သစ္စာရှိတဲ့အမှုထမ်းဖြစ်နိုင်မယ့် အလုပ်လျောက်သူကို ရွေးချယ်နည်း ၅ မျိုး

အခုအခါ အသက်မွေးဝမ်းကျောင်းပညာရှင်တွေ အလုပ်တစ်ခုကနေတစ်ခုကို ခုန်ကူးတာဟာ အဆန်းမဟုတ်တော့ပါဘူး။ LinkedIn ပြုလုပ်ကပြုလုပ်ခဲ့တဲ့အသင်းသား ၂,၆၀၀ ဦးကို စစ်တမ်းကောက်ရာ အလုပ်သစ်ရှာသူတွေဟာ အလုပ်တစ်ခုကို သုံးနှစ်ထက်ပိုကြာကြာမလုပ်ကြောင်း တွေ့ရှိရပါတယ်။ ကုမ္ပဏီအပေါ် သစ္စာရှိမှုလျော့ကျလာပေမယ့် မိမိတို့ကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ ဆက်လုပ်တဲ့ ပညာရှင်တွေလည်းအများကြီးရှိပါသေးတယ်။ ငွေကြေး၊ ဒါမှမဟုတ် ရာထူးအဆင့်အတန်းထက် ရည်ရွယ်ချက်ကြောင့်လှုံ့ဆော်မှုရှိတဲ့အမှုထမ်းတွေဟာ အလုပ်တစ်ခုခုမှာ ပိုပြီးမြဲကြပါတယ်။ LinkedIn စစ်တမ်းအရ မိမိအလုပ်မှာပုဂ္ဂိုလ်ရေးပြည့်ဝမှုရရှိပြီး လောကကြီးအပေါ် သက်ရောက်မှုဖြစ်ချင်တဲ့အမှုထမ်း ၇၃ ရာခိုင်နှုန်းဟာ သူတို့အလုပ်တွေကို ကျေနပ်မှုရှိပါတယ်။ သူတို့ဟာ ကုမ္ပဏီယဉ်ကျေးမှု၊ ရည်မှန်းချက်တာဝန်နဲ့ စံတန်ဖိုးတွေကြောင့် အလုပ်ကိုလက်ခံလိုစိတ်ရှိသူတွေလည်းဖြစ်ပါတယ်။ အဲဒီလို ရည်မှန်းတာဝန်ရဲ့လှုံ့ဆော်မှုရှိတဲ့အလုပ်ရှာဖွေသူတွေကို ဆွဲဆောင်ဖို့ နည်းလမ်းငါးသွယ် ဖော်ပြပေးလိုက်ပါတယ်။

၁။ ရည်ရွယ်ချက်စံတန်ဖိုး၊ ရည်မှန်းချက်တာဝန်တို့နဲ့ ပတ်သက်လို့ တိကျစေ့စပ်မှုရှိပါစေ။

Achievers က စစ်တမ်းကောက်တဲ့အမှုထမ်းဦးရေ ၆၁ ရာခိုင်နှုန်းဟာ သူတို့ကုမ္ပဏီရဲ့ ရည်မှန်းတာဝန်ကိုတောင်မသိကြဘဲ ၅၇ ရာခိုင်နှုန်းကတော့ အဲဒါရဲ့ လှုံ့ဆော်မှုမရရှိဘူးလို့ ဆိုပါတယ်။ အမှုထမ်းငှားရမ်းတဲ့လုပ်ငန်းစဉ်ကုမ္ပဏီရဲ့ရည်မှန်းတာဝန်ဟာ နံပါတ်တစ်ဦးစားပေးကိစ္စဖြစ်ဖို့ အရေးကြီးပါတယ်။ ရည်မှန်းတာဝန်ကို အမှုထမ်းအများအပြားက ဂရုစိုက်ချင်မှစိုက်ကြမှာဖြစ်ပေမယ့် ဂရုစိုက်တဲ့လူတွေကတော့ ရေရှည်ဆက်လုပ်ကြပါလိမ့်မယ်။ Global Business Review စာစောင်မှာဖော်ပြတဲ့ သုတေသနပြုချက်အရ အိန္ဒိယနိုင်ငံတစ်ဝန်းမှ အိုင်တီပညာရှင် ၄၈၀ ဦးကို လေ့လာတဲ့အခါ အဓိပ္ပာယ်ရှိတဲ့အလုပ်ကို စေ့ဆော်တဲ့ခေါင်းဆောင်တွေဟာ ကုမ္ပဏီနဲ့ အမှုထမ်းရဲ့ စွမ်းဆောင်ရည်အပေါ် တာဝန်ယူမှုတိုးတက်လာကြောင်း တွေ့ရှိရပါတယ်။ ဒါကိုရရှိဖို့နည်းလမ်းတစ်ခုက အလုပ်ရှာသူတွေကို ဖော်ထုတ်ပြီး ကုမ္ပဏီရဲ့ရည်မှန်းတာဝန်ကိုမျဝေပေးကာ အဓိပ္ပာယ်ရှိတဲ့ စီမံကိန်းတွေမှာ သူတို့လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ဘယ်လိုရနိုင်ကြောင်း လမ်းပြဖို့ဖြစ်တယ်။ ရည်မှန်းတာဝန်အကြောင်း သရုပ်ဖော်တဲ့အခါ မှတ်မိလွယ်တဲ့ စကားစုတွေသုံးပါ။ ဒါပေမဲ့ အဲဒီပန်းတိုင်ရောက်ဖို့ ကုမ္ပဏီက ဘယ်လိုလုပ်ကိုင်နေကြောင်းလည်း ပြောပြပါ။ ကုမ္ပဏီအပေါ် သူတို့ရဲ့ ရင်ခုန်မှုပိုကောင်းသွားစေမယ့် ဥပမာတွေကို အတိအကျရွတ်ပြပါ။

၂။ အလုပ်ရှင်အမှတ်တံဆိပ်မှတစ်ဆင့် ရည်ရွယ်ချက်ကို မျဝေပါ။

အလုပ်အကိုင်တစ်ခုအကြောင်း ကြားသိရပြီးနောက် အလုပ်လျောက်ထားရေးနဲ့ပတ်သက်လို့ ပိုသိရှိဖို့ အလုပ်လျောက်သူဦးရေ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ကြကြောင်း အထက်မှာဖော်ပြခဲ့တဲ့ LinkedIn စစ်တမ်းကဆိုပါတယ်။ ဒါအပြင်လျောက်ထားသူ ၄၄ ရာခိုင်နှုန်းဟာ ကုမ္ပဏီအကြောင်းသတင်းဆောင်းပါးတွေကို အွန်လိုင်းမှာဖတ်ကြည့်ကြပါတယ်။ ကုမ္ပဏီရဲ့ရည်မှန်းတာဝန်ကို ဇောင်းပေးပြီး အား ကောင်းတဲ့ အလုပ်ရှင်ရဲ့အမှတ်တံဆိပ်ဟာ အိမ်စာကျေညက်တဲ့ သင့်တော်သူတွေကို ဆွဲဆောင်ပါလိမ့်မယ်။

အလုပ်ရှင်အမှတ်တံဆိပ် အင်အားပိုတောင့်တင်းစေဖို့ နည်းလမ်းတစ်ခုက အလုပ်ရှင်တံဆိပ်ခတ်နှိပ်ခြင်းကို အလုပ်မြှင့်တင်ခြင်း၊ ပင်ကိုစွမ်းရည်ရှိသူများ ရှာဖွေစည်းရုံးခြင်း၊ အလုပ်လျောက်သူကို ခြေရာခံခြင်းတို့ကို ‘ပလက်ဖောင်း’ တစ်ခုတည်းပေါ် စုစည်းပေးတဲ့ ဝက်ဘ်ဆိုက် Recruitee ကို သုံးဖို့ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းတာဝန်ကို အာရုံစိုက်စေမယ့် တံဆိပ်တစ်ခုကိုဖန်တီးပါ။ လူသိပြီးသားအမှတ်တံဆိပ်ရှိတဲ့ အလုပ်အ ကိုင်ဝက်ဘ်ဆိုက်တည်ဆောက်ခြင်းသာမက အလုပ်အကိုင်သရုပ်ဖော်ချက်တွေနဲ့ Social Profile တွေရဲ့ ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလည်း ဖော်ပြပါ။ ရည်မှန်းတာဝန်ကို အင်တာနက်ပေါ်က အလုပ်ရှင်တံဆိပ်ရဲ့ သော့ ချက်ကျတဲ့ အကြောင်းအရာတစ်ခုဖြစ်အောင် ပြုလုပ်ပါ။

၃။ ရည်ရွယ်ချက်ကို သင့်တော်သူတွေဆီ မျဝေပေးပါ။

ကမ္ဘာ့နိုင်ငံ ၂၉ ခုက ၂၀၀၀ ပြည့်လွန်နောက်ပိုင်းမွေးသူ ၇၇,၀၀၀ ဦးကို Deloitte က စစ်တမ်းကောက်ယူရာမှာ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုရဲ့ တန်ဖိုးတွေကြောင့် လက်အောက်မှာ အလုပ်မလုပ်လိုကြောင်း ၅၆ ရာခိုင်နှုန်းကပြောပါတယ်။ ၇၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးတန်ဖိုးကို သူတို့လုပ်ကိုင်တဲ့ ကုမ္ပဏီအဖွဲ့အစည်းကမျဝေရယူတယ်လို့ ယုံကြည်တယ်။ မိမိအလုပ်ရှင်ဆီမှာ ငါးနှစ်ထက်ပိုဆက်လုပ်မယ်လို့ ပြောသူတွေအနက် ၈၈ ရာခိုင်နှုန်းက ယင်းရဲ့ရည်ရွယ်ချက်ကို သတိထားမိတယ်လို့ ပြောပါတယ်။ အလုပ်လျောက်သူတွေထဲက သင့် တော်သူတွေကို အီးမေးလ်နဲ့ဖြစ်စေ၊ ဆိုရှယ်မီဒီယာကဖြစ်စေ၊ မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့ဖြစ်စေ စကား ပြောဆိုရာမှာ သင့်ရဲ့အလုပ်အကိုင်သရုပ်ဖော်ချက်တွေကို ဖွင့်ပြောခြင်းအားဖြင့် ကုမ္ပဏီရဲ့ ရည်မှန်းတာဝန်ကို ဇောင်းပေးနိုင်ပါတယ်။ သော့ချက်ကျတဲ့ အသိပေးချက်တွေအ ကြောင်းလည်း တိကျရေရာစွာ ပြောပြလို့ရပါတယ်။

”တို့ကုမ္ပဏီက ဟောဒီရည်မှန်းချက်တွေကို ဆောင်ရွက်ပြီးစီးလို့ အောင်မြင်ကြီးပွားလာတယ်။ အဲဒါ ဘယ်လိုလုပ်သလဲဆိုတော့ …”လို့ အလုပ်လျောက်သူတွေကို အစချီပြီးပြောပြပါ။ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်မိသူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းကို ပိုစိတ်ဝင်စားလာပြီး ကုမ္ပဏီနဲ့ရေရှည်လက်တွဲလုပ်ကိုင် ဖို့ အလားအလာပိုများပါတယ်။

၄။ အင်တာဗျူးလုပ်တဲ့အခါ ရည်မှန်းချက်တွေကို ဇောင်းပေးပါ။

အင်တာဗျူးဟာ အလုပ်လျောက်ထားတဲ့သင့်တော်သူရဲ့ တန်ဖိုးနဲ့ကုမ္ပဏီရဲ့တန်ဖိုးတွေ ကိုက်ညီမှုရှိစေဖို့ အ ကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ အင်တာဗျူးလုပ်နေစဉ် ကုမ္ပဏီရဲ့ရည်မှန်းတာဝန်ကြေညာချက်ကို ပြော ပြပြီး သင့်တော်သူရဲ့ တန်ဖိုးနဲ့ဘာတွေကွာခြားသလဲ နှိုင်းယှဉ်ပြခိုင်းပါ။ အဲဒီရည်မှန်းချက်အတိုင်းဖြစ်စေဖို့ အောက်ပါမေးခွန်းတွေအပါအဝင် တချို့မေးခွန်းတွေမေး ကြည့်ပါ။

– ဒီရာထူးကို သင်ဘာကြောင့် လျောက်ချင်ရသလဲ။

– ဒီရာထူးနဲ့ပတ်သက်လို့ သင်ဘာကို မျော်လင့်သလဲ။

– အလုပ်အကိုင်တစ်ခုအတွက် သင့်ရဲ့စံပြအရည်အသွေးတွေက ဘာတွေလဲ။
– သင် အခိုင်မာဆုံး ယုံကြည်တဲ့အရာဘာလဲ။

အဲဒီမေးခွန်းတစ်ခုချင်းစီဟာ လျောက်ထားသူရဲ့အဓိကစံတန်ဖိုးတွေကို ဖော်ထုတ်ဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

၅။ ကုမ္ပဏီနဲ့ပတ်သက်လို့ တပ်မက်မှုရှိတဲ့ သင့်တော်သူတွေကို ရှာဖွေပါ။

အလုပ်လျောက်ထားတဲ့ သင့်တော်သူရဲ့ကိုယ်ရေးအကျဉ်းနဲ့ အင်တာဗျူးတို့ကို မှီငြမ်းပြီး သူ့အကြောင်း သင်အများကြီးသိနိုင်ပေမယ့် သူတို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို အွန်လိုင်းကစစ်ဆေးဖို့မမေ့ပါနဲ့။

သင့်ကုမ္ပဏီ၊ ဒါမှမဟုတ် သင့်လုပ်ငန်းအကြောင်း သူတို့ဘာပြောသလဲဆိုတာသိရအောင် ဆိုရှယ်မီဒီယာကိုသုံးပါ။ သူတို့တန်ဖိုးတွေကို ဘယ်လိုမျဝေသလဲ။ အဲဒီအချက်အလက်တွေ စုစည်းပြီး သင့်တော်သူရဲ့ ရုပ်ပုံကို ရေးဆွဲသရုပ်ဖော်ပါ။ သင့်အတွက် သူတို့အံကိုက် ဖြစ်မဖြစ် ဆုံးဖြတ်ဖို့ အဲဒါကိုသုံးပါ။ ဝန်ထမ်းတွေ ကုမ္ပဏီခုန်ကူးတဲ့ခေတ်မှာ သစ္စာရှိမယ့် အမှုထမ်းရှာတွေ့ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ခိုင်မာတဲ့စံတန်ဖိုးတွေက သူတို့ ကို ဆက်လက်ထိန်းထားဖို့ သော့ချက်ဖြစ်ပါတယ်။

နိုင်သီဟ
Ref: entrepreneur.com