သူဌေးတွေက သင့်ကိုသင်ကြားပေးနိုင်တဲ့ ငွေကြေးခန့်ခွဲမှုပညာ

၁၉၉၈ ခုနှစ်က ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်မှ ဒေါက်တာ Thomas J. Stanley ရေးသားထုတ်ဝေပြီး အရောင်းရဆုံးစာရင်းဝင်တဲ့စာအုပ် The Millionaire Next Door မှာ အမေရိကန်နိုင်ငံမှ သူဌေးတွေရဲ့စရိုက်လက္ခဏာတွေကို နှစ်နှစ်ဆယ်ကြာသုတေသနပြုချက်တွေအရ ဖော်ပြခဲ့ပါတယ်။ အဲဒီစာအုပ်အရ ၁၉၉၀ ပြည့်နှစ်တွေအတွင်းက စတော့ရှယ်ယာဈေးကွက်ခန့်မှန်းတွက်ဆရုံနဲ့ သူဌေးဖြစ်နိုင်တယ်လို့ပဏ္ဍိတ်အတော်များများက ပြောခဲ့ပုံနဲ့နှိုင်းယှဉ်ထားတဲ့ သူ့ရဲ့တွေ့ရှိချက်တွေကို စာဖတ်သူအများအပြား အံ့အားသင့်ခဲ့ရပါတယ်။

အဲဒီစာအုပ်ကို အကြိမ်ပေါင်းများစွာ ပြင်ဆင်တည်းဖြတ်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူဌေးဖြစ်စေတဲ့ စရိုက်လက္ခဏာတွေကိုအခုထိအသုံးချလို့ရတုန်းပါပဲ။

ဒေါက်တာ Stanley ရဲ့ သုတေသနအရသမားရိုးကျ အမေရိကန်သူဌေးတစ်ဦးဟာကျော်ကြားသူ၊ တန်ဖိုးကြီး အီတလီပြိုင်ကားမောင်းသူ၊ ဒါမှမဟုတ် သူဌေးပုံစံပေါက်နေသူမဟုတ်ဘဲ သင့်ဘေးအိမ်ကလူ ဖြစ်ချင်ဖြစ်နိုင်ပြီး သူ့ကိုသူဌေးမှန်းသင်လုံးဝသိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ချမ်းသာတဲ့ပုဂ္ဂိုလ်တွေနဲ့ သူတို့မိသားစုတွေရဲ့တူညီတဲ့ စရိုက်လက္ခဏာတွေအနက် အရေးပါဆုံးလက္ခဏာတွေဟာ သူတို့ရဲ့ငွေရေးကြေးရေး DNA သဖွယ် သူတို့အများစုမှာမွေးရာပါဖြစ်ပြီး အဲဒီမရှိမဖြစ်အစိတ်အ ပိုင်းတွေကသာ သူတို့ကို ငွေရေးကြေးရေးအရ အောင်မြင်ကြီးပွားစေတာ ဖြစ်ပါတယ်။ အဲဒီစရိုက်လက္ခဏာငါးမျိုးကို အကျဉ်းချုံးဖော်ပြရရင်တော့ …
၁။ သူတို့အတွက်သူတို့ရင်းနှီးမြှုပ်နှံပြီး ဝင်ငွေအများဆုံးဖြစ်ဖို့ သူတို့အာရုံစိုက်ကြတယ်။
အောင်မြင်သူတွေဟာ များသောအားဖြင့် သူတို့ဘဝပိုကောင်းအောင် အာရုံစိုက်ဖို့ စောစီးစွာအချိန်ပိုပေးလေ့ရှိပါ တယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသလိုပဲ သူတို့ကိုယ်သူတို့နဲ့ သူတို့ရဲ့ အလုပ်အကိုင်တွေကို ကြည့်ကြတယ်။ အနာဂတ်မှာ အကျိုးအမြတ်အများဆုံးရဖို့ အချိန်နဲ့စွမ်းအားရင်းမြစ်တွေကို ရှေ့တန်းတင်ရင်းနှီးမြှုပ်နှံတယ်။

ဥပမာ – ဘွဲ့တစ်ခုရရုံနဲ့ မလုံလောက်မှန်းသူတို့နားလည်တယ်။ သူတို့ရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ဗဟုသုတတိုးအောင်လုပ်ပြီး တန်ဖိုးရှိတဲ့ကျွမ်းကျင်မှုရရှိရေးဟာ သူတို့ရည်မှန်းချက်ဖြစ်တယ်။

ပြိုင်ဆိုင်တဲ့ စီးပွားရေးစနစ်မှာ လစာပိုများများရချင်ရင် ဝယ်လိုအားများပြီး ရောင်းလိုအားနည်းတဲ့ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားဖို့လိုမှန်း သူတို့သဘောပေါက်တာကြောင့် ဖြစ်တယ်။ သူတို့လိုချင်တဲ့ အဲဒီအလုပ်ကိုရပြီးတာတောင် သူတု့ိဝင်ငွေတိုးပွားဖိ့ု သူတို့ကိုယ်ကျိုးအတွက် ဆက်တိုက် ပြန်လည် ‘ရင်းနှီးမြှုပ်နှံ’ကြပါတယ်။

၂။ သူတို့အတွက် သူတု့ိက အရင်ပေးချေပြီး စုငွေတွေကို အလိုအလျောက် လည်ပတ်စေတယ်။
အသုံးစရိတ်သတ်မှတ်ခြင်း၊ ငွေစုခြင်း၊ ချမ်းသာအောင်လုပ်ခြင်းတို့နဲ့ ပတ်သက်လာရင် လစဉ်လတိုင်း သင်ငွေစုဖို့ တက်ကြွစွာ ဆုံးဖြတ်ချက်ချပုံတွေကို တဒင်္ဂပြန်စဉ်းစားပါ။ သင့်စရိတ်ငွေတွေ အားလုံးပေါင်းပြီး သင့်ဝင်ငွေထဲမှ နုတ်ပါ။ ပြီးရင်သင့်တော်တဲ့ရင်းနှီးမှုကို ရွေးချယ်ပြီး ဘဏ်စာရင်း (မဖွင့်ရသေးရင်) ဖွင့်ပါ။ ချက်လက်မှတ်ရေး၊ တံဆိပ်ထုပြီး စာပို့ပါ။ (ဒါမှမဟုတ် အဲဒီအဆင့်အားလုံးကို အွန်လိုင်းမှလုပ်ပါ။)

နောက်ဆုံးကျရင် သင့်ရဲ့ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဘဏ်မှအတည်ပြုချက်ရယူပါ။ အောင်မြင်သူတွေဟာ အလုပ်၊ မိသားစုနဲ့တခြားဦးစားပေးကိစ္စတွေကို ဟန်ချက်ညီအောင်လုပ်ပြီးတဲ့အခါ အဲဒါအားလုံး သူတို့ဘာသာချောမောစွာလုပ်ဖို့ လွယ်မှန်းရိပ်မိကြပါတယ်။

ဒါကြောင့် အဲဒီလုပ်ငန်းဖြစ်စဉ်ကို သူတို့က’အလိုအလျောက်’စနစ်နဲ့ ပြုလုပ်တယ်။ သူတို့ အငြိမ်းစားရန်ပုံငွေထဲက အလိုအလျောက်လစာနုတ်ယူမှုကို တပ်ဆင်တာတို့၊ ဒါမှမဟုတ် သူတို့ရဲ့ချက်လက်မှတ်စာရင်းမှ အလိုအလျောက် ငွေလွှဲလွှာနဲ့စုငွေစာရင်းထဲထည့်ခြင်းတို့ဆိုပါစို့။ သူတို့ငွေကြေးအကျင့်တွေကို အလိုအလျောက် စနစ်သုံးခြင်းနဲ့ သူတို့ရည်မှန်းချက်အတိုင်း အချိန်တန်ရင် အရှိန်မှန်မှန်ဖြစ်မြောက်အောင် သူတို့လုပ်နိုင် မှန်း သဘောပေါက်ကြတယ်။

၃။ သူတို့က ခြိုးခြံချွေတာကြတယ်။
ချမ်းသာကြွယ်ဝအောင်လုပ်မယ်ဆိုရင် ခြိုးခြံချွေတာပြီးနေထိုင်ဖို့ လိုတယ်လို့ သိထားကြပေမယ့် စာရင်းအင်းတွေက တစ်မျိုးတစ်မည်ဖော်ပြပါတယ်။ အမေရိကန်ပြည်သူတွေဟာ တိုင်းပြည်စီးပွားရေးကို စွမ်းအားဖြည့်ပေးပြီး ပြည်သူတစ်ဦးချင်းစီရဲ့ လစာဝင်ငွေကို သုံးစွဲနေတဲ့စားသုံးသူ/ သုံးစွဲသူ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ငွေကြေးအမှီအခိုကင်းမဲ့မှုနဲ့ ဥစ္စာဓနထူထောင်ဖို့သွားတဲ့ လမ်းကြောင်းပေါ်ကလူတွေဟာ ခြိုးခြံချွေတာစွာနေထိုင်တာ သူတို့ရဲ့ဘဝနေမှုဟန်ပါ။

ဝင်ငွေဟာ အရေးကြီးပေမယ့် ဝင်ငွေအမြောက်အမြားရလာသူ အများစုဟာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြကြောင်း သူတို့သိကြတယ်။ သူတို့ဟာ နှစ်ကုန်တိုင်းဆု ကြေးငွေတိုးပွားရရှိကြလို့၊ ဒါမှမဟုတ် ရာထူးတိုးခံရလို့ ပိုသုံးဖြုန်းရင် အဲဒီဘဝနေမှုဟန်ကို ပြင်လို့မရတော့ဘူး။ ချမ်းသာတဲ့ဒဏ် (သူဌေးရောဂါ) ရဲ့ ကြီးမားတဲ့ ပြဿနာက သင့်ဘဝနေမှုဟန်ကိုအစားထိုးဖို့ ဝင်ငွေပမာဏအများကြီးရဖို့ ငွေကြေးအမှီအခိုကင်းတဲ့ အဆင့်ရအောင် သင်စုဆောင်းဖို့လိုတဲ့ ငွေပမာဏပါပဲ။ သင့်ဘဝနေမှုဟန်က ပိုကြီးကျယ်လာလေ ငွေပိုစုဖို့ လိုလာလေပဲ။ ဒါပေမဲ့လက်တွေ့မှာ သင်ဟာထင်သလောက် မစုဆောင်းနိုင်ဘူး။ အဲဒီအခါအစားထိုးရဖို့ ပိုပိုခက်လာတဲ့ နေရေးထိုင်ရေးအဆင့်ကို သင်အသားကျစေအောင် ချမ်းသာမှုဒဏ်က ဖန်တီးလိမ့်မယ်။ အဲဒီဆိုးသွမ်းသံသရာကနေ ထွက်ပေါက်ကတော့ ချွေတာခြိုးခြံနေထိုင်ဖို့ပါပဲ။

၄။ သူတို့က တော်တဲ့အကြံပေးပုဂ္ဂိုလ်တွေ ငှားရမ်းပြီး ၄င်းတို့ရဲ့ အကြံဉာဏ်ကို လိုက်နာတယ်။
သူဌေးအများစုဟာ အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်း အလုပ်လုပ်နေတဲ့ ပညာရှင်တွေဖြစ်ပြီး သူတို့အလုပ်နဲ့သူတို့ ဝင်ငွေအများဆုံးရဖို့ အာရုံစိုက်ကြသူတွေပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုထုတ်ကုန်တွေ၊ ဒါမှမဟုတ် အခွန်ဥပဒေပြောင်းလဲမှုတွေအတွက် သူတို့မှာအချိန်မရှိဘူး။ သူတို့ဟာ ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ဖောက်သည်တွေ (ဝယ်သူတွေ) ရဲ့ ဘဝတွေကို တန်ဖိုးဖြည့်ပေးဖို့ လစာယူထားသူတွေဖြစ်ပြီး အဲဒီအစွမ်းအစကို မြှင့်တင်ဖို့အချိန်ပေးပြီး အာရုံစိုက်ကြပါတယ်။

ဒါကြောင့် သူတို့မကျွမ်းကျင်တဲ့ကိစ္စပေါ်လာရင် သက်ဆိုင်ရာအကြောင်းအရာ၊ ဒါမှမဟုတ် ကဏ္ဍတစ်ခုခုမှာသူတို့နည်းတူ ကျွမ်းကျင်တဲ့ လူတွေဆီက အကြံဉာဏ်တောင်းကြပါတယ်။ ဒါဟာ သူတို့ရွေးချယ်တဲ့ ဆရာဝန်တွေကအစ၊ စက်ပြင်ဆရာတွေ၊ ရှေ့နေတွေ၊ စီပီအေဘွဲ့ရ စာရင်းစစ်တွေနဲ့ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်တွေအထိ မှန်ကန်ပါတယ်။
သူတို့ဟာ သင့်တော်တဲ့ ရှေ့နေ၊ စာရင်းစစ်၊ အကြံပေးတွေအပြင် သုတေသနပြုဖို့ ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တွေကို တန်ဖိုးထားကြပါတယ်။

ဘယ်လိုလုပ်ငန်းဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးတွေကအရေးပါပြီး ဘယ်ဟာတွေက ဈေးကွက်တင်မှုနည်းဗျူဟာတွေလဲဆိုတာ သူတို့စုံစမ်းတယ်။ ဘဏ္ဍာရေးအကြံပေးတွေ အသုံးပြုတဲ့ ‘လျော်ကြေးပုံစံ’တွေ အများကြီးရှိပေမယ့် အကြံပေးခပဲလက်ခံတဲ့ အကြံပေးပုဂ္ဂိုလ်တွေကသာ အမှုသည်ရဲ့ အကျိုးစီးပွားအတွက် ဘက်လိုက်မှုမရှိနိုင်သူတွေဖြစ်ပြီး အကြံပေးဦးရေ ၅ ရာခိုင်နှုန်းနီးပါးသာအကြံပေးခနဲ့ လက်ခံဆောင်ရွက်သူတွေ ဖြစ်နိုင်ပါတယ်။

အဓိကအချက်
ထောက်ပြစရာတခြားစရိုက်လက္ခဏာတွေ အတော်များများရှိပေမယ့် ထူးခြားတာက တချို့တစ်ဝက်ပဲ ရှိပါတယ်။ အဲဒါအများစုက သာမန်စိတ်ကူးရိုးရိုးလေးတွေဖြစ်ပေမယ့် အဲဒါအားလုံးကို တောက်လျောက်လုပ်သူ နည်းပါးလွန်းတာ အံ့သြစရာပါ။ ငွေကြေးအမှီအခိုကင်းမဲ့မှုရရှိဖို့ လမ်းကြောင်းပေါ်ရောက်နေသူတွေ ခံစားရတဲ့အကျိုးကျေးဇူးက အဲဒါပါပဲ။ နောက်ဆုံးတော့ ဥစ္စာဓနဆိုတာ အများကြီးရရှိပြီး ကြွားလုံးထုတ်သူတွေရဲ့ ဖန်တီးမှုမဟုတ်ပါဘူး။

ဥစ္စာဓနဆိုတာ သင်ရှာလို့ရတာထက် လျော့သုံးပြီး အကြွင်းအကျန်ကို အမြော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံခြင်းနဲ့ တစ်နေ့တစ်ခါ ဖန်တီးနေရတဲ့အရာဖြစ်ပါတယ်။

နိုင်သီဟ
Ref: www.investopedia.com