Mr Masazumi ODA (Franck Muller and Backes Et Strauss)

backes&Strauss2

ရန်ကုန်မြို့ Sedona Hotel မှာ Showroom ဖွင့်ထားတဲ့ဆွစ်ဇိမ်ခံနာရီတွေဖြစ်တဲ့ Franck Muller နဲ့ Backs & Strauss အကြောင်းကို Franck Muller နဲ့ Backes Et Strauss အမှတ်တံဆိပ်တွေရဲ့ မြန်မာနိုင်ငံတာဝန်ခံဖြစ်သူ Mr Masazumi ODA ကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

အမှတ်တံဆိပ်တွေအကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ . . .

Franck Muller က Master of Complications (နာရီများရဲ့ သခင်)ဆိုတဲ့ အညွှန်းရှိသလို Backs & Strauss ကတော့ Master Diamond ဆိုတဲ့ စိန်များရဲ့ သခင်ပဲ ဖြစ်ပါတယ်။

ဒီလို Luxury Brand မျိုး မြန်မာနိုင်ငံမှာ Market ရှိပြီဆိုပြီး ယုံကြည်ချက်နဲ့ လာဖွင့်ဖြစ်ခဲ့တာလား . . .

ကုမ္ပဏီကို Support လုပ်နေတဲ့သူတစ်ယောက်က မြန်မာပြည်ကို ခရီးထွက်လာရင်းနဲ့ မြန်မာပြည်တိုးတက်စပြုနေတာကို မြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ Brand တွေကို မြန်မာပြည်မှာ သွင်းမယ်ဆိုရင်ကောဆိုပြီးပြောတာကနေ ကုမ္ပဏီလူကြီးတွေ တိုင်ပင်ပြီး တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနာရီတွေက ပြည်တွင်းက လူတွေအတွက်လား၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုအလည်လာတဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာလား . . .

နှစ်ခုလုံးကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်တာကတော့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေအတွက် ဖြစ်ပါတယ်။

ဒီ Brand တွေအပြင် တခြားနာမည်ကြီး၊ တန်ဖိုးကြီး Brand တွေ သွင်းဖို့ကော အစီအစဉ် ရှိပါသလား . . .

အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့အတွက်လည်း စဉ်းစားနေပါတယ်။

အခုအချိန်မှာ မြန်မာလူမျိုးတွေ ၀ယ်ယူနေတာကော ရှိပါသလား . . .

ဝယ်ယူကြတဲ့ မြန်မာတွေ ရှိပါတယ်။ နောက်ပြီး ဒီမှာက Franck Muller အမှတ်တံဆိပ် Tableware တွေဖြစ်တဲ့ ၀ိုင်ခွက်တွေ၊ ကော်ဖီခွက်တွေစတဲ့ အသုံးအဆောင်တွေလည်း ရရှိနိုင်ပါတယ်။

ဒီ Market ကို မ၀င်ခင် Market အကြောင်း ဘယ်လောက်ကြိုတင်ပြီး လေ့လာခဲ့ပါသလဲ . . .

မြန်မာနိုင်ငံကို ၀င်ရောက်မလာခင်မှာ တစ်နှစ်လောက်ကတည်းက ကြိုပြီး မြန်မာပြည်အကြောင်းကို စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

backes&Strauss1

ဒီမှာရနိုင်တဲ့ Product Range နဲ့ တခြားဒီဇိုင်းတွေ မှာမယ်ဆိုရင်ကော ဘယ်လိုတွေစီစဉ်ပေးပါသလဲ . . .

ပစ္စည်းအမျိုးအစားက ဆယ်မျိုးကျော် ရနိုင်ပါတယ်။ နာရီတွေက တစ်လုံးရဖို့ကို အချိန်အတော်အများယူပြီး လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် အများအပြား ထုတ်လို့ရတဲ့ ပစ္စည်းမျိုးမဟုတ်သလို ကန့်သတ်အရည်အသွေးနဲ့ ထုတ်ထားတဲ့ ပစ္စည်းမျိုးဖြစ်တာကြောင့် ဈေးကွက်မှာလည်း နာမည်ရပြီးသား ဖြစ်ပါတယ်။ Customer တွေက ဒီမှာတင်သွင်းထားတာမရှိတဲ့ ဒီဇိုင်းမျိုးလိုချင်ရင်လည်း မှာယူပေးပါတယ်။

မဂ္ဂဇင်းတချို့မှာ ကြော်ငြာတာအပြင် ဘယ်လို Marketing တွေလုပ်ပါသလဲ . . .

လုပ်ငန်းရှင်တွေများတဲ့ ရပ်ကွက်တွေ၊ နေရာတွေမှာ လက်ကမ်းစာစောင်တွေ သွားဝေတာတို့၊ တချို့သူတွေဆီ ကိုယ်တိုင်သွားတွေ့တာတို့ လုပ်ပါတယ်။ Facebook နဲ့ တခြားဂျာနယ်တွေ၊ သတင်းစာတွေကနေလည်း ကြော်ငြာပါတယ်။ လေဆိပ်တွေမှာလည်း ကြော်ငြာဆိုင်းဘုတ်တွေ ထားပါတယ်။

ပြိုင်ဘက် Brand တွေက ဘာတွေဖြစ်မလဲ . . .

မြန်မာပြည်မှာက ဒီဈေးနှုန်းလောက်အထိ ပြိုင်ဘက်မျိုးကတော့ သိပ်မရှိသေးပါဘူး။ လောလောဆယ် ကျွန်တော်တို့ Brand ကိုပဲ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့က ကိုယ့် Brand ကိုပဲ ယုံကြည်မှုရှိရှိလုပ်တာကြောင့် သူများ Brand တွေနဲ့ လိုက်ယှဉ်တာမျိုး မလုပ်ပါဘူး။

ဈေးနှုန်းကကော နိုင်ငံတကာဈေးနှုန်းနဲ့ တူလား၊ ဒေါ်လာဈေးအတက်အကျအရ အပြောင်းအလဲရှိလား . . .

ကျွန်တော်တို့က နိုင်ငံတကာဈေးနှုန်းနဲ့ပဲ ရောင်းချပါတယ်။ ဒေါ်လာအတက်အကျကိုလည်း အမြဲလေ့လာနေပြီး ဈေးနှုန်းအပြောင်းအလဲဆိုရင်လည်း  ကြိုတင်အသိပေးမှာ ဖြစ်ပါတယ်။

ရောင်းချပြီးတဲ့အခါ Warranty ကကော နိုင်ငံတကာ Warranty ပဲလား . . .

Warranty ကတော့ နိုင်ငံတကာမှာ ပြင်လို့ရတဲ့ Warranty ပေးထားပါတယ်။ ဘယ်နိုင်ငံက Franck Muller နဲ့ Backes & Strauss ပဲဖြစ်ဖြစ် ပြင်လို့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း Maintenance Technician ကို အချိန်ပြည့်ထားပေးထားပါတယ်။ Franck Muller နဲ့ Backes & Strauss နာရီကို တခြားနိုင်ငံကနေ ၀ယ်ယူခဲ့တဲ့သူတွေလည်း သိချင်တာတွေကို လာမေးလို့ရပါတယ်။

နာရီတွေမှာဖြစ်တတ်တဲ့ ပြဿနာအများစုက ဘာများဖြစ်မလဲ . . .

ဝယ်ပြီး သုံး၊ လေးနှစ်နောက်ပိုင်းမှာ ပြန်စစ်ဆေးပေးဖို့ ပြန်လာတာတွေ များပါတယ်။ တခြားပြဿနာတွေတော့ သိပ်မရှိပါဘူး။ ဒီနာရီတွေက သားသမီးမြေးမြစ်အထိ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် လက်ဆင့်မကမ်းခင်မှာ စစ်ဆေးကြတာမျိုးများပါတယ်။

အပိုပစ္စည်း (ဥပမာ – လက်ပတ်ကြိုး) တွေကော ရှိပါသလား။ မှာဖို့လိုရင်ကော မှာပေးပါသလား . . .

ဒီမှာတင်ရှိပါတယ်။ လိုအပ်ရင်လည်း မှာပေးပါတယ်။

ဒီနာရီမျိုးက သားစဉ်မြေးဆက်သုံးကြတာဆိုတော့ ဟောင်းလေ တန်ဖိုးရှိလေလား . . .

မှန်ပါတယ်။ သားစဉ်မြေးဆက်သုံးလို့ရအောင် ထုတ်ထားတာဖြစ်တဲ့အတွက် သက်တမ်းကြာပြီး ဟောင်းလာလေ တန်ဖိုးရှိလေ ဖြစ်ပါတယ်။

backes&Strauss3

ဒီ Franck Muller နာရီက ဘယ်အသက်အရွယ်တွေကို Target ထားတာလဲ . . .

အသက်သုံးဆယ်ကနေ ငါးဆယ်ကြားကို Target ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့အသက်အရွယ်တွေလည်း ၀တ်ကြတာမျိုးရှိပါတယ်။

Backes & Strauss ကကော အတူတူပဲလား . . .

ဟုတ်ပါတယ်။ Backes & Strauss လည်း အတူတူပါပဲ။

အမျိုးသားဝတ်တာ ပိုများလား၊ အမျိုးသမီးဝတ်တာ ပိုများလား . . .

နှစ်ခုလုံးမှာ ညီမျှပါတယ်။ ဒါပေမဲ့ Backes & Strauss ကတော့ စိန်နဲ့လုပ်ထားတာဖြစ်တဲ့အတွက် အမျိုးသမီးတွေနဲ့ ပိုလိုက်သလို အမျိုးသမီးတွေက ပိုအမေးများပါတယ်။ အရင်ကတော့ Franck Muller က နည်းပညာကောင်းနဲ့ ထုတ်လုပ်ထားပြီး ယောက်ျားဆန်တာကြောင့် အမျိုးသားတွေ ကြိုက်ကြသလို အခုနောက်ပိုင်းမှာတော့ အမျိုးသမီးပတ်နာရီတွေလည်း ဦးစားပေးထုတ်လာတဲ့အတွက် အမျိုးသားရော၊ အမျိုးသမီးရော ညီမျှလာပါတယ်။

Franck Muller နာရီရဲ့ အထူးခြားဆုံး ထူးခြားချက်က ဘာဖြစ်နိုင်ပါသလဲ . . .

Franck Muller နာရီကို လုပ်ခဲ့တဲ့ Franck Muller က အခုထိ သက်ရှိထင်ရှားရှိနေသလို နာရီတွေကလည်း Handmade တွေနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။နောက်ပြီး သူကိုယ်တိုင်နည်းပညာတွေ ဆက်ပြီးတီထွင်နေသလို သူကိုယ်တိုင်မူပိုင်ခွင့်တွေလည်း လုပ်ထားပါတယ်။

Mr Franck Muller ကော မြန်မာပြည်ကို လာပြီးသွားပြီလား . . .

သူကိုယ်တိုင်တော့ မလာရသေးပါဘူး။ သူ့ရဲ့ CEO တော့ လာပြီးသွားပါပြီ။

Backes & Strauss ရဲ့ ထူးခြားမှုကကော ဘာဖြစ်မလဲ . . .

Backes & Strauss ကကျတော့ တကယ့်ရှေးကျတဲ့ Brand လို့ ပြောလို့ရပါတယ်။ ၁၇၀၀ ပြည့်နှစ် နောက်ပိုင်းကတည်းက စိန်တိုက်ကို တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Franck Muller နဲ့ ပူးပေါင်းပြီး နာရီတွေ ထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ စိန်ဖြတ်တောက်နည်းကလည်း ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စိန်ဖြတ်တောက်နည်းအဖြစ်နဲ့ နာမည်ကြီးပါတယ်။ အဲဒါက သူ့ရဲ့ထူးခြားမှုဖြစ်ပါတယ်။ ဒီ Brand နှစ်ခုလုံး မြန်မာပြည်မှာ ရောက်နေတာကလည်း ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့