အဂတိပယ်ခွာပြည်သာယာ (၂၃)

အဆိုးကျော့သံသရာကို ဖြတ်တောက်ခြင်း

အဂတိလိုက်စားမှုသည် စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်ရေးအဆောက်အအုံ၊ နိုင်ငံရေးအဆောက်အအုံနှင့် လူမှုယဉ်ကျေးမှုအဆောက်အအုံတို့ကိုအောက်ခြေမှ လှိုက်စားဖျက်ဆီးတတ်ကြောင်း၊ ထိုမှတဆင့် လူ့အသိုက်အဝန်းအတွင်း၌ အစွန်းရောက်မှုများ၊ ပဋိပက္ခများနှင့်အဆိုးကျော့ သံသရာအဖန်ဖန်လည်နိုင်ကြောင်း စောစောပိုင်းကတည်းကတင်ပြထားခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့်အဂတိလိုက်စားမှုသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုလည်း လှိုက်စားဖျက်ဆီးနိုင်သည့်အပြင် ဒီမိုကရေစီ၏အလားအလာမျော်လင့်ချက်များကိုပါ မှေးမှိန်ကွယ်ပျောက်သွားစေနိုင်သည်ကို သံသယဖြစ်စရာမလိုပါ။ ဒီမိုကရေစီဆိုရုံမျဖြင့် အဂတိကူးစက်ရောဂါဆိုးဒဏ်ကိုမပြီးနိုင်ပါ။

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၌ တာဝန်ယူမှုတာဝန်ခံမှုရှိရခြင်း၊ ပွင့်လင်းမြင်သာမှုရှိရခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှု ရှိရခြင်းနှင့် လွတ်လပ်၍ဘက်မလိုက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရားရှိ ခြင်းတို့ကြောင့်သာ ဒီမိုကရေစီကိုလှိုက်စားခြင်းမခံရအောင် ကာကွယ်ထားနိုင်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှု ဒဏ်ဆိုးဆိုးဝါးဝါးခံစားနေရသောနိုင်ငံများတွင် မိမိတို့မြန်မာနိုင်ငံလည်းပါဝင်ပါသည်။ အဆိုပါနိုင်ငံများအနက် နိုင်ငံအချို့သည်အောက်ပါအကြောင်းပြချက်သုံးရပ်ဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ပြတ်ပြတ်သားသားမတိုက်ဖျက်နိုင်ကြဘဲ မိမိကိုယ်ခံအားကိုသာအားကိုး လျက်ထိရောက်မှုမရှိသည့် ဆေးနည်းများကိုသာ အသုံးပြုနေကြကြောင်း တွေ့ရပါသည်-

(၁) အဂတိလိုက်စားမှုများကိုတိုက်ဖျက်ရာတွင် မျော်လင့်မထားသော အကျိုးဆက်များဖြစ်ပေါ်လာနိုင်ခြင်း။

(၂) နဂိုကတည်းက အားနည်းနေသောဒီမိုကရက်တစ်အင်စတီကျုးရှင်းများအပေါ်တွင် ပြင်းထန်သော ရိုက်ခတ်ချက်များဖြစ်ပေါ်လာနိုင်ခြင်း။

(၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးစနစ်အတွင်း၌ပင်လျင် ဘေးအန္တရာယ်များသော စိုးရိမ်စရာပြဿနာများပါရှိနိုင်ခြင်း။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်သူ၏ပင်ကိုသဘောသဘာဝအရကို စစ်ပွဲပုံသဏ္ဍန်နှင့် နှိုင်ယှဉ်စဉ်းစားနိုင်ပါသည်။ အဂတိလိုက်စားမှုကိုရန် သူလိုသဘောထားပြီး မစေ့စပ်စတမ်း ရဲရဲရင့်ရင့်ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုဘဲ မိမိကိုယ်မိမိကာကွယ်ရုံမျသာ ဆန့်ကျင်မှုပြုခဲ့ပါလျင် အတိတ်ကာလကအဂတိလိုက်စားမှုစနစ်ဆိုးကြောင့် နစ်နာခဲ့ရသည့်ပြည်သူလူထု၏ အဂတိလိုက် စားမှုတိုက်ဖျက်ရေးပြင်းပြသော စိတ်ဆန္ဒအလိုကို လုံး၀မဖြည့်ဆည်းပေးနိုင်ဘဲ နောက်ဆုံးတွင်ပြည်သူလူထု၏ ယုံကြည်မှုဆုံးရှုံးရသည့် အခြေအနေအထိရောက်ရှိသွားနိုင်ပါသည်။ ဘရာဇီးနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုံစံကို အဂတိလိုက်စားမှု၏ တန်ပြန်သက်ရောက်မှု အန္တရာယ်များကို စိုးရိမ်ကြီးခဲ့သောနိုင်ငံတစ်ခုအဖြစ် စာအုပ်စာစောင်များ၌ ဥပမာပြလေ့ရှိကြပါသည်။ ဘတစ်ပြန်ကျားတစ်ပြန်ဖြင့် ဆယ်စုနှစ်များစွာအချိန်ယူတိုက်ဖျက်ခဲ့ရသဖြင့် နိုင်ငံကအဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ကုန်ကျစရိတ်ကြီးမားခဲ့သည်ဟု ဆိုနိုင်ပါသည်။ အင်ဂိုလာနှင့်ဇင်ဘာဘွေနိုင်ငံများတွင်မူ ပီပီပြင်ပြင်မရှိလှသေးသော ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်များအောက်တွင်ပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခုအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ခဲ့သည်မှာအတုယူစရာဖြစ်ခဲ့ပါသည်။

အရေးကြီးသည်မှာတာဝန်ရှိသူအကြီးအကဲများ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှု၊ စွန့်လွတ်စွန့်စားမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုပင်ဖြစ်ပါသည်။ အထက်တွင်တင်ပြခဲ့သကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တန်ပြန်သက်ရောက်မှုအကျိုးဆက်များ၊ ရိုက်ခတ်ချက်များနှင့် ဘေးအန္တရာယ်များရှိနေသည်မှာလည်း အသေအချာပင်ဖြစ်ပါသည်။ စစ်ပွဲပုံသဏ္ဍန်ဖြင့်စဉ်းစားပါက ရန်သူရှိနေသည့်နေရာကိုသိရှိရလျင် သင့်လျော်သောဗျူဟာခင်း၍ တိုက်ခိုက်ရမည်သာဖြစ်ပါသည်။ ရန်သူ၏တန်ပြန်တိုက်ခိုက်မှုကို ကြောက်ရွံ့ပြီးမလုပ်ရဲမကိုင်ရဲဖြစ်လျင်ဆုံးရှုံးမှုပိုမိုကြီးမားနိုင်ပါသည်။ အလားတူ အထက်ပါအကျိုးဆက်များကို ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ်မှုမပြုခဲ့လျင်နိုင်ငံတစ်ဝန်းလုံးတွင် နှစ်ပေါင်းများစွာ ခံစားနေကြရသော အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်ရသည့်လှိုက်စားဖျက်ဆီးခံရမှုများသည် သူ့ဘာသာသူ ရပ်တန့်သွားမည်မဟုတ်ဘဲ မျိုးဆက်အစဉ်အဆက်အစွန်းရောက်မှုများ၊ ပဋိပက္ခများမှတဆင့် အဆိုးကျော့သံသရာအဖန်ဖန်အခါခါလည်နေမည်သာဖြစ်ပါသည်။

ဤအဆိုးကျော့သံသရာကို မိမိတို့ကသူရဲဘောနည်းစွာဖြင့် စတင်ဖြတ်တောက်ရန် မကြိုးပမ်းခဲ့သော် နောင်မျိုးဆက်အဆက်ဆက်တို့သည် မိမိတို့ယနေ့ခံစားနေရသည်ထက် အဆများစွာအဟုန်ပြင်းသည့် အဂတိလိုက်စားမှု၏အဆိုးကျော့သံသရာကို ခံကြရမည်ဖြစ်ပြီး နောက်ဆုံးတွင်ပြိုကွဲပျက်စီးမှုများဖြင့် ရစရာမရှိအောင် ဖြစ်ပေတော့မည်။ ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် မည်သည့်နိုင်ငံကိုပဲကြည့်ကြည့်၊ သေချာပေါက်တွေ့ရမည့်အချက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စွမ်းဆောင်ရည်အားနည်းနေသေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုတည်ငြိမ်မှုမရှိသေးခြင်းနှင့် အဂတိလိုက်စားမှုထိန်းချုပ်ရေးစနစ် မပြည့်စုံခြင်းတို့ကို တွေရှိရမည်ဖြစ်သည်။ သို့သော်ဤအခြေအနေများအကြားမှာပင် အဂတိလိုက်စားမှုကြောင့်ဖြစ်ရသော အဆိုးကျော့သံသရာကိုကား မဖြစ်မနေရဲရဲတင်းတင်းဖြတ်တောက်ကြရမည်ဖြစ်ပါသည်။

အဆိုးကျော့သံသရာသည် အဂတိလိုက်စားမှုမှ စတင်သည်ဟုဆိုသော်လည်း စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်လူမှုယဉ်ကျေးမှုအဆောက်အအုံအားလုံးအပေါ်သို့ နက်ရှိုင်းစွာသက်ရောက်မှုရှိနေသောကြောင့် ယင်းအဆိုးကျော့သံသရာကို ဖြတ်တောက်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းလမ်းတစ်ခုတည်းနှင့်မဖြစ်နိုင်ဘဲ အဆောက်အအုံအားလုံးမှ တစ်ပြိုင်နက်ပါဝင်တိုက်ဖျက်သွားကြရန်လိုအပ်ပေသည်။

အောက်ပါအချက်များသည် အဆိုးကျော့ သံသရာပြန်မလည်စေရန် ကောင်းစွာတားဆီးကာကွယ်ပေးနိုင်သော အခြေခံယန္တရားစနစ်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်-

(က) အပြန်အလှန်ထိန်းကျောင်းမှုစနစ်ကိုအား ကောင်းခိုင်မာစေခြင်း၊ (မဏ္ဍဍိုင်များ၏တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိခြင်း)

(ခ) ရေရှည်တည်တံ့ခိုင်မြဲသောတာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ် ငန်းစဉ်တို့တွင် ပြည်သူတို့၏ပါဝင်မှုကို မြှင့်တင်ခြင်း၊

(ဂ) မီဒီယာလွတ်လပ်ခွင့်အားပေးခြင်းတို့ပင် ဖြစ်ပါသည်။

မင်းဗထူး

#ceo_november2020_issue