နည်းပညာနှင့်အတူ လိုက်လျောညီထွေနေထိုင်ခြင်း

ကျွန်တော်တို့အများစုဟာ လျှပ်စစ်ကိရိယာတွေဖြစ်တဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာနဲ့ တီဗီစတဲ့ ပစ္စည်းတွေအသုံးမပြုဘဲ နေ့တစ်နေ့ကို ဖြတ်သန်းခြင်းက အလွန်ရှားပါတယ်။ အဲဒီကိရိယာပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့နေထိုင်မှုဘဝကို တိုးတက်စေပေမယ့် ကျန်းမာရေးအတွက်တော့ မထိန်းညှိပေးနိုင်ပါဘူး။ နည်းပညာကိရိယာ အသုံးပြုတဲ့ အလေ့အကျင့်မွေးမြူခြင်းဟာ အကူအညီပေးခြင်းထက် ဆိုးကျိုးတွေပိုဖြစ်စေမှာ သေချာပါတယ်။

မျက်တောင်ခတ်ဖို့ သတိရပါ . . .
ကျွန်တော်တို့ဟာ ဖန်သားပြင်ကို သေချာစိုက်ကြည့်တဲ့အခါ မျက်တောင်သိပ်မခတ်ဖြစ်တော့ပါဘူး။ ဒီလိုမျက်တောင်မခတ်တာဟာ မျက်လုံးနီတာနဲ့ အမြင်ဝါးတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သတိထားပြီး မျက်တောင်ခတ်ပေးရင်တော့ ဒီရောဂါလက္ခဏာတွေ ဖြစ်နိုင်တာကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် မျက်စိညောင်းတာကို ပြေပျောက်သက်သာစေပြီး ပြန်လည်အာရုံစိုက်နိုင်ဖို့ မိနစ် ၂၀ ခြားတစ်ခါ ဖန်သားပြင်ကနေပြီး အဝေးကို ကြည့်ပေးပါ။

ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ . . .
လှုပ်ရှားတာဟာ ကြွက်သားအတွင်းရှိသွေးနဲ့ အောက်စီဂျင်လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဘာလို့လဲဆိုတော့ ပုံစံတစ်ခုတည်းနဲ့ အချိန်ကာလကြာကြာထိုင်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အကြောတွေဆန့်ထုတ်ပါ။ ခဏအနားယူပြီး ဆယ်မိနစ်လောက် လမ်းလျှောက်တာ နှစ်မိနစ်၊ သုံးမိနစ်ကြာကြွက်သားတွေကို ဆန့်ပေးတာဟာ သင့်ရဲ့လည်ပင်းနဲ့ ပခုံးနာကျင်မှုသက်သာစေဖို့ ကူညီပါလိမ့်မယ်။

သင့်ကိုယ်သင် စိတ်ထွေပြားအောင် မလုပ်ပါနဲ့ . . .
တချို့လူတွေဟာ အင်တာနက်ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်ရင် စိတ်ဒုက္ခရောက်ခြင်းကို ခံစားရကြောင်း တွေ့ရှိရပါတယ်။ လက်ထဲမှာရှိတဲ့ ကိရိယာသေးသေးလေးနဲ့ Email တွေ၊ လူမှုကွန်ရက် Account တွေ ခဏခဏစစ်တာဟာ စွဲလမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကို ထိန်းချုပ်ဖို့အတွက် သင့်ဖုန်းကို တစ်ရက်၊ ဒါမှမဟုတ် အဲထက်ပိုပြီးမသုံးဘဲ ဖြတ်သန်းကြည့်ပါ။ နောက်ပြီး အဲဒီအခြေအနေအပေါ် သင့်ရဲ့တုံ့ပြန်မှုကိုကြည့်ပါ။