဝင်တိုးမိခဲ့ကြောင်း၊ ဇွန်လမှာ မစ္စတာ Orchard က Reuters ကို ပြောခဲ့ပါတယ်။ ''လန်ဒန်ရုံးကို စီမံခန့်ခွဲပြီးကူညီနိုင်မယ့်၊ နိုင်ငံခြားငွေဆိုင်ရာမှာ ကျွမ်းကျင်မှုရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကျွန်တော်တို့က သူ့ရဲ့နာမည်ကို တင်ပြခဲ့ပါတယ်'' လို့ မစ္စတာ Orchard က ပြောပါတယ်။

မစ္စတာ Orchard ဟာ မစ္စတာ Cook ကိုလည်း သူသိတယ်လို့ပြောပြီး မစ္စတာ Cook ရဲ့ ဖောက်သည်တွေကို ရုံးခန်းတွေငှားရမ်းရာမှာကူညီဖို့ တခြားကုမ္ပဏီတွေကို Euro Forex ဆိုတဲ့နာမည်တွေထည့်ပြီး တည်ထောင်ခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ Cook ရဲ့ မလေးရှားကုမ္ပဏီက အဲဒီငွေတွေကို သူ့ဘာသာ ပေးချေနိုင်တဲ့အတွက် အဲဒီကုမ္ပဏီတွေဟာ အဆောက်အအုံတွေအတွက် ငှားရမ်းခပေးတာကို ကျင့်သားမရခဲ့ပါဘူးလို့ နောက်ဆုံးမှာ မစ္စတာ Orchard က ပြောပါတယ်။

အသင်းအဖွဲ့တွေ ဖွဲ့ကြတဲ့လမ်းကြောင်းဟာ ဗြိတိန်နိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကုမ္ပဏီဖွဲ့စည်းရေး ကိုယ်စားလှယ်တွေ၊ အမည်ခံဒါရိုက်တာတွေ၊ ဒါမှမဟုတ် နိုင်ငံခြားမှာရှိတဲ့အစုရှယ်ယာရှင်တွေရဲ့ နာမည်တွေနဲ့လုပ်ထားတဲ့ တခြား Euro Forex ကုမ္ပဏီတစ်စုကို ပေါ်ပေါက်စေခဲ့ပါတယ်။ သူတို့ရဲ့ ဒါရိုက်တာတွေနဲ့ လိပ်စာတွေဟာ မကြာခဏ ပြောင်းလဲခဲ့ပါတယ်။ တချို့ဟာ လှုပ်ရှားမှုဘာမှမရှိပါဘူး။ ဒါမှမဟုတ် ခပ်မြန်မြန်ပိတ်ပစ်ကြပါတယ်။ တချို့ကတော့ သူတို့ရဲ့နာမည်တွေကို ပြောင်းပစ်ကြပါတယ်။

Heron တာဝါ . . .

၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ Euro Forex ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းကြီးဟာ လန်ဒန်မြို့က အမြင့်ဆုံးအဆောက်အအုံကြီးဖြစ်တဲ့ Heron တာဝါကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှာပဲ ကုမ္ပဏီဟာ သူ့ရဲ့မှတ်ပုံတင်ထားတဲ့ရုံးကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရာနဲ့ချီပြီးရှိနေတဲ့ Mayfair ခရိုင်က Bruton လမ်းကို ပြောင်းလိုက်ပါတယ်။

အဲဒီနောက်မှာတော့ EuroFX ဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ လန်ဒန်ကိုလေယာဉ်နဲ့လာအောင် စလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလလယ်မှာ လာရောက်လည်ပတ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ Heron တာဝါရုံးရဲ့ ၂၁ ထပ်မှာရှိတဲ့ EuroFX ရဲ့လိုဂိုတံဆိပ်ကြီးရှေ့မှာ မစ္စတာ Byrne နဲ့ မစ္စတာ Orchard တို့ရဲ့ ဓာတ်ပုံတွေကို ရိုက်ခဲ့ကြပါတယ်။ သူ့အနေနဲ့ အဆောက်အအုံဥပစာတွေကို လွှဲပြောင်းပေးဖို့သာ အဲဒီနေရာမှာ ရှိနေခဲ့တာဖြစ်တဲ့အတွက် အဲဒီဧည့်သည်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေဖြစ်တယ်ဆိုတာကို သူမသိခဲ့ပါဘူးလို့ မစ္စတာ Orchard ကပြောပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလက EuroFX ရဲ့ စရိတ်နဲ့ အဲဒီလိုခရီးမျိုးတစ်ခေါက် သွားဖူးခဲ့ပါတယ်လို့ မစ္စတာ Zhang ကပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ တရုတ်စားသောက်ဆိုင်တွေမှာ စားသောက်ခဲ့ရတာတွေကို သူကပြန်ပြောပြပါတယ်။  'ကုန်တိုက်ကြီးတွေမှာဈေးဝယ်ဖို့ ကျွန်တော်တို့ကို ခေါ်သွားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းခုနှစ်ရာက ရှေးဟောင်းရဲတိုက်ကြီးတစ်ခုဆီကို ခေါ်သွားပါတယ်။ ကိန်းဘရစ်ခ်ျတက္ကသိုလ်ကိုလည်း ခေါ်သွားပါတယ်'' လို့ သူကပြောပါတယ်။

အဲဒီလမှာ EuroFX ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းကြီးက ကုမ္ပဏီရဲ့မှတ်တမ်းထဲမှာ မတည်ငွေအဖြစ် ထည့်ဝင်ငွေပေါင်း ပေါင်ဆယ်သန်း (ထိုင်းဘတ်ငွေ ၄၅၅ သန်း) ရှိပါတယ်လို့ အစီရင်ခံခဲ့ပါတယ်။

လန်ဒန်ကိုသွားလည်ပြီးတဲ့အခါ ဒေသခံအနုပညာရှင်တွေ လာရောက်ဖြေဖျော်တဲ့ အာရှတိုက်က ညစာစားပွဲတွေမှာ မစ္စတာ Byrne ကစကားပြောခဲ့ပါတယ်။ ''ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာ David (Byrne) နဲ့ အဲဒီတခြားနိုင်ငံခြားသားတွေဟာ အမြဲတမ်းဆွေးနွေးပွဲတွေကိုကျင်းပနေခဲ့ပြီး အဲဒီဆွေးနွေးပွဲတွေကို အခမဲ့တက်လို့ရပါတယ်'' လို့ မစ္စတာ Zhang ကပြောပါတယ်။

ဒါပေမဲ့ EuroFX က ထိပ်တန်းအကျိုးအမြတ်တွေကို ပြန်ပေးမယ်လို့ အဲဒီလိုကတိတွေပေးနေပေမဲ့ Hedge Fund (အရေးပေါ်အကာအကွယ်ရန်ပုံငွေ) ဆိုင်ရာသုတေသနက ရရှိတဲ့အချက်အလက်တွေအရ နိုင်ငံခြားငွေနဲ့ထည့်ထားတဲ့ Hedge Fund တွေဟာ နှစ်စဉ်ပျမ်းမျှအားဖြင့် ၁ ရာခိုင်နှုန်းက ၂ ရာခိုင်နှုန်းအထိ အရှုံးပေါ်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

ယုံကြည်စိတ်ချရသော ဥရောပတိုက်သားများ . . .

ပြည်ပကို အ၀တ်အထည်တင်ပို့သူ မစ္စတာ Tang ကို Jiangsu ပြည်နယ်အရှေ့ပိုင်းက Changzhou မြို့မှာရှိတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်က ဒီစီမံကိန်းကြီးနဲ့ မိတ်ဆက်ပေးခဲ့ပြီး အဲဒီနောက်မှာ သူနဲ့မစ္စတာ Byrne နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ သူက ယွမ်ရှစ်သိန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံခြားငွေအကြောင်းကို သူနားမလည်ပါဘူး။ ဒါပေမဲ့ ဒီစီမံကိန်းကြီးဟာ စည်းနဲ့ကမ်းနဲ့ဖြစ်မယ်လို့ပဲ သူကယုံကြည်ခဲ့ပါတယ်။ ''ဥရောပတိုက်သားတွေက ကျွန်တော့်ကို လိမ်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ခဲ့ပါတယ်'' လို့ သူကပြောပါတယ်။

EuroFX ထဲကိုငွေတွေထည့်ခဲ့ကြတဲ့ တခြားတရုတ်ရင်းနှီးမြှုပ်နှံသူတွေကလည်း Euro Forex ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးဟာ ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် သူတို့လည်း အဲဒီလိုပဲ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်လို့ Reuters ကို ပြောခဲ့ကြပါတယ်။ အဲဒီကုမ္ပဏီကို ဗြိတိန်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာအာဏာပိုင်တွေက ကြီးကြပ်ကွပ်ကဲနေတာလို့ သူတို့က ယူဆခဲ့ကြတာဖြစ်ပါတယ်။

တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီကုမ္ပဏီအနေနဲ့ လန်ဒန်က Companies House ရုံးကြီးမှာ မှတ်ပုံတင်ခဲ့တာဟာ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုတဲ့အလုပ်ကို လုပ်ကိုင်ဖို့သာဖြစ်ပါတယ်။ ငွေကြေးကိစ္စတွေကို လုပ်ကိုင်ဖို့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီအနေနဲ့ ဗြိတိန်နိုင်ငံက Customer တွေကို သူ့ရဲ့ Product တွေရောင်းခဲ့ရင်တော့ ငွေကြေးဆိုင်ရာစီမံမှုအာဏာပိုင် (FCA) လို့ အခုခေါ်နေတဲ့အဖွဲ့ကြီးက ကြီးကြပ်မှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ မှတ်ပုံတင်ထားပေမဲ့ ဥရောပသမဂ္ဂရဲ့ပြင်ပမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကိုတော့ FCA က မကြီးကြပ်ပါဘူး။

Euro Forex ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာ 'သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဗြိတိန်နိုင်ငံထဲမှာ ငွေကြေးဝန်ဆောင်မှုတွေ၊ ငွေကြေးဆိုင်ရာ Product တွေကိုပေးနေတာ' ဖြစ်နိုင်တယ်လို့ ၂၀၁၃ ခုနှစ်စောစောပိုင်းမှာ ဒီကြီးကြပ်ရေး အဖွဲ့ကြီးက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ်မှာတင်ထားတဲ့ အဲဒီသတိပေးချက်ဟာ ဗြိတိန်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကိုသာ ဦးတည်ထားခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် အဲဒီလိုသတိပေးချက် ထုတ်ခဲ့တယ်ဆိုတာကို FCA က မပြောခဲ့ပါဘူး။ ဒီလိုကိစ္စတွေမှန်သမျှကို ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့ကိုပဲလွှဲပေးလိုက်တာပါပဲလို့ FCA ကပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ Euro Forec နဲ့ပတ်သက်တဲ့တိုင်ကြားမှုတွေကို လိမ်လည်မှုတွေအတွက် ဖွဲ့စည်းထားတဲ့ Action Fraud ဆိုတဲ့ အမျိုးသားသတင်းပေးဌာနဆီက ရခဲ့တယ်လို့ ဗြိတိသျှရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ သူတို့အာဏာပိုင်တဲ့နယ်ပယ်ရဲ့ အပြင်ဘက်က ကိစ္စတွေသာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ''များပြားလှတဲ့ ဒီအမှုရဲ့သားကောင်တွေအများစုဟာ တရုတ်နိုင်ငံမှာ နေထိုင်ကြသူတွေဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုကို တရုတ်အာဏာပိုင်တွေကသာ လုပ်ပါစေလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်'' လို့ မြို့တော်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ပြောပါတယ်။

သင့်ရဲ့ငွေတွေဟာ လုံခြုံမှုရှိပါတယ် . . .

''တိုးတိုးပြီးတင်းကျပ်လာတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက်'' ကုမ္ပဏီဟာ လက်ရှိစာရင်းတွေနဲ့ အလုပ်လုပ်နေတာကို ရပ်ဆိုင်းတော့မယ်လို့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ Euro Forec က သူ့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ်မှာပြောခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ၀င်ကြည့်လို့မရတော့ပါဘူး။

အာရှမှာတော့ ညစာစားပွဲတွေနဲ့ ကုမ္ပဏီရဲ့ပြပွဲတွေကိုဆက်လုပ်နေတုန်းပါပဲ။ အဲဒီနောက် တစ်လအကြာမှာပဲ ဘန်ကောက်မှာလုပ်တဲ့ ညစာစားပွဲတစ်ခုမှာ ''ကျွန်တော်တို့လိုက်နာဖို့လိုတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ အများကြီးရှိတယ်'' လို့ မစ္စတာ Byrne ကပြောခဲ့ပါတယ်။ EuroFX မှာ နိုင်ငံပေါင်း တစ်ရာကျော်က ရင်းနှီးမြှုပ်နှံသူပေါင်း လေးသောင်းကျော်ရှိနေတဲ့အတွက် ''တစ်ညတစ်ညမှာ ကျွန်တော် လေးငါးနာရီလောက်ပဲ အိပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ငွေတွေလုံခြုံမှုရှိတယ်ဆိုတာကို သေချာအောင် အလုပ်တွေလုပ်နေရလို့ပါပဲ' လို့ သူက ပြောပါတယ်။

သူတို့ရဲ့ရန်ပုံငွေတွေကိုဝင်ကြည့်ဖို့အတွက် Hedging Account (အရေးပေါ်အကာအကွယ်စာရင်း) လို့ သူကခေါ်တဲ့စာရင်းတစ်ခုကို ''ထပ်ပြီးဖြည့်ကြဖို့'' လက်ရှိရင်းနှီးမြှုပ်နှံသူတွေကို သူကတိုက်တွန်း အားပေးခဲ့ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ငွေတွေထပ်ပြီးသွင်းဖို့လိုအပ်ပါတယ်။ ''အာဏာပိုင်နယ်ပယ်မျိုးစုံမှာရှိတဲ့ ကြီးကြပ်ကွပ်ကဲသူတွေက ကျွန်တော်တို့ အောင်မြင်တယ်ဆိုတဲ့အကြောင်း လက်မထောင်ပြနေပါပြီ'' လို့ သူကပြောပြီး သူ့လိုလက်မထောင်တဲ့ အမူအရာကိုလိုက်လုပ်ဖို့လည်း အခန်းထဲမှာ ရှိတဲ့လူတွေအားလုံးကို ပြောလိုက်ပါသေးတယ်။

သူ့ရဲ့ နှစ်မဖြစ်သူနဲ့အတူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မစ္စတာ Zhang ဟာ အဲဒီပွဲမှာ ဧည့်သည်တော်တစ်ယောက်အဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ ''အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲကတော့ ဒီလူတွေဟာလူလိမ်တွေများ ဖြစ်နေမလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မေးမိနေပါသေးတယ်'' လို့ သူက ပြောပါတယ်။

မစ္စတာ Zhang ဟာ သူ့ရဲ့မူလရင်းနှီးမြှုပ်နှံထားငွေကို နှစ်ဆတိုးဖို့အတွက် ဒေါ်လာ ၁ ဒဿမ ၅ သန်းကျော်ကို သူများဆီက ချေးငှားခဲ့ပါတယ်။ သူထည့်ထားတဲ့ငွေတွေကို ပြန်ရဖို့ဆိုရင် ဒီတစ်နည်းပဲရှိတော့တယ်လို့ သူ့အနေနဲ့ ယုံကြည်ခဲ့ကြောင်း သူက ပြောပါတယ်။ အားလုံးကိုပေါင်းလိုက်ရင်တော့ EuroFX မှာရှိတဲ့ သူ့ရဲ့ကိုယ်ပိုင်စာရင်းထဲမှာ ဒေါ်လာသုံးသန်းကျော်နဲ့ သူတို့ရဲ့ငွေတွေကို အဲဒီမှာထည့်ပေးခိုင်းတဲ့ တခြားသူတွေဆီက ငွေတွေက ဒေါ်လာနှစ်သန်းကျော်ကို သူရင်းနှီးမြှုပ်နှံခဲ့မိတယ်လို့ သူကပြောပါတယ်။

အခွင့်မသာတဲ့လုပ်ငန်း . . .

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ မစ္စတာ Byrne အလုပ်က ထွက်သွားပါတယ်။ စီမံကိန်းကြီးရဲ့ စစ်မှန်တဲ့သဘောသဘာဝနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မေးလို့မရခဲ့သလို သူ့ရဲ့စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်တွေကိုလည်း မသိကျိုးကျွန်အပြုခံရတဲ့အတွက် သူဒီအလုပ်က ထွက်လိုက်ပြီလို့ ဇူလိုင်လမှာ သူက Reuters ကိုပြောပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့စာရင်းတွေကတော့ အပိတ်ခံထားရတုန်းပဲဖြစ်ပါတယ်။

သူတို့ဟာ Mumbai ကနေ Jahannesburg အထိ မြို့ကြီးခြောက်မြို့မှာ တခြားကုမ္ပဏီတစ်ခုနဲ့ ဒေသဆိုင်ရာ ယာယီရုံးတွေဖွင့်ပြီး FXCAP ကုမ္ပဏီအဖြစ် ပေါင်းစည်းလိုက်ကြောင်း EuroFX က သူ့ရဲ့ဝက်ဘ်ဆိုဒ်မှာ ကြေညာခဲ့ပါတယ်။

ပေါင်းစည်းထားတဲ့ကုမ္ပဏီဖြစ်တဲ့ FXCAP ဟာ EuroFX ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို သူတို့ရဲ့ရန်ပုံငွေတွေကို ၀င်ကြည့်ဖို့အတွက် အကြွေးကတ်တွေ ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက်သီတင်းပတ် အနည်းငယ်ကြာတဲ့အခါမှာ တချို့သောရင်းနှီးမြှုပ်နှံသူတွေဟာ ကတ်တွေကိုရခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကတ်တွေဟာ လက်ကျန်ငွေလုံးဝမပါတဲ့ ကြိုတင်ငွေဖြည့်ကတ်တွေဖြစ်နေပါတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။ သူတို့ရဲ့ဝက်ဘ်ဆိုဒ်ထဲမှာ ဖော်ပြချက်အရတော့ လအနည်းငယ်အတွင်းမှာ ကတ်အသစ်တွေ ထုတ်ပေးမယ်လို့ FXCAP/EuroFX ကပြောထားပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်းလုံးဝဖြစ်မလာခဲ့ပါဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ရှန်ဟိုင်းအခြေစိုက် ရင်းနှီးမြှုပ်နှံသူခုနစ်ယောက်ဟာ စုံစမ်းစစ်ဆေးကြည့်ဖို့အတွက် လန်ဒန်ကို လိုက်သွားခဲ့ကြပါတယ်။ EuroFX က သူတို့နဲ့တွဲပြီး အလုပ်လုပ်တယ်လို့ ပြောထားတဲ့ ကုမ္ပဏီနှစ်ခုရဲ့ရုံးတွေကို သူတို့သွားခဲ့ကြတယ်လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်က ပြောပါတယ်။ အဲဒီကုမ္ပဏီတွေက အခုပြောတဲ့လုပ်ငန်းတွေဟာ သူတို့နဲ့ ဘာမှမပတ်သက်ပါဘူးလို့ ပြောခဲ့ပါတယ်။

ရှန်ဟိုင်းက ရင်းနှီးမြှုပ်နှံသူတွေဟာ မစ္စတာ Byrne ဆီကို အီးမေးလ်ပို့လိုက်ကြပါတယ်။ အဲဒီအခါ သူက သူ့အနေနဲ့ အဲဒီလုပ်ငန်းမှာ ၁၁ လအတွက် ဒေါ် လာ ၇၅,၀၀၀ နဲ့အလုပ်ခန့်တာကို ခံခဲ့ရတာသာဖြစ်ပြီး သူလည်း သူတို့လိုပဲ အလိမ်ခံခဲ့ရတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ အဲဒီပူးပေါင်းထားတယ်ဆိုတဲ့ကုမ္ပဏီဟာ သူ့ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာ ''လွန်ခဲ့တဲ့လ အနည်းငယ်အတွင်းက အခွင့်မသာတဲ့အခြေအနေတွေကြောင့် FXCAP ဟာ ဒေ၀ါလီခံဖို့ လျှောက်ထားလိုက်ရပါပြီ။ ရင်းနှီးမြှုပ်နှံသူတွေရဲ့စာရင်းတွေကို ပြင်ပစာရင်းကိုင်လုပ်ငန်းတစ်ခုက စစ်ဆေးနေပါပြီ'' ဆိုတဲ့ Post တစ်ခုကို တင်ခဲ့ပါတယ်။

ဆေးသောက်၍ သေကြောင်းကြံသွားခြင်း . . .

၂၀၁၅ ခုနှစ်၊ သြဂုတ်လက တရုတ်နိုင်ငံမြောက်ပိုင်း Tangshan မြို့မှာ မစ္စတာ Zhang ရဲ့နှစ်မဖြစ်သူ Zhang က Guiling ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် သူယူထားခဲ့တဲ့အကြွေးတွေကိုပြန်ဆပ်ဖို့ ကြိုးစားရုန်းကန်ခဲ့ပါတယ်။ သူဟာ သူငွေချေးလို့ရနိုင်မယ့် အိမ်တွေမှန်သမျှကို တစ်အိမ်ပြီးတစ်အိမ်သွားခဲ့ပါတယ်။ ချေးလို့ရတဲ့ငွေတွေအတွက် အတိုးတွေက တောင်ပုံရာပုံဖြစ်လာတဲ့အခါ အဲဒီကြွေးရှင်တွေက သူ့ရဲ့အိမ်ကိုရောက်လာပြီး အိမ်မှာအလုပ်လုပ်နေတဲ့ သူ့ယောက်ျားနဲ့သူ့သားကို ခြိမ်းခြောက်ကြပါတော့တယ်။

နှစ်ပေါင်းများစွာက သူနဲ့သိကျွမ်းခဲ့သူတွေက သူ့ကိုစပြီးရှောင်တိမ်းသွားကြပါတယ်။ သူကသူ့ရဲ့အစ်မကို ဖုန်းဆက်ပြီး သူဆက်ပြီးအသက်မရှင်ချင်တော့ဘူးလို့ ပြောပါတယ်။ တစ်နေ့မှာတော့ အိမ်မှာ သူတစ်ယောက်တည်းရှိနေတုန်း သွေးတိုးတဲ့အခါသောက်ဖို့ သူ့ကိုပေးထားတဲ့ဆေးတွေအများကြီးကို တစ်ခါတည်းသောက်ပစ်လိုက်ပါတယ်။ သူ့ရဲ့ယောက်ျားက သူ့ကိုတွေ့တဲ့အချိန်မှာတော့ သူဟာ သေဆုံးနေပါပြီ။

သေဆုံးမှုရဲ့အကြောင်းရင်းကိုဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးပေးပါလို့ မိသားစုအနေနဲ့ မတောင်းဆိုခဲ့ပေမဲ့ ဒီကိစ္စဟာ EuroFX အပေါ်မှာပဲတာဝန်ရှိတယ်လို့ မစ္စတာ Zhang က အပိုင်ယူဆထားပါတယ်။

မစ္စတာ Zhang ရဲ့ပြဿနာတွေက ပြီးဆုံးမသွားသေးပါဘူး။ တောင်းဆိုသူရဲ့ဆုံးရှုံးမှုတွေအတွက် မစ္စတာ Zhang မှာတာဝန်မရှိဘူးလို့ အမိန့်ချပြီး သူ့အပေါ်စွဲဆိုထားတဲ့ တရားမမှုတစ်ခုကို တရားသူကြီးက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ်စွဲဆိုမှုတစ်ခုမှာတော့ EuroFX ဆီက အကျိုးအမြတ်ပြန်ရမယ်လို့ ပေးခဲ့တဲ့ကတိကို ယုံပြီး သူထပ်ပြီးချေးယူခဲ့တဲ့ ယွမ် ၆၅၀,၀၀၀ ကို ပြန်ဆပ်ဖို့ အမိန့်ချတာကိုခံခဲ့ရပါတယ်။ အဲဒီပြန်ဆပ်ရမယ့် ငွေတွေကို ဘယ်ကရှာရမယ်ဆိုတာ သူမသိပါဘူးလို့ မစ္စတာ Zhang ကပြောပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)