ကြီးကျယ်သော ပြိုင်ပွဲနှင့် ခမ်းနားသော ဂေါက်ကွင်း

septgolf1

ဘတ်ခ်မန်စ် အဆောက်အအုံနှင့် ဧည့်ခံအိမ်ရာများ . . .

မာစတာစ်ပြိုင်ပွဲကာလ၌ ဒေါ်လာခြောက်ထောင်ခန့် သင်ပိုသုံနိုင်သေးပါလျှင် ဘတ်ခ်မန်စ်အဆောက်အအုံ (Berckmans Place) သို့ သွားရောက်ဇိမ်ခံနိုင်ပါသည်။ ဘတ်ခ်မန်စ်မှာ သြဂတ်စ်တာဂေါက်ကွင်းမဖြစ်ပေါ်မီက ရှိခဲ့သော သစ်သီးဝလံပန်းမန် ဥယျာဉ်ခြံမြေကြီး၏ ပိုင်ရှင်ဖြစ်ခဲ့သူပါ။ ဘတ်စ်မန်စ်၏နေအိမ်မှာ ကလပ်ဟောက်စ်ပင် ဖြစ်ခဲ့ပါသေးသည်။ ၂၀၁၃ နှစ်တွင်မှ ကျင်းငါးဖဲဝေးအနီးတွင် စတုရန်းပေ တစ်သိန်းကျယ်ဝန်းသော ဘတ်ခ်မန်စ်အဆောက်အအုံကို ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်းပါ။ ဖျော်ဖြေပွဲများ၊ စားသောက်ခန်းမနှင့် ယမကာမျိုးစုံရှိသော အဆောက်အအုံကြီးဖြစ်ပါသည်။

ကလပ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော ဧည့်ခံရေးမဏ္ဍပ်အိမ်များရှိနေကြပါသည်။ ပြိုင်ပွဲကာလအတွင်း ကုမ္ပဏီများက ယင်းတို့ပိုမိုထင်ရှားကျော်ကြားရေးအတွက် လာဖွင့်ကြခြင်းပါ။ စီးပွားရေးဆိုင်ရာ အင်တာနက်ဆက်သွယ်မှုစနစ်များလည်း ရှိကြသည်။

septgolf2

သင်က ကုမ္ပဏီကြီးတစ်ခု၏ အရေးပါသူတစ်ယောက်ဖြစ်ပါလျှင် ထိုမဏ္ဍပ်အိမ်များသည် သင့်မိတ်ဆွေများအား ဧည့်ခံရန်အတွက် အလွန်ကောင်းမွန်လှသော နေရာဖြစ်ပါသည်။ ၀ိုင်နှင့်အစားအသောက်ကောင်းများက အထင်ကြီးစရာပါ။ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်း၏ ကလပ်ဟောက်စ်သို့ ၀င်ခွင့်မရကြသဖြင့် ဧည့်ခံရန်အတွက် ကုမ္ပဏီများက အနီးအနားမှ နေအိမ်များကို ငှားရမ်းရခြင်းဖြစ်ပါသည်။ ရွက်ဖျင်တဲများ တိုးချဲ့ထိုးထားကြသည်။ ကြီးမားသော တီဗီဖန်သားပြင်ဖြင့် ပြိုင်ပွဲကို ပြသထားကြသည်။ ၀က်ကလေးကင်ကဲ့သို့ စားသောက်စရာများ စီစဉ်ထားကြသည်။

septgolf3

ပါတီပွဲများ . . .

အဆိုပါ ဧည့်ခံမဏ္ဍပ်အိမ်များ၌ ကျင်းပနေသော ပါတီများ၊ သြဂတ်စ်တာမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် ဘားဆိုင်များတွင် ကျင်းပနေသော ပါတီများက ပြိုင်ပွဲကာလအတွင်း စည်ကားလှပါသည်။ ဤကာလသည် နွေဦးရာသီရက်အားများကဲ့သို့ အပန်းဖြေစရာ ရက်သတ္တပတ်ရှည်ကြီးဖြစ်နေပေရာ ကျောင်းဆင်းစလူငယ်များ၊ လူလတ်တန်းစားအရွယ်ရောက်သူများအတွက် အပိုဝင်ငွေရရန် စီးပွားရှာနိုင်သော ကာလလည်းဖြစ်သည်။ ဥပမာအားဖြင့် နာမည်ကြီးပရိုဂျွန်ဒေလီသည် ကားရပ်နားစခန်းတွင် သူ၏ဗင်ကားကြီးကို ရပ်နားလိုက်ကာ ချိတ်များဖြင့် သူဝတ်လေ့ရှိသည့် အဆင်ဆန်းဘောင်းဘီများကို ဖြန့်ပြပြီး ရောင်းချဝင်ငွေရှာနေသည်ကို တွေ့ခဲ့ရပါသည်။

septgolf5

ဓလေ့အစဉ်အလာ . . .

ဂျွန်ဒေလီဝတ်သည် ဘောင်းဘီရှည်အကွက်အပွင့်ကြီးများအား ပြိုင်ပွဲကြည့်ရာတွင် သင်ဝတ်ဆင်ရန် စဉ်းစားလိမ့်မည်ဟု မထင်မိပါ။ ကလပ်သည် စည်းကမ်းကြီးလှသဖြင့် အနေအထိုင်မတတ်ပါက နောင်နှစ်များအတွက် သင့်လက်မှတ်ဆုံးရှုံးသွားနိုင်သည်။ ပြိုင်ပွဲဝင်များ၏ ကက်ဒီများသည် အပေါ်အောက်အဖြူရောင်ပဲ ၀တ်ကြရသည်။ ပရိသတ်အားလုံးလည်း တည်တည်တံ့တံ့ ၀တ်စားကြရသည်။ အားလုံး၌ ခါးပတ်ပါကြသည်။ ဆဲလ်ဖုန်းများအား မည်သူမျှမသုံးကြ။ ဆယ်လ်ဖီရိုက်သော တုတ်တံများကိုလည်း မတွေ့ရပါ။ ကလေးငယ်များကို တွေ့နိုင်သော်လည်း သူတို့ထံမှ အသံမထွက်ကြပါ။ မိဘများက သူတို့အား မဆူညံရန် တင်းတင်းကျပ်ကျပ် ပြောထားကြသည်။ မဟုတ်ပါက နောင်နှစ်များတွင် မလာရပါပြီ။ ဘေ့စ်ဘောဦးထုပ်မျိုးအား နောက်ပြန်ဆောင်းထားမှုမျိုးကိုလည်း မတွေ့ရပါ။ ပရိသတ်ထဲ၌ ပြေးလွှားနေမှုမျိုးကိုလည်း မတွေ့ရပါ။

septgolf4

လေးဒေါ်လာတန်ဘီယာဘူး မည်မျှပင်သောက်ထားစေကာမူ လူ့ကျင့်ဝတ်နားလည်ရမည်ဟူသော စည်းမျဉ်းများကို လိုက်နာကြပါသည်။ အဆိုပါစည်းမျဉ်းများမှာ တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမဟုတ်ပါ။ စည်းကမ်းကျနလှသော အမေရိကန်လူရွယ်များအား တွေ့မြင်နေရသည်မှာ ရှားပါး၍ ကျေနပ်စရာအတွေ့အကြုံပင် ဖြစ်ပါသည်။ ပရိသတ်များနေရာလုကြသည်ကိုလည်း မတွေ့ရပါ။ စောစီးစွာ ရောက်သူများသည် ခွင့်ပြုထားသော ကြိုးလိုင်းပြင်ပမြက်ခင်းပြင်များ၌ ကိုယ်ပိုင်ကုလားထိုင်များဖြင့် ကြိုက်နှစ်သက်ရာနေရာကို ယူနိုင်ကြပြီး တစ်နေ့လုံး မရွှေ့မပြောင်းဘဲလည်း နေနိုင်ကြပါသည်။ မည်သည့်ပြဿနာမျှ မရှိပါ။

septgolf6

သြဂတ်စ်တာမြို့ . . .

ပြိုင်ပွဲကာလ၌ သြဂတ်စ်တာမြို့လေးသည် အံ့အားသင့်လောက်အောင်ပင် အစစအရာရာ အသင့်ဖြစ်နေပါသည်။ ကမ္ဘာ့ကြီးကျယ်သော အားကစားပွဲများ ကျင်းပရာမြို့ကြီးများသည် ပွဲတော်ကာလ၌ မြို့၏ အခြေခံအဆောက်အအုံ၊ လမ်းပန်း၊ တည်းခိုမှုနှင့် ပို့ဆောင်မှုများကျပ်တည်းကာ အခက်အခဲပြဿနာပေါင်းစုံ ကြုံတွေ့ရလေ့ရှိပါသည်။ မာစတာစ်ပြိုင်ပွဲကာလ၌ ထိုရက်သတ္တပတ်အတွင်း လူဦးရေနှစ်ဆခန့်များပြားလာသော်လည်း သြဂတ်စ်တာမြို့ကလေးမှာ သက်သောင့်သက်သာရှိလျက်ပါ။ ယောက်ယက်ခတ်ရန်မလိုဘဲ ဇိမ်ရှိရှိနေထိုင်သွားလာလှုပ်ရှားနိုင်ပါသည်။

မြို့ကလေး၏ မြူနီစီပယ်လေဆိပ်ငယ်လေးသို့ သင်ရောက်ကတည်းက ဂျင်မီဘတ်ဖက်နှင့် အယ်လစ်ဆင်ခရောက်စ်တို့၏ တေးသံသာများထုတ်လွှင့်ထားသည့် ခန်းမက ကြိုနေပါလိမ့်မည်။ ဘားကောင်တာကလည်း ရမ်တစ်ခွက် သို့မဟုတ် ကုတ်ခ်တစ်ခွက်ဖြင့် ဧည့်ခံပါလိမ့်မည်။ ဧည့်သည်အားလုံးမှာ မာစတာစ်ပွဲသို့ လာကြသူများချည်းသာ ဖြစ်ကြပါသည်။ ရည်ရွယ်ချက်ချင်း တူနေကြသူများပါ။ ဧည့်သည်အချင်းချင်း တစ်ဦးနှင့်တစ်ဦး သိကျွမ်းပြီးသားများကဲ့သို့ ဖြစ်နေကြပါသည်။ တက္ကစီအငှားယာဉ် မြောက်မြားစွာမရှိသော်လည်း လိုချင်သည့်အချိန်တွင်ရမြဲပါ။ ထိန်းသိမ်းမရသော ယာဉ်ကြောပိတ်ဆို့မှုများလည်း မရှိပါ။ Super Bowl ပြိုင်ပွဲကျင်းပသော နယူးယောက်မြို့နှင့် Grand Prix ကားပြိုင်ပွဲကျင်းပသော အင်ဒီယာနာပူးလစ်စ်မြို့တို့အနေဖြင့် ဤမြို့လေးအား နမူနာယူစရာပင် ကောင်းလှပါသည်။ မြို့ကလေး၏ ရာသီဥတုကလည်း ပိုသာယာသည်။

septgolf7

ဂေါက်သီးအားကစား . . .

ဂေါက်သီးအား သင်တစ်ခါမျှ မကစားဖူးပါက ဤအားကစား မည်မျှခက်ခဲသည်ကို သင်သိလိမ့်မည်မဟုတ်ပါ။ တစ်ဖန်ပရိုများ ကစားပုံအား သင်တစ်ကြိမ်မျှ မတွေ့ဖူးပါက ထိုအားကစားသမားများ မည်မျှကျွမ်းကျင်သည်ကို သင့်အားရှင်းပြရန် မဖြစ်နိုင်ပါ။ အကယ်၍ သင်ကြည့်နေသော ပြိုင်ပွဲကြီးကို သင်နားလည်သဘောပေါက်သည် ဆိုပါလျှင်မူကား ဤပွဲကြီးအား စိတ်ပါလက်ပါ ကြည့်ရှုနေရသည့်ကာလ၌ ကျန်အရာအားလုံးနှင့် ကျန်လောကကြီးတစ်ခုလုံးအား မေ့ထားဖြစ်လောက်အောင် လုံးဝဥဿုံ အံ့သြရှုမောလောက်သော ပြိုင်ပွဲကြီးဖြစ်ကြောင်း သင်သိလာပါလိမ့်မည်။

ဤသို့ကြည့်လိုက်ရခြင်းဖြင့် ဂေါက်သီးအားကစားဟူသည် လေးစားဖွယ်ကောင်းပါလားဟူသော အသိအမြင်ပမာဏတစ်ခု သင်ရလာမည်ဖြစ်ပြီး ဤအားကစား၌ မိမိကိုယ်မိမိ ရိုကျိုးနှိမ့်ချရသော အသိစိတ်ဓာတ်မျိုး ရှိရမည်ဆိုသည်ကိုလည်း သင်မျက်မြင်တွေ့ကြုံရပါလိမ့်မည်။ ဂေါက်သီးနှင့်ပတ်သက်၍ ကျွမ်းကျင်မှု ရှိရှိ မရှိရှိ၊ သင့်ရုပ်ပိုင်းဆိုင်ရာအခြေအနေ ပေးပေး မပေးပေး၊ ဤပွဲကြီးကြည့်ပြီးနောက် ဂေါက်တုတ်အား ကောက်ကိုင်လိုက်ကာ ဂေါက်ရိုက်ချင်စိတ်များ သင့်၌ ပေါ်ပေါက်လာပါလိမ့်မည်။ သို့မဟုတ် အနည်းဆုံးတော့ နောက်နှစ်တွင်လည်း ဤပွဲကြီးအား လာရောက်ကြည့်ရှုချင်စိတ်များ ပေါ်ပေါက်နေပါလိမ့်မည်။ (၂၀၁၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် Bangkok Post သတင်းစာပါ Matthew Miller ၏ ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုခြင်းဖြစ်ပါသည်။)

ဝင်းမြင့်သိန်း