စီမံခန့်ခွဲမှုပိုင်းမှာ အဓိကကျတဲ့အရည်အချင်းတွေ

qna1

စီမံခန့်ခွဲမှုအပိုင်းဆိုတာ လက်တွေ့စဉ်းစားကြည့်ရင် လူတိုင်း၊ အဆင့်တိုင်း၊ နေရာတိုင်းဟာ စီမံခန့်ခွဲမှုကို လုပ်နေရတာပါပဲ။ အိမ်မှာပဲကြည့်ကြည့်၊ ရုံးမှာပဲကြည့်ကြည့်၊ စက်ရုံ၊ အလုပ်ရုံမှာပဲကြည့်ကြည့်၊ ကျောင်းတွေမှာပဲကြည့်ကြည့်၊ အုပ်ချုပ်တဲ့လူကြီးကစလို့ အောက်ခြေမှာရှိတဲ့ အလုပ်သမား၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားအားလုံးဟာ သူနဲ့ဆိုင်တဲ့အလုပ်ကိစ္စတွေကို စီမံခန့်ခွဲနေရတာပဲ။

ဒီလိုအားလုံးအတွက် ခြုံငုံပြီး စီမံခန့်ခွဲမှုမှာ ဘာအရေးကြီးသလဲလို့ဖြေရရင် Common Sense စဉ်းစားဆင်ခြင်ပြီး လုပ်တတ်တဲ့အရည်အချင်းဟာ အရေးကြီးတယ်လို့ ပြောချင်တယ်။ လူဟာ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ စဉ်းစားပြီး အလုပ်လုပ်တတ်ပြီး၊ ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ တွဲပြီးလုပ်တတ်ပြီဆိုရင်ပဲ အလုပ်ရဲ့ ရာခိုင်နှုန်းအတော်များများဟာ အောင်မြင်နေမှာပါ။

နောက်တစ်ချက်ကတော့ လုပ်ငန်းတွေမှာ စီမံခန့်ခွဲမှုမှာပေါ့လေ။ ဒီနေရာမှာတော့ Common Sense တင်မက မိမိစီမံခန့်ခွဲမှုလုပ်တဲ့နေရာ၊ အလုပ်နဲ့ပတ်သက်တဲ့ Skill တွေပဲဖြစ်တယ်။ MD အနေနဲ့ မိမိလုပ်ငန်းတစ်ခုလုံး၊ ငွေရေးကြေးရေး၊ ရောင်းရေးဝယ်တာ၊ ထုတ်လုပ်မှုစသဖြင့် နားလည်ပြီး မိမိလက်အောက်မှာရှိတဲ့ဌာနများ၊ Finance ၊ HR ၊ Sales & Marketing ၊ Production စတဲ့ဌာနအသီးသီးမှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး စီမံခန့်ခွဲတတ်ဖို့လိုတယ်။ အလားတူဌာနအသီးသီးမှာရှိတဲ့ မန်နေဂျာတွေကလည်း မိမိဌာနအလိုက် Sill Set တွေကို အသုံးချပြီး မိမိဌာနမှာရှိတဲ့လူတွေကို စီမံခန့်ခွဲတတ်ဖို့လိုတယ်။

စီမံခန့်ခွဲမှုဟာ 3Ms ၊ Man ၊ Money ၊ Material လို့ အကြမ်းဖျင်းစီမံခန့်ခွဲနေကြရတာပဲ။ ဒီအပြင် Technical Matter တွေကို စီမံခန့်ခွဲတဲ့နေရာမှာ Technical Skill မရှိဘဲနဲ့ Manage လုပ်လို့မရတော့ဘူး။ သက်ဆိုင်ရာ Technical Skill တွေဟာလည်း အရေးကြီးတယ်လို့ ဆိုရမယ်။

စီမံခန့်ခွဲမှုမှာ အရေးကြီးတာတွေကတော့ အများကြီးပါ။ အခုလိုကြုံကြိုက်တုန်း စီမံခန့်ခွဲမှုမှာ အရေးကြီးတဲ့ကိစ္စတစ်ခုကို ဆွေးနွေးတင်ပြချင်ပါတယ်။

အရင်က လုပ်ငန်းတွေမှာ IQ (Intelligence Quotient) မြင့်တဲ့သူဟာ ဉာဏ်ရည်ထက်မြက်တယ်။ ဒီအတွက် ဒီလိုလူမျိုးတွေကို နေရာပေးတယ်။ စီမံခန့်ခွဲမှုအပိုင်းတွေမှာလည်း အလွန်သုံးခဲ့တယ်။ အခုနောက်ပိုင်းမှာ IQ မြင့်တဲ့သူထက် EQ မြင့်တဲ့သူတွေဟာ စီမံခန့်ခွဲမှု (ရာထူးအဆင့်ဆင့်)မှာ ပိုပြီးအောင်မြင်တယ်လို့ မြင်လာကြတယ်။

EQ  မြင့်တဲ့သူတွေဟာ လူတွေရဲ့ခံစားမှုတွေကို ပိုပြီးနားလည်တယ်။ စာနာမှုရှိတယ်။ လူတစ်ယောက်ချင်း ကိုလည်း ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ပိုနားလည်တယ်။ ပိုပြီးအရေးကြီးတာက EQ မြင့်သူတွေက ကိုယ့်ရဲ့ Emotions တွေကိုလည်း ပိုပြီးထိန်းသိမ်းနိုင်တယ်။ ဒေါသထွက်ခြင်း၊ ကိုယ်ပိုင်ခံစားမှုကြောင့် မှားယွင်းစွာ တစ်ဖက်သတ်ဆုံးဖြတ်ခြင်း စတဲ့အမှားတွေ၊ ကိုယ်ပိုင်အားနည်းချက်တွေကို ပိုပြီးထိန်းနိုင်တယ်။ အဲဒီတော့ EQ မြင့်တဲ့သူတစ်ယောက်ဟာ လူအများကို စီမံခန့်ခွဲတဲ့နေရာမှာ အများ၊ တစ်ဦးတစ်ယောက်ချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိနိုင်ခြင်း၊ မိမိကို Team Player Leader အဖြစ် အသိအမှတ်ပြုခံရပြီး စီမံခန့်ခွဲသူတစ်ယောက်အဖြစ် နေရာပေးခံရခြင်းတို့ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုမှာ EQ ဟာ အရေးကြီးတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ EQ Level ကို ကိုယ်သိပြီး ဒီအဆင့်ကို မြှင့်တင်ထိန်းသိမ်းဖို့ လိုအပ်တယ်။ အရေးကြီးတယ်လို့ မြင်မိပါတယ်။

စာရေးသူကိုယ်တိုင်လည်း မိမိကိုယ်ကို ပြန်လည်သုံးသပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်လို့ ပေါက်ကွဲပြီး မဖြစ်သင့်တာတွေဖြစ်ခဲ့၊ ပြောသင့်တာထက် ပိုပြောမိတဲ့အမှားတွေဖြစ်ခဲ့တယ်လို့လည်း ပြန်လည် သုံးသပ်မိပါတယ်။ ဒီအတွက် စိတ်ဆိုးမာန်ဆိုးတွေဖြစ်ကြရ၊ တစ်ပါးသူတွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။

ဒါကြောင့် အပေါ်ကနေ စီမံခန့်ခွဲတဲ့နေရာမှာ ဒေါသ၊ မောဟနဲ့ မတော်လောဘတွေကိုလည်း ထိန်းသိမ်းနိုင်ကြဖို့၊ ကိုယ်ချင်းစာနာမှုရှိတတ်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

ဦးကျော်တင် -SGS Myanmar Ltd