တရုတ်မှာ ဆင်းရဲသားများအတွက် Alibaba က ဒေါ်လာ ၁.၅ ဘီလီယံ သုံးစွဲသွားမယ်

int'lnews2

E-commerce လုပ်ငန်းကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ Alibaba Group က တရုတ်နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်တည်ထောင်လိုက်တဲ့ အထူးရန်ပုံငွေကနေ တရုတ်ယွမ်ငွေ ၁၀ ဘီလီယံ (ဒေါ်လာ ၁.၅၁ ဘီလီယံ) ကို လာမယ့် ငါးနှစ်တာကာလတစ်လျှောက် သုံးစွဲသွားမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။ ဒီလိုသုံးစွဲမှုကို Alibaba ရဲ့ တည်ထောင်သူလည်းဖြစ် အမှုဆောင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ Jack Ma ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သွားမှာ ဖြစ်တယ်။

သတင်းစာရှင်းလင်းတင်ပြပွဲမှာ Jack Ma က ''ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဦးတည်ချက်ကို ကျွန်တော်တို့ အကောင်အထည်ဖော်သွားနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ရန်ပုံငွေကို သုံးစွဲပြီး လူ့အဖွဲ့အစည်းကို ပြန်လည်အကျိုးပြုသွားမှာ ဖြစ်ပါတယ်'' လို့ ပြောကြားတယ်။ ဒီရှင်းလင်းပွဲကို Alibaba ရဲ့ စီးပွားဖက် ၃၀ ကျော် တက်ရောက်တယ်။ ဒီအရေအတွက်ဟာ Alibaba ရှယ်ယာများကို ၂၀၁၄ ခုနှစ်က အများပြည်သူကို ပထမဦးဆုံး ထုတ်ရောင်းခဲ့တဲ့အခါတုန်းကထက် များပါတယ်။

Alibaba ရဲ့ အဲဒီရန်ပုံငွေထဲကနေ ကျန်းမာရေး၊ အမျိုးသမီးတွေ လုပ်ကိုင်ခွင့်ကို ပိုမိုရရှိရေး၊ စွန့်ဦးတီထွင်လုပ်ကိုင်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးများအတွက် သုံးစွဲသွားမှာ ဖြစ်တယ်။