လူကြီးလူညစ် ဂေါက်ပုံပြင် ၃၅

ဒီ တနင်္ဂနွေ ဂေါက်ကွင်းကို အန်ကယ်ကြီး စောရောက်တယ်။ စောတယ်သာပြောတာ ကိုလူသစ်က သူ့အရင် ရောက်နှင့်ပြီ။
”မောင်လူသစ်က အစောကြီးရောက်နေတာကိုး”
”ဒီလိုပါပဲ အန်ကယ်ကြီးရယ်။ ကားကျပ်မှာကြောက်လို့ နည်းနည်းစောထွက်လာတာ။ ကားချောင်တော့လည်း အစောကြီး ရောက်နေတာပေါ့။ ”
”စောစောထတဲ့ငှက်ဟာ ပိုးကောင်လေးတွေ အများကြီးစားရတယ်တဲ့ကွ။”
”လောက်လေးစာ စောစောမိတာလည်း ဖြစ်နိုင်တာပါပဲ အန်ကယ်ကြီးရာ။”
”ထားလိုက်ပါကွာ။ မင်းကို စောစောရောက်လို့ ဆုချတဲ့အနေနဲ့ သကြားလုံးဗျူဟာအကြောင်း ပြောပြမယ်။”
”သကြားလုံးဗျူဟာအကြောင်း။ ဟုတ်လား အန်ကယ်ကြီး။ ဒါဂေါက်သီးနော်၊ စစ်တုရင် မဟုတ်ဘူး။”
”အေးလကွာ၊ ဂေါက်သီးနိုင်အောင်သုံးတဲ့ ဗျူဟာ။ ဒါတကယ့်ပွဲတွေ့ဗျူဟာကွနော်။”
ကိုလူသစ် မျက်လုံးတွေ အရောင်ထွက်လာတယ်။ ဂေါက်သီးနိုင်ဖို့လို့ဆိုတာကိုး။ ဘယ်သူမှမသိ မကြားခင်မှာ သူက အရင်ဆုံးကြားသိရမှာလေ။ အဆင်ပြေရင် သုံးတန်သုံးရမှာ။ အန်ကယ်ကြီးက စားပွဲထိုးကို လှမ်း ခေါ်တယ်။ မြန်မာဘီယာနဲ့ မြေပဲလှော်မှာတယ်။
”အန်ကယ်ကြီးကလည်းဗျာ၊ ဒီမှာ နားထောင်ချင်နေပါပြီဆိုမှ။”
”အေးပါကွာ။ ပြောပါ့မယ်။ ဒီလိုကွ ငါဘန်ကောက်က Thai Country Club ဂေါက်ကွင်းမှာ တနင်္ဂနွေနေ့တိုင်း ရိုက်တုန်းကပေါ့ကွာ။”
”အဲဒီကွင်းက ဈေးကြီးတယ်မဟုတ်လား အန်ကယ်ကြီး။”
”ကြီးတယ်ကွ။ ပိုက်ဆံတတ်နိုင်သူတွေ အများစုလာကြတာပေါ့ကွာ။ အလောင်းအစားနဲ့ ရိုက်ကြသူတွေလည်း ရှိတာပေါ့။”
”ကြေးကြီးမှာပေါ့နော်။”
”ထင်တာပဲ။ ငါတို့အဖွဲ့ကတော့ ကြီးတယ်။ ငါကတော့ ပိုက်ဆံကြေးမရိုက်ပါဘူး။ သူတို့က ငါ့ကို ခုံသမာဓိအရာ ထားကြတာ။”

”အန်ကယ်ကြီး။ ခြေဆင်းတွေ များနေပြီနော်။ သကြားလုံးဗျူဟာအကြောင်း ပြောပြမယ်ဆိုလည်း မြန်မြန်ပြော။”
ကိုလူသစ် အန်ကယ်ကြီးကို တွန်းပြီ။ မတွန်းလို့လည်း မဖြစ်ဘူးလေ။ အကြောင်းက သိပြီးသား။ အန်ကယ်ကြီး လေရှည်နေတာနဲ့ နောက်လူတွေ ရောက်လာရင်ခက်မယ်။ ဒါမျိုးဆိုတာက လျို့ဝှက်သိုင်းကျမ်းလို စုထားတန်စု၊ ဥထားတန်ဥ လုပ်ရမှာလေ။ လိုအပ်တော့လည်း ထုတ်သုံးရမှာ။
”ငါတို့အဖွဲ့က လူစုံတယ်။ ဌာနတစ်ခုရဲ့အကြီး အကဲတစ်ယောက်ပါတယ်။ သူဌေးတစ်ယောက်ပါတယ်။ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုက အထွေထွေမန်နေဂျာတစ်ယောက်ပါတယ်။ သူတို့လောင်းကြေးက များတယ်။ တစ်ရက်ကျတော့ ရှုံးတဲ့တစ်ယောက်က နိုင်သွားတဲ့သူရဲ့ ဂေါက်အိတ်ထဲကို သကြားလုံးတချို့ တိတ်တိတ်ကလေး ထည့်လိုက်တယ်။”
”ဘယ်သူမှ မမြင်ကြဘူးလား။”
”မမြင်အောင် မသိအောင် ထည့်တာပေါ့ကွာ။”
”အဲဒီတော့ ဘာတွေဖြစ်”
”ဘာဖြစ်ရမလဲကွ၊ ပုရွက်ဆိတ် တက်တာပေါ့။ နောက်တနင်္ဂနွေကျတော့ သူ့ဂေါက်အိတ်မှာ ပုရွက်ဆိတ်တွေ ပွနေပါရော။ လက်အိတ်ထဲဝင်နေတဲ့ကောင်က ကိုက်တော့စိတ်တိုတာနဲ့၊ ဘောလုံးက ပုရွက်ဆိတ်တွေ ဖယ်ရတာနဲ့၊ ဂေါက်တုတ်လက်ကိုင်ကပုရွက်ဆိတ်တွေ ရှင်းရတာနဲ့ ဘယ်လောက် စိတ်ကသိကအောက်ဖြစ်မလဲ စဉ်းစားကြည့်ပေါ့ကွာ။ အဲဒီနေ့ ဂေါက်သီးရိုက်တာလည်း မကောင်းနဲ့၊ ရှုံးပါလေရော။”
”ဒါနဲ့ သကြားလုံးထည့်မှန်း ဘယ်လိုလုပ် သိရတာလဲ။”
”သကြားလုံးထုပ်တဲ့ အခွံတွေ တွေ့သကွ။ သကြားလုံးတွေ ပျော်ပြီး စေးကပ်ကပ်တွေ ဖြစ်နေသဟ။ နောက်ထပ် ဘာသက်သေတင်ပြရဦးမလဲ။”
”ဟီး ဟီး။”
ကိုလူသစ် ရယ်လိုက်တယ်။ အန်ကယ်ကြီးကို စပြီးရယ်တာဖြစ်သလို တခြားတွေးမိတာလေးတွေ ရှိလို့လည်း ဖြစ်တယ်။
”မင်းက ဘာရယ်တာလဲကွ။”
”မဟုတ်ပါဘူး အန်ကယ်ကြီးရာ။ အန်ကယ်ကြီးကို ရယ်တာ မဟုတ်ရပါဘူး။ ကျွန်တော့်ဘာသာ တွေးမိ တာလေး ရယ်တာပါ။ ဒီလိုထည့်ဖို့ဆိုတာ သကြားလုံးတင်မကဘူး။ တခြားဟာတွေ ယူလာပြီးထည့်လည်း ရတာပါပဲ။ ဥပမာ – ထဘီစုတ်တို့၊ မိန်းမသုံးပစ္စည်းတို့ စသဖြင်ပေါ့လေ။ ကျွန်တော်တို့အမျိုးတွေကလည်း အယူ ခပ်သီးသီး မဟုတ်လား။”
”အင်း… ဒါမျိုး … မဟုတ်တဲ့အတတ်တွေဆို တစ်ထွာပြရင် ဆယ်ကိုက်လောက်တောင် မြင်တယ်။ တော်ပါပေရဲ့”
အဲဒီအချိန်မှာ ဂေါက်သီးရိုက်မယ့်အဖွဲ့တွေ ရောက်လာကြတယ်။
”အန်ကယ်ကြီးတို့ နှစ်ယောက်သား ဘာတွေသဘောကျနေကြတာလဲ။”
”ဘာရယ် ဟုတ်ပါဘူးကွာ။ ဟိုပြောဒီပြောပါ။ လာလာ ဆင်းကြစို့။ နောက်ကျနေပြီ”
အန်ကယ်ကြီး စကားကို ပိတ်ဖြတ်ရပ်လိုက်တယ်။ ဟုတ်တယ်လေ၊ မကောင်းတဲ့အတတ်တွေဆိုတာ သင်ပေးကောင်းတာမှ မဟုတ်တာ။ အခုတောင် နှုတ်ကလွန်သွားခဲ့ပြီ။ ။

မောင်စံပေါ