အဂတိပယ်ခွာပြည်သာယာ ၂၁

ဖြစ်နိုင်ဖွယ်ရှိသောဝင်ပေါက်များ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အစိုးရဌာနများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော အရပ်ဘက်အဖွဲ့အစည်းများသည် အဖိတ်ခေါ်ခံတတိယအဖွဲ့ အစည်းအဖြစ် အသင့်စောင့်ဆိုင်းနေခြင်းထက် မိမိတို့အတွက်ဖြစ်နိုင်ဖွယ်ရှိသောဝင်ပေါက်များကို မိမိတို့ဘာသာ ကြိုတင်ဖောက်လုပ်ထားခြင်းသည် သာလွန်ကောင်းမွန်သော နည်းဗျူဟာဖြစ်သည်။ ယင်းသည် အပြုသဘောဆန်၍ လက်တွေ့တွင်လည်း အောင်မြင်မှုရရှိနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တတိယအဖွဲ့အစည်းအဖြစ် အဖိတ်ခေါ်မခံရ၍ ဒေါမနဿပွားခြင်းနှင့် အပြန်အလှန် အပြစ်တင်ခြင်းတို့ကား နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်မည်မထင်ပါ။ အရပ်ဘက်အဖွဲ့အစည်းများအတွက် အစိုးရဌာနများ သို့မဟုတ် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးဝင်ပေါက်တချို့တွင် –

၁။ သုတေသနနှင့် သုံးသပ်ချက်ပြုလုပ်ပေးခြင်း၊

၂။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူများအပေါ် စောင့်ကြည့် စစ်ဆေးပေးခြင်း၊

၃။ မူဝါဒများ၊ ဥပဒေများ၊ စံနှုန်းများ၊ နမူနာပြသမှုများ အပေါ် အားပေးထောက်ခံခြင်း၊

၄။ အများပြည်သူသတိပြုမိရေးအတွက် ကူညီဆောင်ရွက် ပေးခြင်း၊

၅။ လှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်

၆။ ဝန်ဆောင်မှုနှင့် သင်တန်းပေးခြင်းတို့ ပါဝင်ပါသည်။

ဤဝင်ပေါက်များမှ ဝင်ရောက်လာသူများကို အစိုးရဌာနများကဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကဖြစ်စေ မိတ်ဆွေဟုရှုမြင်ခံရနိုင်ပါသည်။ ထိုသို့ မရှုမြင်သည့်တိုင် ရန်သူဟူ၍ကား မှတ်ယူမည်မဟုတ်ပါ။ အပြင်ဘက်မှ ပြစ်တင်ဝေဖန်ခြင်း၊ ရှုတ်ချခြင်း၊ ဆန့်ကျင်ဆန္ဒပြခြင်းတို့သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အကူအညီပေးနိုင်ရေး လက်လှမ်းဝေးစေမည်သာဖြစ်ပါသည်။

သုတေသနနှင့် သုံးသပ်ချက်ပြုလုပ်ခြင်း ဝင်ပေါက်တွင် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးအကူအညီပေးနိုင်သည်မှာ ကျယ်ပြန့်သော လူ့အသိုက်အဝန်းများအကြား၌ စစ်တမ်းကောက်ယူပေးခြင်းဖြစ်ပါသည်။ အရပ်ဘက်အဖွဲ့အစည်းအချင်းချင်းကွန်ရက်ချိတ် ဆက်မှုရှိရသည့်အပြင် ကောင်းစွာလေ့ကျင့်ထားပြီးမှ ဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်၍ ဤနေရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှုမှာတန်ဖိုးရှိလှပါသည်။ စစ် တမ်းကောက်ယူခြင်းသည် အဂတိလိုက်စားမှုနှင့်ပတ်သက်သော အတွေ့အကြုံကို ကောင်းစွာနားလည်မှုရှိစေသည်ဖြစ်၍သက်ဆိုင်ရာဌာန/လုပ်ငန်းအနေဖြင့်လည်း ဤအကူအညီမျိုးကို ပို၍တန်ဖိုးထားမှုရှိနိုင်ပါသည်။ စစ်တမ်းကောက်ရာတွင် ပါဝင်သောအရပ်ဘက် အဖွဲ့အစည်းများအတွက်လည်း လက်တွေ့မြေပြင်တွင်ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုအခြေအနေနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များရရှိနိုင်သည်ဖြစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများ၊ စံနှုန်းများအတွက် အားပေး ထောက်ခံမှုပြုရာတွင် အထောက်အထားဖြစ်စေပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးပေးခြင်းသည် အရပ်ဘက်အဖွဲ့အစည်းများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တာဝန်ရှိသော အစိုးရအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂ၏ကွန်ဗင်းရှင်းကို လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိသောအစိုးရအေဂျင်စီများအနေဖြင့်လည်း လက်တွေ့ဆောင်ရွက်ရာတွင်အခက်အခဲများ တွေ့ရှိနိုင်သလို ယင်းတို့၏တာဝန်ရှိမှုများအတွက် ထိုက်သင့်သော အကောင်အထည်ဖော်မှု မပြုနိုင်ဟု ရှုမြင်သုံးသပ်ချက်များ ပေါ်ထွက်လာမည်ကိုလည်း စိုးရိမ်ပူပန်မှုရှိနေကြမည်သာ ဖြစ်ပါသည်။ ဤနေရာတွင် အရပ်ဘက်အဖွဲ့အစည်းများက ယင်းအခြေအနေကို နားလည်မှုရှိ ခြင်းနှင့် အပြုသဘောအကြံဉာဏ်ပေးမှုများသည် သူတို့အတွက် တန်ဖိုးရှိလှပါသည်။

အစိုးရအေဂျင်စီများကဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများကဖြစ်စေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒများ၊ ဥပဒေများ၊ စံနှုန်းများ၊ နမူနာပြုမူလုပ်ဆောင်မှု များကို အားပေးထောက်ခံရာတွင် အရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် ဖြစ်နိုင်သောနည်းလမ်း၊ ဖြစ်နိုင်သော အခန်း ကဏ္ဍမှပါဝင်လျက် အဆိုပါမူဝါဒများ၊ ဥပဒေများ၊ စံနှုန်းများ အောင်မြင်စွာဖြစ်မြောက်အကောင်အထည်ပေါ် လာစေရန် အကူအညီပေးသွားရန် လိုအပ်ပါသည်။ အဆိုပါမူဝါဒ၊ ဥပဒေစံနှုန်းများအတွက် တာဝန်ယူရသူမှာ အစိုးရအေဂျင်စီများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ ဖြစ်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စိတ်တိုင်းကျအနေအထားဖြင့် ယင်းတို့ထံမှမူဝါဒ၊ ဥပဒေတစ်ရပ်ပေါ်ထွက်လာရေးအတွက်ကား မမျော်လင့်နိုင်ပါ။ သို့သော် ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လိုက်လျောညီညွတ် မှုရှိသော အရွေ့တစ်ခုဖြစ်လျင်ပင် အရပ်ဘက်အဖွဲ့အစည်းများဘက်က အားပေးထောက်ခံမှုပြုထိုက်ပြီဖြစ်ပါသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ထိုသို့အားပေးထောက်ခံမှုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဝင်ပေါက်ကို ကောင်းစွာချဲ့ထွင်ပေးနိုင်မည်ဖြစ်ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အများပြည်သူ အသိပညာတိုးတက်လာစေရန် ပညာပေးရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများတွင် ပြည်သူလူထု အတူတကွပါလာအောင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ဝန်ဆောင်မှု အမျိုးမျိုးပေးခြင်း၊ လူထုပညာပေးရေးသင်တန်းများဖွင့်လှစ်ခြင်းတို့သည် အရပ်ဘက်အဖွဲ့အစည်းများက မိမိတို့ အသိုက်အဝန်းအတွင်း၌ အစဉ်အမြဲပြုလုပ်နေရမည့် ဝတ္တရားများဖြစ်ရာ ထိုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် အစိုးရအဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများ၏ ပညာပေးရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေနိုင် ပါသည်။ တစ်ခါတစ်ရံတွင် အစိုးရအေဂျင်စီကမလုပ်နိုင်သော ကွက်လပ်နေရာများကို အရပ်ဘက်အဖွဲ့အစည်းများက ဝင်ရောက်ဖြည့်ဆည်းပေးခြင်းဖြင့် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အစိုးရအေဂျင်စီများနှင့် ထိရောက်စွာလက်တွဲဆောင်ရွက် သွားနိုင်မည်ဖြစ်ပါသည်။

အမှန်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရည်မှန်းချက်တာဝန်သည် အစိုးရအေဂျင်စီ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားတစ်ဦးချင်းစီမှာလည်း တာဝန်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ပေါင်း များစွာ အဂတိလိုက်စားမှုများက လက်ရဲဇက်ရဲ၊ အင်အားကြီးမားခဲ့သည့်အတွက် တိုင်းပြည်ဆင်းရဲဒုက္ခရောက်ရ အခါ အများဆုံးဒုက္ခခံစားကြရသည်မှာ အများပြည်သူလူထုကြီးသာဖြစ်ပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ရန်ဘက်လို၊ ပြိုင်ဘက်လို သဘောမထားသင့်ကြဘဲ အဂတိမှန်လျင် ဘုံရန်သူအဖြစ်အားလုံးက တစ်ခဲနက်ဆန့်ကျင်တိုက်ဖျက်ကြရန် လိုအပ်ပါသည်။ အားလုံးပါဝင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုလည်း ပိုမိုတက်ကြွလန်းဆန်းလာစေမည် ဖြစ်ပါသည်။

မင်းဗထူး