နည်းပညာနယ်ပယ်ရဲ့အချမ်းသာဆုံးအယောက် ၁၀၀ ထဲက အသက်လေးဆယ်အောက် လူငယ် ၁၅ ဦး

လူငယ်တွေဟာ ငယ်ရွယ်မှုတွေကို ဖြုန်းတီးပစ်ကြတယ်လို့ Oscar Wilde က ပြောခဲ့ဖူးပါတယ်။ အဲဒီစကားက သက်ဆိုင်ရာနယ်ပယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေကြတဲ့ စွန့်ဦးတီထွင်လူငယ်တွေအတွက်တော့အတိအကျမမှန်ကန်ပါဘူး။

အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ Evan Spiegel ကတော့ နည်းပညာနယ်ပယ်ထဲမှာ အချမ်းသာဆုံးအယောက် ၁၀၀ ထဲက အငယ်ဆုံးနည်းပညာသမားတစ်ယောက်ဖြစ်သလို ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာလည်းဖြစ်ပါတယ်။ သူက Snapchat ရဲ့ Co-founder တစ်ဦးဖြစ်သလို Stanford University မှာ ကျောင်းတက်နေကတည်းက ဓာတ်ပုံတွေကိုဝှက်လို့ရတဲ့ Application တစ်ခုကိုတီထွင်ခဲ့ဖူးပါတယ်။

လူငယ်တွေထဲမှာ အချမ်းသာဆုံးဖြစ်တဲ့ Mark Zuckerberg ကတော့ အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံအထိ ပိုင်ဆိုင်ထားပါတယ်။ (၁၅ ယောက်ထဲမှာ ကျန် ၁၄ ယောက်ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းက အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံပဲဖြစ်ပါတယ်။) ဒီပိုင်ဆိုင်မှုကြောင့် သူဟာ နည်းပညာနယ်ပယ်ရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ်လေးနေရာမှာရှိပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာတော့ နံပါတ်ရှစ်နေရာမှာရှိနေပါတယ်။ သူ့အသက် ၂၃ နှစ် မှာ ဘီလီယံနာဖြစ်ခဲ့သလို သူ့ရဲ့အောင်မြင်မှုဖြစ်စဉ်က Bill Gates နဲ့ဆင်တူပါတယ်။ ဘာလို့လဲဆိုတော့ Bill Gates ကလည်း Harvard University ကနေထွက်ပြီး နည်းပညာလောကထဲကို ခြေစုံပစ်ဝင်ခဲ့တဲ့ စွန့်စားရဲသူ၊ အိပ်မက်အတွက်ပေးဆပ်ရဲသူတစ်ယောက်ဖြစ်တာကြောင့်ပါ။

Facebook ရဲ့အစခရီးလမ်းကို Mark Zuckerberg တစ်ယောက်တည်း လျောက်လှမ်းခဲ့တာတော့မဟုတ်ပါဘူး။ Founder ဖြစ်တဲ့ Sean Parker၊ Co-founder နှစ်ဦးဖြစ်ကြတဲ့ Eduardi Saverin ၊ Dustin Moskovitz တို့နဲ့အတူ လက်တွဲပြီး အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အားလုံးလည်း သူတို့ အသက် ၂၀ နဲ့ ၃၀ ကြားမှာပဲ Mark Zuckerberg နဲ့ အတူတူ အချမ်းသာဆုံးအယောက် ၁၀၀ ထဲမှာ ပါဝင်လာခဲ့ပါတယ်။

ဒီ ၁၅ ယောက်ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို အထောက်အကူဖြစ်စေတာက ရုံးခန်းတွေ၊ စာသင်ခန်းတွေထက် သူတို့တွေရဲ့အိပ်ခန်းတွေကပါပဲ။ ပြီးတော့ သူတို့ထဲက ခြောက်ယောက်ကကျောင်းထွက်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ Napster ရဲ့ Co-founder ဖြစ်သူကတော့ Facebook နဲ့ လက်မတွဲခင်အချိန်မှာပဲ ကျောင်းထွက်ဖို့ဆုံးဖြတ်လိုက်သလို သူ့ရဲ့ဝင်ငွေဟာ ကျောင်းတက်နေကတည်းက တစ်နှစ်ကို ဒေါ်လာရှစ်သောင်းလောက် ရနေပါပြီ။

၁၅ ယောက်လုံးက သူတို့ရဲ့ စီးပွားရေးတွေကို သူငယ်ချင်းတွေ၊ အတန်းဖော်တွေနဲ့အတူတွဲပြီး စတင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ Facebook နဲ့ Snapchat လိုပဲ Air Bnb ကိုလည်း Brain Chesky ၊ Blecharczyk နဲ့ Joe Gebbia တို့ ပူးပေါင်းလုပ်ဆောင်အောင်မြင်ခဲ့ကြ ပြီး ဘီလီယံနာတွေ ဖြစ်လာခဲ့ကြပါတယ်။

UCLA ကျောင်းကနေ ထွက်လိုက်တဲ့ Travis Kalanick နဲ့ ကနေဒါနိုင်ငံသား Garrett Camp တို့က လည်း ၂၀၀၉ ခုနှစ်မှာ Uber ကို စတင်ခဲ့ကြပြီး ဘီလီယံနာဖြစ်လာကြပါတယ်။

Camp က အသက် ၄၀ အောက်တွေထဲမှာ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ လေးယောက်ထဲကတစ်ယောက် ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ Frank Wang ကတော့ ကမ္ဘာ့ပထမဆုံး Drone တီထွင်ပြီး ဘီလီယံနာဖြစ်လာခဲ့ပါတယ်။

နည်းပညာနယ်ပယ်မှာ အချမ်းသာဆုံး အယောက် ၁၀၀ ထဲက တစ်ဝက်ခန့်ဟာ အသက် ၅၀ အောက်တွေ ဖြစ်ကြပါတယ်။ Google ရဲ့ Co-founder တွေဖြစ်ကြတဲ့ Larry Page နဲ့ Sergey Brin တို့ဟာ အ သက် ၅၀ ကနေ ၆၀ ဝန်းကျင်မှာ အောင်မြင်ကြသူတွေ ဖြစ်ပါတယ်။ အယောက် ၁၀၀ ရဲ့ ပျမ်းမျအသက်ကတော့ ၅၃ နှစ်ဖြစ်ပြီး Forbes Magazine ရဲ့ ဘီလီယံနာတွေရဲ့ ပျမ်းမျအသက်အောက် ဆယ်နှစ်ငယ်ပါတယ်။ သူတို့တွေရဲ့ ပျမ်းမျပိုင်ဆိုင်မှုက တော့ ဒေါ်လာ ၇.၃ ဘီလီယံပဲဖြစ်ပြီး အသက် ၅၀ ကျော် တွေထက် ဒေါ်လာ ၁.၈ ဘီလီယံပိုနည်းပါတယ်။ ဒါပေမဲ့ အသက်ငယ်ရွယ်တဲ့သူတို့အတွက် အချိန်အများကြီး ကျန်ပါသေးတယ်။

Ref:www.forbes.com