ဗီယက်နမ်က ယခုနှစ် ဂျီဒီပီ တိုးတက်နှုန်း ၇ ရာခိုင်နှုန်းရောက်ရှိဖို့မျှော်မှန်း

ယခင်ကသတ်မှတ်ထားခဲ့တဲ့မျှော်မှန်း စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းကနေ ၆.၅ ရာခိုင်နှုန်းရှိဖို့လျာထားချက်ကို ဒီတစ်ပတ်အစပိုင်း တနင်္လာနေ့က ထပ်မံတိုးမြှင့်လိုက်ကြောင်းကို ဗီယက်နမ်နိုင်ငံရဲ့စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဝန်ကြီး Nguyen Chi Dung ပြောလိုက်ပါတယ်။

ဒီလိုမျှော်မှန်းထားချက်ပြည့်မီရောက်ရှိဖို့ဆိုရင်တော့ နှစ်အလိုက်ယှဉ်တဲ့စီးပွားရေးတိုးတက်နှုန်းဟာ ဒီတတိယသုံးလပတ်နှိုင်းယှဉ်ချက်မှာ ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်းနဲ့၊ လာမယ့် စတုတ္ထသုံးလပတ်နှိုင်းယှဉ်ချက်မှာတော့ ယခင်နှစ်ကထက် ၆.၃ ရာခိုင်နှုန်း အသီးသီးပိုများဖို့လိုနေတာဖြစ်တယ်လို့ သူကထပ်မံဖြည့်စွက်ပြောဆိုပါတယ်။

Dung က နိုင်ငံရဲ့ဘတ်ဂျက်လျာထားချက်မှာ ပိုငွေပြနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူပြည်သားတွေကို ထောက်ပံ့ပေးနိုင်မယ့် ဘဏ္ဍာရေးပေါ်လစီတွေချမှတ်လုပ်ကိုင်ဖို့ လုပ်နိုင်ကြောင်းလည်းဆိုပါတယ်။

Credit Institutions တွေအနေနဲ့လည်း သူတို့ရဲ့ ချေးငွေအတိုးနှုန်းတွေကိုလျှော့ချဖို့လုပ်ရလိမ့်မှာဖြစ်ကြောင်းနဲ့ အဓိကကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ ထည့်ဝင်ငွေအပေါ်မှာ ဖိအားများနေတာတွေလျော့ကျသွားစေဖို့၊ စီးပွားရေးအသိုက်အဝန်းအပေါ်ဖိအားတွေလျော့ကျဖို့ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

ယခုအခါမှာ ဒေသတွင်းကုန်ထုတ်လုပ်ရေးအချက်အချာဒေသဖြစ်လာတဲ့ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးခဲ့ကာ စက်ရုံအလုပ်ရုံတွေကို အပြည့်အဝပြန်လည်လည်ပတ်နိုင်အောင် လုပ်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက စီးပွားရေးကပြန်လည်နာလန်ထလာခဲ့ပြီး ဆယ်စုနှစ်တွေအတွင်းမှာ အနှေးကွေးဆုံးနှုန်းနဲ့ ပြန်လည်တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။ (စီးပွားရေးပြန်လည်တိုးတက်နှုန်းက ပြီးခဲ့တဲ့နှစ်တုန်းက ၂.၅၈ ရာခိုင်နှုန်းပဲရှိခဲ့တာပါ။)

အရှေ့တောင်အာရှဒေသတွင်းကနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ ယခုနှစ် ဒုတိယသုံးလပတ်မှာတော့ ဂျီဒီပီတိုးတက်မှုနှုန်းက ၇.၇၂ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပြီး ပို့ကုန်အားကောင်းခြင်းကအဓိကအကြောင်းရင်းခံဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့်လည်း ဒီနှစ်လက်ကျန်ကာလတွေမှာတော့ နိုင်ငံတွင်းငွေကြေးဖောင်းပွနှုန်းပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးထားကြပါသေးတယ်။

Ref : CNA