အမေရိကားကို အလုပ်ကိစ္စနဲ့ သွားမယ်ဆိုရင်

Adeana1

စီးပွားရေးကိစ္စနဲ့ ပြည်ပခရီးသွားရင် လိုက်နာရမယ့်ကျင့်ထုံးတွေကို နိုင်ငံအလိုက် ဖော်ပြလျက်ရှိပါတယ်။ အမေရိကန်နိုင်ငံကို သွားရောက်မယ့်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ တခြားသိအပ်တဲ့အချက်တွေကို အမေရိကန်လူမျိုးဖြစ်တဲ့ Adeana Shendal Greenlee က ပြောပြထားပါတယ်။ Adeana ဟာ TODAY Ogilvy Public Relations မှာ Vice President အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

စီးပွားရေးသမားတစ်ယောက်အနေနဲ့ အမေရိကားကိုသွားတဲ့အခါမှာ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ . . .

ယေဘုယျအားဖြင့်တော့ အမေရိကန်လူမျိုးတွေဟာ ဖော်ရွေပွင့်လင်းကြပါတယ်။ တစ်ခါတလေမှာ အမေရိကားကို လာလည်ဖို့အတွက် Immigration နဲ့ ပတ်သက်ပြီး အခက်အခဲရှိနိုင်တယ်ဆိုပေမယ့် အမေရိကန် တော်တော်များများကတော့ နိုင်ငံခြားဧည့်သည်တွေကို ကြိုဆိုကြပါတယ်။

စီးပွားရေးလုပ်ငန်းဆွေးနွေးရန် Appointment ယူချိန်းဆိုရင် . . .

အမေရိကန်လူမျိုးတွေဟာ အချိန်တိကျတာကို နှစ်သက်ကြတဲ့အတွက် ကိုယ်ကိုယ်တိုင်က မသေချာဘူးဆိုရင် ကြိုတင် Appointment ယူထားတာမျိုး မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ တကယ်လို့သင်ဟာ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ခရီးသွားရတဲ့အခါမျိုးမှာ ကိုယ်တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံပြီး ချိန်းဆိုရမယ်ဆိုရင်တော့ ကိုယ်နဲ့ကိုယ့်ကုမ္ပဏီအကြောင်း အနည်းငယ်မိတ်ဆက်စာနဲ့အတူ ဘာကြောင့်သူနဲ့ တွေ့လိုတယ်၊ တွေ့ဆုံဆွေးနွေးပွဲကနေ ဘာတွေကို မျှော်လင့်ထားတယ်ဆိုတာတွေကို E-mail နဲ့ရေးပြီး ကြိုတင် Appointment ယူထားတာမျိုး ပြုလုပ်သင့်ပါတယ်။ Appointment ပြုလုပ်ရာမှာ ဖုန်းနဲ့ SMS ပို့ပြီး ချိန်းဆိုတာမျိုး မပြုလုပ်သင့်ပါဘူး။

ပထမအကြိမ် နှုတ်ဆက်မယ်ဆိုရင် . . .

ပုံမှန်အားဖြင့်တော့ အမေရိကန်လူမျိုးတွေဟာ သိပ်ပြီး ပြဿနာမရှိတတ်ကြတဲ့အတွက် ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံတဲ့အခါမှာ သူ့ရဲ့နာမည်ကို မသိဘူးဆိုရင် Mr ၊ Mrs ၊ Prof; ၊ Dr အစရှိသဖြင့် သူ့ရဲ့ ဂုဏ်ပုဒ်ပေါ်မူတည်ပြီး ရိုးရိုးပဲ နှုတ်ဆက်နိုင်ပါတယ်။ တကယ်လို့ သူ့ရဲ့နာမည်ကို သိတယ်ဆိုရင်တော့ အရင်ဆုံးသူ့ရဲ့ ရှေ့နာမည်ကိုခေါ်ပြီး မိတ်ဆက်တာမျိုးကို ပြုလုပ်သင့်ပါတယ်။

ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါမှာ လက်ဆောင်ပေးသင့် ၊ မသင့် . . .

သင်ဟာ ဘယ်နိုင်ငံကလာတယ်ဆိုတာကို ဖော်ပြဖို့အတွက်နဲ့ သင်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ရေရှည်ခိုင်ခံ့အောင် တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ လက်ဆောင်ပေးသင့်တယ်လို့ မြင်ပါတယ်။ ပေးကိုပေးရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

Adeana2

စီးပွားရေးနဲ့မသက်ဆိုင်ဘဲ အမေရိကန်လူမျိုးတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတဲ့အခါမှာ လေပေးဖြောင့်အောင် ဘယ်အကြောင်းအရာမျိုးတွေကို ပြောသင့်ပါသလဲ . . .

အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံအကြောင်းကို ပြောသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နေတယ်၊ ဘယ်လိုအခွင့်အလမ်းတွေရှိတယ် စတဲ့အကြောင်းအရာတွေကို ပြောတာက သင်တို့ရဲ့ ရင်းနှီးမှုကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုပြီးသွားပြီး ညှိနှိုင်းတာက အဆင်မချောဘူးဆိုရင် ဘာတွေဆက်လုပ်သင့်ပါသလဲ . . .

တွေ့ဆုံဆွေးနွေးမှုက အဆင်မပြေဘူးဆိုပေမဲ့ သင့်အနေနဲ့ နောက်ပိုင်းမှာ သူတို့နဲ့အတူ လုပ်ငန်းစပ်တူလုပ်ကိုင်ဖို့ ဆန္ဒရှိနေသေးတယ်ဆိုရင် အခုလိုအချိန်ပေး တွေ့ဆုံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလောက်ကိုတော့ ပြောသင့်ပါတယ်။ သင့်အတွက် အချိန်ဟာ တန်ဖိုးရှိတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ တခြားကိစ္စတွေရှိတဲ့အခါမှာ ကျွန်တော် ဆက်သွယ်ပါဦးမယ်ဆိုတဲ့စကားမျိုးနဲ့ ရင်းနှီးမှုကို တည်ဆောက်ထားသင့်ပါတယ်။ အမေရိကန်လူမျိုးတွေဟာ မှတ်ချက်တစ်ခုကို စာနဲ့ရေးပြီးပြောခဲပါတယ်။ တကယ်လို့ သင်တို့ရဲ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး စာနဲ့ရေးပြီး မှတ်ချက်ပြုခံရတယ်ဆိုတာဟာ မကောင်းတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ အများကြီးအခွင့်အလမ်းကောင်းတယ်၊ သူနဲ့အတူ အလုပ်တွဲလုပ်လိုတယ်ဆိုတဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။

တကယ်လို့ ညှိနှိုင်းမှုက အဆင်ပြေခဲ့ရင်ကော နောက်တစ်ဆင့် ဘာလုပ်ရမလဲ . . .

တကယ်လို့ တွေ့ဆုံညှိနှိုင်းမှုက အဆင်ပြေတယ်ဆိုရင်တော့ ညှိနှိုင်းမှုမှာ ဆုံးဖြတ်ချက်ပြုလုပ်ခဲ့တဲ့အတိုင်းပဲ ဘယ်သူတွေကတော့ ဘာတွေလုပ်နေပြီ၊ နောက်တစ်ခေါက် တွေ့ဆုံမှုမှာတော့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတာနဲ့ ဘယ်မှာတွေ့ကြမယ်ဆိုတာတွေ ရေးထားတဲ့ E-mail တစ်စောင်လောက် ပို့ထားသင့်ပါတယ်။

အခြားအကြံပြုချင်တာရှိရင် . . .

ကျွန်မအနေနဲ့ အမေရိကန်မှာ တွေ့ဆုံဆွေးနွေးပွဲတွေကို သွားရောက်ပြုလုပ်တဲ့အခါမှာ ဆွေးနွေးပွဲက ရုံးခန်းတွင်းမှာမဟုတ်ဘဲ၊ စားသောက်ဆိုင်လိုနေရာမျိုးမှာ ပြုလုပ်တာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ သင်ကငွေရှင်းရမယ့်လူဆိုရင် သင်ရှင်းရမယ့်ငွေရဲ့ ၁၅၊ ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းလောက်ကို ကိုယ့်စားပွဲကို တာဝန်ကျတဲ့ဝန်ထမ်းကို ဘောက်ဆူးအနေနဲ့ ပေးသင့်ပါတယ်။ နောက်ပြီး အမေရိကန် လူမျိုးတွေဟာ အချိန်တိကျမှုကို တအားနှစ်သက်ကြတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားတဲ့အခါမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကနောက်ကျမယ်ဆိုရင် ငါးမိနစ်လောက်အလိုမှ နောက်ကျမယ်ဆိုတဲ့အကြောင်းကို ပြောတာမျိုးမပြုလုပ်သင့်ပါဘူး။ ချိန်းဆိုတဲ့အခါမှာ ကိုယ်တကယ်ရောက်နိုင်တဲ့ အချိန်လောက်ကိုသာ ချိန်းဆိုသင့်ပါတယ်။ နောက်ပြီး အမေရိကန်လူမျိုးတွေဟာ ကြားဖြတ်တာမျိုးကို မနှစ်သက်ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။ Public Place တွေမှာ ဖုန်းပြောတဲ့အခါမှာဆိုရင် အသံကိုနှိမ့်ပြီး ပြောသင့်ပါတယ်။ ရုံးခန်းထဲမှာဆိုရင်လည်း ကိုယ့်ရဲ့ဖုန်းကို Silent လုပ်ထားပြီး ဖုန်းလာတယ်ဆိုရင်တောင် ဖုန်းပြောဖို့အတွက် သတ်မှတ်ထားတဲ့နေရာကို သွားပြောသင့်ပါတယ်။ အမေရိကန်လူမျိုးတွေဟာ ဖော်ရွေပွင့်လင်းမှုနဲ့လည်း ကျော်ကြားကြတဲ့အတွက် တစ်ခုခုမသိလို့ မေးချင်တာ ရှိတယ်ဆိုရင်လည်း ဘယ်တော့မှ မေးဖို့မရှက်ဖို့ အကြံပေးလိုပါတယ်။

စီးပွားရေးအရတွေ့ဆုံတဲ့အခါမျိုးမှာ ဘယ်လိုအ၀တ်အစားမျိုးကို ၀တ်ဆင်ဖို့ သင့်တော်ပါသလဲ . . .

ကျွန်မဆိုရင် ကိုယ်သွားတွေ့မယ့်လူနဲ့ စရိုက်နဲ့ကိုက်ညီတဲ့ အ၀တ်အစားမျိုး ၀တ်ဆင်ပါတယ်။ ကိုယ်သွားတွေ့မယ့် ပုဂ္ဂိုလ်ပေါ်မူတည်ပြီး ဘယ်လိုအ၀တ်အစားမျိုး ၀တ်ဆင်သင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ Business Attire ဖြစ်မယ့် အ၀တ်အစားမျိုးကို ၀တ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

နန္ဒာနေဝင်း၊ ကိုဒီ