အလုပ်မှာ အာရုံစူးစိုက်စေနိုင်မယ့်နည်းလမ်း ၇ ခု

သတင်းအချက်အလက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ အလွယ်တကူဆက်သွယ်လို့ရနေတဲ့ ဒီခေတ်ကြီးထဲမှာ အလုပ်ချိန်ရှစ်နာရီအတွင်း အလုပ်ထဲစိတ်ပါဝင်စားမှုမရှိဘဲ အလုပ်ပြီးမြောက်ဖို့ရာ ခရီးမတွင်သလိုဖြစ်နေပါတယ်။ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ရာမှာအာရုံပျက်ပြားစေတဲ့အရာတွေကို ရှောင်ခွာတာကမဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အလုပ်လုပ်ရင်းနဲ့ အာရုံစူးစိုက်နိုင်ဖို့ရာအကျင့်ကောင်းတွေကို ပျိုးထောင်ဖို့ နည်းလမ်းခုနစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တိကျသေချာတဲ့ ပန်းတိုင်တွေချမှတ်ပါ။

နေ့တိုင်းအလုပ်ချိန်ရှစ်နာရီလုပ်ရတော့မယ်လို့ ပြောနေမယ့်အစား တစ်ပတ်စာအတွက် ဦးစားပေးလုပ်ရမယ့် စာရင်းကိုပြုလုပ်ပါ။ ဒါဆိုရင် ပေါ်ပေါက်လာမယ့် အာရုံပျက်ပြားစေမယ့်အရာတိုင်းကို ရှောင်ခွာနိုင်ပါလိမ့်မယ်။ မနက်ခင်းတိုင်းမှာ စာရင်းကိုပြန်ကြည့်ပြီးတော့ အဲဒီနေ့မှာ ဘယ်အလုပ်တွေကို ပြီးမြောက်နိုင်မလဲဆိုတာ ဖြစ်နိုင်ခြေကိုဆုံးဖြတ်ပါ။ မွန်းမတည့်ခင် ပရောဂျက်ရဲ့ သုံးပုံတစ်ပုံကို ပြီးအောင်လုပ်မယ် အစရှိသဖြင့် တိတိကျကျရှိပါ။

၂။ ၆၀-၉၀ မိနစ် အပိုင်းအခြားတွေနဲ့ အလုပ်လုပ်ပါ။

အလုပ်ဆက်တိုက်လုပ်နေတဲ့အခါ တက်ကြွမှုက လျော့လျော့လာပါတယ်။ အချိန်မှတ်တဲ့စက်လေးကို အသုံးပြုပြီး အချိန်စက်ဝိုင်းတစ်ခုရဲ့အဆုံးမှာအနားယူချိန်ထားရှိ ပါ။ မိနစ်အနည်းငယ်လောက် သီချင်းနားထောင်ခြင်း၊ လမ်းအနည်းငယ်လျောက်ခြင်းနဲ့ နေ့လယ်စာစားခြင်းတွေ လုပ်ပြီးတော့ ကိုယ့်ရဲ့အာရုံကို ပြန်အလုပ်လုပ်စေပါ။

၃။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်လိုက်ပါ။

ကမ္ဘာကြီးက အမှန်တော့ အာရုံပျက်ပြားစေတဲ့နေရာ တစ်ခုပါ။ အချည်အနှောင်တွေအားလုံးကို ဖြတ်တောက်လိုက်ပြီးတော့ ဖြားယောင်းမှုတွေကို ရှောင်လိုက်ပါ။ အီးမေးလ်၊ ရုံးဖုန်း၊ ဆဲလ်ဖုန်း၊ သင့်လုပ်ဖော်ကိုင်ဖက်တွေလည်း ဒီထဲမှာပါပါတယ်။ ဒါကြောင့် သင့်ရုံးမှာ အစည်းအဝေးခန်းတစ်ခုကို အသုံးပြုခွင့်ရဖို့ ကြိုတင်ပြောထားပြီးတော့ တိတ်ဆိတ်တဲ့နေရာကို ရှာဖို့လိုအပ်ပါတယ်။ လိုအပ်ပါက ကိုယ့်ဆီကို အရေးပေါ်မက်ဆေ့ချ်ပို့တာလောက်ကိုပဲ ရောက်အောင်လုပ်ထားပါ။

၄။ အာရုံပျက်ပြားစေတဲ့အရာတွေကို အချိန်ဇယားနဲ့ လုပ်ထားပါ။

အာရုံပျက်ပြားစေတဲ့အရာတွေအားလုံးက အဆိုးတွေချည်းပဲတော့ မဟုတ်ပါ။ ဒါပေမဲ့ အဲဒါတွေက ကိုယ့်အတွက် အကျိုးရှိအောင်လုပ်ဖို့တော့လိုပါတယ်။ အလုပ်ကြီးတစ်ခုပြီးမြောက်တဲ့အတွက် ဆုလဘ်အနေနဲ့ အဲဒါတွေကို အသုံးချပါ။ ကိုယ့်အတွက် အကျိုးရှိစေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာလို၊ မိတ်ဆွေတွေကို ဖုန်းခေါ်တာလိုမျိုးတွေကို စတင်လုပ်ပါ။ Facebook ဒါမှမဟုတ် Twitter ကို သုံးတယ်ဆိုရင် ကိုယ်အချိန်ဇယားထဲမှာ သတ်မှတ်ထားတဲ့ အချိန်ထက်မကျော်အောင်အချိန်ဇယားအတိုင်းသုံးပါ။ အာရုံပျက်ပြားစေတဲ့အရာကို ထိန်းချုပ်နိုင်တယ်ဆိုတာကို သတိရပါ။

၅။ အာရုံမပျက်ပြားစေဖို့ လေ့ကျင့်ထားပါ။

ဒါကိုလုပ်ဖို့က စိတ်ကိုအာရုံတစ်ခုတည်းမှာပဲထားခြင်းက အကောင်းဆုံးနည်းပါ။ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်အတွေးနဲ့ပဲဆိုင်တာပါ။ ကိုယ်ရဲ့တစ်နေ့တာမှာ အချိန်တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်တာကို အလေ့အကျင့်လုပ်ထားပါ။ နေ့လယ်စာစားချိန်မှာ စားပါ၊ တစ်ချိန်တည်းမှာ သတင်းစာဖတ်တာ၊ အီးမေးလ်စစ်တာတွေ မလုပ်ပါနဲ့။ အစည်းအဝေးလုပ်နေစဉ်မှာလည်း ဖုန်းသုံးနေတာတွေ မလုပ်ပါနဲ့။

၆။ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ပါ။

ကိုယ်က ဘယ်အချိန်မှာ ဘယ်လိုမျိုးအာရုံပျက်ပြားသွား တတ်လဲဆိုတာကို စပြီးသတိထားကြည့်ပါ။ အာရုံပျက်ပြားမသွားခင်လေးမှာ ဘယ်လိုအတွေးတွေပေါ်လေ့ရှိလဲ။ ပင်ပန်းလို့လား၊ ဗိုက်ဆာလို့လား၊ ဒါမှမဟုတ် ပျင်းရိသွားလို့လား။ ကိုယ့်ကိုအာရုံပျက်ပြားစေတဲ့အရာတွေကို သိရှိသွားပြီဆိုရင် အဲဒါတွေကနေ အာရုံကိုဆွဲခေါ်လို့ရပါပြီ။

၇။ နည်းပညာကို ကိုယ့်အကျိုးအတွက် အသုံးချပါ။

အာရုံပျက်ပြားစေတဲ့ Website တွေကို ပိတ်ထားတာနဲ့အချိန်ဘယ်လောက်ကိုပဲ Web မှာ ရှာတာတွေအတွက် အသုံးပြုမယ်ဆိုတာကို သတ်မှတ်ထားမယ်ဆိုရင် App တွေ က အာရုံစူးစိုက်နိုင်ဖို့ အမှန်တကယ် အထောက်အကူပေးနိုင်ပါတယ်။

ကိုယ့်ရဲ့အလေ့အကျင့်တွေက ဘာတွေဆိုတာသိသွားပြီးရင် ရည်မှန်းချက်တွေဆီရောက်အောင် အထောက်အကူပြုမယ့် အရာတစ်ခုကိုရွေးချယ်အသုံးပြုပါ။