ဦးအောင်ချစ်ခင်
Founder and MD
Strategy First Institute
Strategy First Institute လို့ဆိုလိုက်တာနဲ့ ကျောင်းဆရာလည်းဖြစ်၊ လုပ်ငန်းရှင်လည်းဖြစ်တဲ့ ဦးအောင်ချစ်ခင်ကို တွဲဖက်မြင်ကြမှာဖြစ်ပါတယ်။ ကိုယ်တိုင်က ငယ်စဉ်ကတည်းက မိဘလက်ငုတ်လက်ရင်းလုပ်ငန်းမှာ ဦးစီးလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့အပြင် အချိန်တစ်ခုကျရောက်လာတဲ့အခါမှာလည်း ကိုယ်ပိုင်သင်တန်းကျောင်းထူထောင်ခဲ့သူဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာလည်း ကိုယ်တိုင်ကသီအိုရီကို လက်တွေ့အသုံးချပြီး လုပ်ငန်းလည်ပတ်နေသူဖြစ်တာကြောင့် ထိထိရောက်ရောက်သင်ကြားပို့ချနိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ လက်ရှိရပ်တည်ချက်၊ စီမံခန့်ခွဲမှုအပိုင်းနဲ့အတူ အနာဂတ်မျှော်မှန်းချက်တို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
နောက်ခံပညာရေးနဲ့ Strategy First မတိုင်ခင် လုပ်ငန်းအတွေ့အကြုံကိုလည်း ပြောပြပေးပါ . . .
ကျွန်တော့်ကို ၁၉၈၀ ပြည့်နှစ်မှာ မွေးတယ်။ အခုဆိုရင် အသက် ၃၇ နှစ်ရှိပါပြီ။ ပညာရေးကတော့ ဆယ်တန်းကို ၁၉၉၇ ခုနှစ်မှာ အောင်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ University of Delaware မှာ ကျောင်းတက်တယ်။ မေဂျာကတော့ Marketing ယူခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ကျောင်းထွက်လိုက်တော့ Marketing နဲ့ ပတ်သက်တာတော့ ဘာမှမသင်ခဲ့ရပါဘူး။ အဲဒီအချိန်က အခုလိုပဲ ဒေါ်လာဈေးက တော်တော့်ကို ခုန်တက်သွားတယ်။ သုံးရာ၊ လေးရာလောက်ကနေ တစ်ထောင်ကျော်အထိ ဖြစ်သွားတယ်။ ကျောင်းလခ လေးနှစ်စာလောက်က တစ်ခါတည်းသွင်းရမှာဆိုတော့ အဲဒီအခြေအနေနဲ့ဆိုရင် မတန်ဘူးလို့ ကျွန်တော်ထင်တယ်။ နောက်ပြီး မိဘတွေက ကျောင်းပြီးရင် အမေရိကမှာပဲနေပြီး အလုပ်လုပ်လို့ဆိုတဲ့အခါ အဲဒီက Life Style ကိုလည်း မကြိုက်တာနဲ့ ကျောင်းထွက်လိုက်တာပါ။
မိဘတွေက ယင်းမာတေးသံသွင်းပိုင်ရှင်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းကတော့ မိဘလုပ်ငန်းတွေ ကူလုပ်တယ်။ မိဘတွေ အမေရိကပြောင်းသွားတဲ့ ကျွန်တော့်အသက် ၂၂ နှစ်၊ ၂၃ နှစ်လောက်မှာ ယင်းမာတေးသံသွင်းကို ဆက်လုပ်ဖြစ်ပါတယ်။ ငယ်ငယ်ကလည်း မိဘတွေကိုကူလုပ်ရင်း ကလေးသီချင်းခွေတွေကို ထုတ်လုပ်ရေးအနေနဲ့ လုပ်ဖူးပါတယ်။ အင်္ဂလိပ်သီချင်းခွေ၊ မြန်မာသီချင်းခွေတွေ ထုတ်လုပ်ရေးလုပ်ပေးတယ်။ ပရိတ်ခွေတွေလည်း စာတန်းထိုးနဲ့ စလုပ်ပြီး ထုတ်လုပ်ရေးလုပ်ပေးတယ်။ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ စတာကတော့ အသက် ၂၆ နှစ်မှာ ကျွန်တော့်ညီနဲ့အတူတွဲပြီး ပုတက်ဂျာနယ်ထုတ်တာ ဖြစ်ပါတယ်။
သင်ကြားရေးပိုင်းဘက်ကို ရောက်သွားခဲ့ပုံကိုလည်း ပြောပြပေးပါ . . .
အဲဒီလိုနဲ့ မြန်မာပြည်မှာပဲနေဖြစ်ပြီး ဒီမှာပဲ ပညာရေးပိုင်းကို ဆက်လုပ်တယ်။ အရင်က ABE သင်တန်းတွေ တက်ဖူးတဲ့ MHR မှာ ABE သင်တန်းတွေ ထပ်တက်တယ်။ အဲဒါတက်ရင်း Alliance Francais မှာ ပြင်သစ်စာလည်း တက်ဖြစ်တယ်။ အဲဒီလိုသင်တန်းတွေတက်ရင်း ဆိုင်မှာပဲ ထုတ်လုပ်ရေးပိုင်းလုပ်တယ်။ အဲဒီမှာပဲ ဆရာဦးအေးကျော်ကနေ စာသင်တဲ့သူရှားလို့ စာသင်ပေးဦး၊ အထူးသဖြင့် Marketing ဘာသာသင်ပေးပါဆိုတော့ MHR မှာပဲ စာသင်ဖြစ်တယ်။
စာစသင်ဖြစ်တဲ့အချိန်က ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကဆိုတော့ သင်တန်းတွေကတော့ တော်တော်များများတက်ပြီးနေပြီ။ နောက်ပြီး ABE ပြီးတော့ CIM လည်း တက်ဖြစ်တယ်။ ဒီတော့ Marketing ကတော့ တော်တော်လေး ကျွမ်းကျင်လာတယ်။ အဲဒါကြောင့် ဆရာကလည်း ပြန်သင်ပေးပါဆိုတာနဲ့ စာဆက်သင်ဖြစ်တယ်။ စာသင်ရင်း ပုတက်လည်း စထုတ်ဖြစ်တယ်။ အဲဒီအချိန်မှာ ဆရာမကြီး ပါမောက္ခ ဒေါ်လှမြင့်က ကျွန်တော့်ကို အကြီးအကျယ်ကြော်ငြာပေးတယ်။ ဘယ်ကျောင်းမှာ Marketing ဆရာလိုလို ကျွန်တော့်ဆီညွှန်တယ်။ ဒီလိုနဲ့ ကျောင်းအတော်များများမှာ လိုက်သင်ဖြစ်ခဲ့တယ်။
စာသင်ကြားမှုပိုင်းကနေ ကိုယ်ပိုင်ကျောင်းဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း သိလိုပါတယ် . . .
၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်လောက်မှာ MBA တက်ဖို့ စဉ်းစားဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်က ကျောင်းထွက်ခဲ့တာဆိုတော့ ဘွဲ့မရှိဘူး။ Diploma တွေကတော့ အများ ကြီးရှိတယ်။ ဒီမှာကလည်း တက္ကသိုလ်တွေကပိတ်ထားတော့ မတက်ဖြစ်ဘူး။ အသက် ၂၈ နှစ်လောက်မှာ MBA တက်ဖို့ပြင်တော့ ကျောင်းစုံစမ်းတယ်။ UK မှာက First Degree မရှိရင် Diploma နဲ့ လုပ်သက်တွေရှိတယ်ဆိုရင် Degree Equivalent အနေနဲ့ Master တန်း လက်ခံတာမျိုးရှိတယ်။ ဒါပေမဲ့ UK မှာ သွားတက်ဖို့ကျတော့ အဲဒီအချိန်က တေးသံသွင်းလုပ်ငန်းကလည်း သိပ်အလုပ်မဖြစ်ဘူး၊ ဒီတော့ ငွေကြေးအရရော၊ သွားမယ်ဆိုလည်း လုပ်ငန်းတွေက ထားခဲ့ရမှာဆိုတော့ အဝေးကြီးမသွားချင်ဘူး။ အဲဒီတော့ ကျွန်တော်ကနီးတဲ့ မလေးရှားမှာ UK က ဖွင့်ထားတဲ့ University of Nottingham ကို လှမ်းလျှောက်လိုက်တယ်။ ဝင်ခွင့်ရတဲ့အတွက် အဲဒီမှာ တက်လိုက်တယ်။
ကျောင်းတက်နေရင်း ပုတက်အတွက်တော့ E-mail ကနေပဲ ဆက်သွယ်ပြီး အလုပ်လုပ်တယ်။ ဒီကနေပို့ပေးတယ်၊ ကျွန်တော်ကစစ်ပြီး အဆင်ပြေမပြေ ပြန်ပြောတယ်။ ဒီကနေ ထုတ်တယ်။
ကျောင်းပြီးလို့ ဘွဲ့ယူပြီးပြီးချင်း ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာပဲ ကျောင်းစဖွင့်ဖြစ်တယ်။ အစကတော့ ကျောင်းမပြီးခင် Thesis လုပ်နေတဲ့အချိန်မှာ စင်ကာပူသွားရင်ကောင်းမလား စဉ်းစားမိသေးတယ်။ တစ်သက်လုံး စီးပွားရေးလုပ်စေချင်ခဲ့တဲ့ မိဘတွေကလည်း ကိုယ်ပိုင်စီးပွားရေးမလုပ်တော့ဘဲ ဝန်ထမ်းလုပ်ဖို့ ပြောလာတယ်။ အဲဒါက သက်သာတယ်၊ သူတို့တစ်သက်လုံးလုပ်လာကြတယ်၊ နောက်ပြီး ကိုယ်ပိုင်စီးပွားရေးဆိုတာ ပျက်ရင်လည်း ပျက်သွားနိုင်တယ်၊ ပင်ပန်းတယ်၊ အကောင်းဆုံးက စင်ကာပူမှာသာ အလုပ်သွားလုပ်၊ အချိန်တန်ပင်စင်ရပြီး အေးအေးဆေးဆေးနေဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ကိုယ်ကလည်း အဲလိုမနေတတ်ဘူး။ ဒီတော့ မြန်မာပြည်မှာပဲ ကျောင်းဖွင့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒီအတွက် မိဘတွေကို တော်တော်ပြောလိုက်ရတယ်။
ကျောင်းဖွင့်ခါစကအခြေအနေကိုလည်း ပြန်ပြောင်းပြောပြပေးပါဦး . . .
မိဘတွေ သဘောတူတယ်ဆိုတော့မှ ဒီပန်းခြံတာဝါ ဆယ်ထပ်မှာ သင်တန်းစဖွင့်ဖြစ်တယ်။ အခန်းကျဉ်းလေးဖြစ်လို့ အယောက် ၂၀၊ အစိတ်လောက်ပဲ ဆံ့တယ်။ ဆရာကလည်း ကျွန်တော်တစ်ယောက်တည်းပဲရှိတယ်။ ဝန်ထမ်းက သုံးယောက်ရှိတယ်။ အဲဒီသုံးယောက်ကလည်း တပည့်တွေကိုပဲ ခန့်ထားတာဖြစ်ပါတယ်။ ပထမခြောက်လလောက်ထိတော့ ကျောင်းသားက ၅၀၊ ၆၀ ဝန်းကျင်ပဲ ရှိပါတယ်။ ငယ်ငယ်ကတည်းကတော့ စာသင်စားမယ်လို့ တစ်ခါမှမစဉ်းစားဖူးဘူး။
MBA မတိုင်ခင်အထိက စာသင်တာကို အပျော်ပဲလုပ်ခဲ့တယ်။ ဆရာတွေက လာသင်ပေးပါဦးဆိုရင် သွားသင်လိုက်တယ်။ ဒါပေမဲ့ အဲဒီတုန်းက စာသင်ချိန်က အခုထက်များပါတယ်။ ကျောင်းဖွင့်ပြီးနောက်မှာလည်း လုံးဝစိတ်အပါကြီးမဟုတ်ပေမဲ့ တဖြည်းဖြည်းနဲ့ ကျောင်းသားတွေလည်း များလာတယ်။ နှစ်နှစ်လောက် ကြာတဲ့အခါမှာတော့ ကျောင်းသားနှစ်ရာလောက်ရရင်ကို တော်တော်ပျော်မိနေပါပြီ။ ဒါပေမဲ့ အဲဒီအချိန်ထိကို လုံးလည်ချာလည်လိုက်နေသေးတယ်။
စရိတ်တွေလည်း မကာမိသေးဘူး။ ကျောင်းပိတ်လိုက်ဖို့တောင် စိတ်ကူးတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ပုတက်က ပိုက်ဆံတွေနဲ့ လည်ပတ်နေရတယ်။ ကိုယ့် Marketing ကိုတော့ သေချာလုပ်ဖြစ်တယ်။ ကိုယ်သင်တဲ့ ဘာသာရပ်ကို သေချာသင်တယ်။ ဒီတော့ တဖြည်းဖြည်းနဲ့တော့ တက်လာတယ်။ အဓိကတော့ ကိုယ့်ကျောင်းသားတွေကပဲ ကိုယ့်ကိုကြော်ငြာပေးသွားတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆပွားတက်လာတယ်။ သင်တန်းပြီးသွားတဲ့ ကျောင်းသားတွေက သူတို့တကယ်တတ်တယ်၊ သူတို့လုပ်ငန်းမှာလည်း တကယ်အသုံးဝင်တယ်။ သူတို့ကြိုက်တယ်။ ဒီတော့ သူတို့ သူငယ်ချင်းတွေကို ပြောကြတယ်။ ကျောင်းသားတွေ ထပ်ပြီးရောက်လာကြတယ်။ အခုဆိုရင် ကျောင်းသား နှစ်ထောင်ကျော်၊ သုံးထောင်လောက်ရှိနေပါပြီ။
လုပ်ငန်းရပ်တည်နိုင်ဖို့ စီမံခန့်ခွဲမှုလုပ်တဲ့အပိုင်းကိုလည်း ပြောပြပေးပါ . . .
လုပ်ငန်းလည်ပတ်မှုအတွက်ကလည်း တစ်ချိန်လုံး စဉ်းစားနေတယ်။ ဖြစ်ချင်တာက Management University အထိဆိုတော့ တော်တော်စဉ်းစားနေရပါတယ်။ နောက်ပြီးဝန်ထမ်းတွေနဲ့လည်း ဘာလုပ်ရင်ကောင်းမလဲဆိုတာကို အမြဲဆွေးနွေးဖြစ်ပါတယ်။ နောက်တစ်ခုက Student Complaint ၊ Customer Complaint ကို တန်ဖိုးထားတယ်။ အဲဒါအတွက် အမြဲတမ်း Over React လုပ်တယ်။ တစ်ခုခုဖြစ်ပြီဆိုရင် ချက်ချင်းအစည်းဝေးတွေခေါ်တယ်၊ သေချာဖြေရှင်းတယ်။ တတ်နိုင်သလောက် ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားကြတယ်။ အဲဒီလို Complaint တွေကို အကုန်ပြင်တယ်။ အဲဒါက ကျွန်တော်တို့ရဲ့ System ပဲဖြစ်ပြီး Learning အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ပုတက်အတွက်လည်း ဒီလိုပါပဲ။ ပုတက်ဆိုရင် ပြန်စရတာ သုံးခါရှိသွားပါပြီ။ ဒီလုပ်ငန်းကတော့ ပိုက်ဆံရဖို့ တော်တော်ခက်နေပါတယ်။ ကျွန်တော်ကတော့ ပြန်ဖြစ်စေချင်ပါတယ်။ ကာတွန်းဆရာတွေဆိုရင်လည်း သူတို့တစ်ဘဝလုံးဆွဲလာတဲ့အတွက် ပြန်ပြီးခံစားခွင့်ရှိစေချင်တယ်။ ဒီလောက်ပါရမီရှိတဲ့သူတွေကို ဖြစ်စေချင်တယ်။ ဒါပေမဲ့ အခုတော့ ငွေကထည့်ပဲထည့်နေရတယ်။
Customer Complaint တွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းသလဲဆိုတာ ထပ်ပြီးရှင်းပြပေးနိုင်မလား . . .
Customer Complaint တွေဖြေရှင်းဖို့ Team ဖွဲ့ထားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော့်ဆီ တိုင်လို့ရပါတယ်။ နောက်ပြီးကျွန်တော်တို့က နေ့တိုင်းနေ့လယ် ၁ နာရီမှာ Assembly ရှိပါတယ်။ အဲဒီအချိန်မှာ Customer Complaint ဘာတွေလာလဲ၊ ဘာတွေဖြစ်လဲ အကုန်ပြောခိုင်းပါတယ်။ နောက်ပြီး Viber နဲ့လည်း Department အလိုက် Group တွေ ဖွဲ့ထားပါတယ်။ တစ်ခုခုဖြစ်တာနဲ့ စာပို့ရတယ်။ ကျောင်းသားတွေက Facebook မှာ ကျွန်တော့်ကို တိုင်တာမျိုးလည်း လုပ်လို့ရတယ်။ ကျွန်တော်ကလည်း တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ပြောဖို့ ကျောင်းသားတွေကို ပြောထားတယ်။ ပြီးတော့ Hotline တွေလည်းထားတယ်။ ဝန်ထမ်းတွေကလည်း Complaint ရှိပြီဆိုရင် ချက်ချင်း Report တင်ရတယ်။ အဲဒါအတွက်တော့ ကျွန်တော်တို့ သေချာလုပ်ရပါတယ်။ Facebook မှာဆိုရင်လည်း Group တွေ လုပ်ထားပါတယ်။ လုပ်တဲ့သူကို Attack လုပ်မိသလိုလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ဒါက ကျွန်တော်တို့က စေတနာနဲ့လုပ်နေတာပါဆိုပြီး သွားပြောလို့မရပါဘူး။ ဒီတော့ Complaint Handling အတွက် ဝန်ထမ်းတွေကို သေချာသင်ပြရပါတယ်။ အရင်ဆုံး ဟုတ်ကဲ့ပါ၊ တောင်းပန်ပါတယ်၊ ဘာဖြစ်တာပါလဲ၊ အဲဒီလိုသေချာမေးမယ်၊ ပြီးရင် အကုန်လုံးတတ်နိုင်သမျှ တာဝန်ယူမယ်၊ လျော်သင့်ရင်လျော်ရမယ်။ မှားတယ်ဆိုရင် ပြင်ပေးရုံနဲ့ မလုံလောက်ပါဘူး။ လျော်ကိုလျော်ရပါမယ်။ ဝန်ထမ်းက လျော်ရတာမဟုတ်ပါဘူး။ ရုံးက လျော်ပေးပါတယ်။ ဘာလို့လျော်လဲဆိုတော့ အဲဒီလိုငွေကုန်ထားရင် နှမြောပြီး နောက်မဖြစ်အောင် စဉ်းစားမှာဖြစ်တယ်။ ပါးစပ်နဲ့ပဲ တောင်းပန်တာက အမှတ်ရှိဖို့ မလွယ်ပါဘူး။
Strategy First အနေနဲ့ နိုင်ငံတကာကကျောင်းတွေနဲ့ ချိတ်ဆက်လာတဲ့အခါ ဘယ်လိုရွေးချယ်ချိတ်ဆက်သလဲ။ ကိုယ့်ဘက်ကကော ချိတ်ဆက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်ရသလဲ . . .
နိုင်ငံတကာကျောင်းရွေးခဲ့တာတော့ အစုံပဲရွေးခဲ့ပါတယ်။ ကျောင်းအကောင်းတွေကိုတော့ ပိုသဘောကျတယ်ဆိုပေမဲ့ သူတို့က ကိုယ့်ကိုမရွေးတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ဘက်ကတော့ Track Record တစ်ခုခုပြရပါတယ်။ ဥပမာ - လမ်းကြောင်းလေးတစ်ခုပြနိုင်အောင် လုပ်ခဲ့ရပါတယ်။ ကျောင်းသားအရေအတွက် ဒီလောက်ရှိပါတယ်။ သူတို့တွေရဲ့ Satistaction ၊ Graduation တွေလည်း ဒီလိုရှိပါတယ်စသဖြင့် ပြနိုင်အောင် လုပ်ရပါတယ်။ စစချင်းတော့ တက္ကသိုလ်တွေနဲ့ တန်းချိတ်လို့မရပါဘူး။ အဖွဲ့အစည်းတွေနဲ့ အရင်ချိတ်ရပါတယ်။ ICM တို့ CIM တို့နဲ့ အရင်ချိတ်ပြီးမှ ကျောင်းတွေနဲ့ ချိတ်ရပါတယ်။ သူတို့ဘက်ကလည်း သေချာစစ်ဆေးပါတယ်။ သူတို့က လာတွေ့တယ်။ ကိုယ်ကလည်း သွားတွေ့ရတယ်။ အဲဒီအတွက်ကို အကြာကြီးအချိန်ယူရပါတယ်။ နောင်တစ်ချိန်မှာ ကိုယ်အာမခံနိုင်တဲ့ သင်တန်းမျိုးပဲ ပေးချင်တယ်။ သူတို့လိုချင်တာရော ကိုယ်လိုချင်တာရော ညှိနှိုင်းရပါတယ်။ စစချင်းအနေနဲ့တော့ မဆိုးပါဘူး။ MBA နှစ်ခုလုံးက သူ့ပရိသတ်နဲ့သူ၊ သူ့အတိုင်းအတာနဲ့သူတော့ ရှိပါတယ်။ Stamford ဆိုရင်လည်း ဆရာတွေက ဟိုမှာရှိတဲ့ ဆရာတွေလည်း လာပါတယ်။ ထိုင်းဆရာတွေတင်မဟုတ်ပါဘူး။ International School ဆိုတော့ Chairman တွေ၊ American ဆရာတွေ လာပါတယ်။ သူတို့ရဲ့ Learning Experience တွေက တော်တော်လေးကို ကောင်းကြပါတယ်။ Edinburgh Business School ကျတော့လည်း ဂုဏ်ရှိတယ်။ သူတို့ရဲ့ Course Syllabus တွေက ခိုင်မာတယ်။ အဲဒါကြောင့် ကျောင်းသားတွေက သူ့အကြိုက်နဲ့ သူပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ MBA တက်ချင်တဲ့အခါ ကျောင်းဘယ်လိုရွေးချယ်သင့်တယ်ဆိုတာကိုလည်း အကြံပြုပေးပါ . . .
မြန်မာနိုင်ငံမှာ MBA ကျောင်းတွေ အများကြီး ရှိလာပါပြီ။ အထူးသဖြင့်တော့ အာရှအခြေခံဖြစ်တဲ့ Thai Base ၊ Malaysia Base နဲ့ Philippine Base စသဖြင့် ကျောင်းတွေရှိပါတယ်။ UK Base တွေလည်း ရှိပါတယ်။ သင်ကြားမှုအနေနဲ့လည်း ပြည်တွင်းဆရာ သီးသန့်သင်တာရှိတယ်။ ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်သင်တာရှိတယ်။ နိုင်ငံခြားဆရာသီးသန့်ကတော့ သိပ်မရှိပါဘူး။ ကျောင်းရွေးတဲ့အခါ ကြည့်သင့်တာက ဆရာတွေရဲ့ Learning Experience ၊ Student Quality ဆိုတဲ့ ဘယ်လိုလူမျိုးတွေနဲ့ အတန်းထဲမှာ တွဲသင်ရမလဲဆိုတာတွေက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ MBA က ဆရာဆီက ရတာကနည်းပါတယ်။ အဓိကက Class Work တွေ၊ Interaction တွေနဲ့ သွားရတာဆိုတော့ ဒါကိုလည်း ကြည့်ဖို့လိုပါတယ်။ နောက်ပြီး ကျောင်းရဲ့ဂုဏ်သတင်းလည်း ကြည့်ရပါမယ်။
Strategy First အနေနဲ့ လက်ရှိမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြေရှင်းမှုအပိုင်းကိုလည်း ပြောပြပေးပါဦး . . .
ကျောင်းအနေနဲ့ အခက်အခဲကတော့ ဆရာရှားပါးမှုရှိတယ်။ တချို့က တတ်တယ်၊ မသင်တတ်ဘူး။ တချို့က မတတ်ဘူး၊ သင်တတ်တယ်။ မျိုးစုံရှိပါတယ်။ Business ပိုင်းကျတော့ လူတွေကချိတ်ပြီး စဉ်းစားနိုင်တာကို ပိုကြိုက်ကြပါတယ်။ အဲဒီလိုဆရာက ရှာရတာပိုခက်ပါတယ်။ နိုင်ငံခြားသားတွေ ခေါ်သင်တော့လည်း MBA Level မှာတော့ သိပ်ပြဿနာမရှိပေမဲ့ တခြားအတန်းတွေမှာကျတော့ အဆင်မပြေပါဘူး။ ကျန်တဲ့အပိုင်းအနေနဲ့ကတော့ အစိုးရက Regulation ပိုင်းမှာ ဘယ်လိုလာမလဲ၊ ပုဂ္ဂလိကပညာရေးကဏ္ဍကို ဘယ်လောက်အထိ မြှင့်တင်ပေးမလဲ၊ အသိအမှတ်ပြုမလဲဆိုတာတွေက ကျွန်တော်တို့ဘက်က အစီအစဉ်ဆွဲတဲ့အခါမှာ ထည့်စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေမှာ မသေချာ မရေရာမှုတွေ ဖြစ်နေတဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ Education Industry ရဲ့အခြေအနေကိုလည်း ခန့်မှန်းသုံးသပ်ပေးပါ . . .
၂၀၁၇ ခုနှစ်မှာ Education Industry အတွက်ကို ခန့်မှန်းသုံးသပ်ချက်ကို ပြောရမယ်ဆိုရင်တော့ တော်တော်ခက်လိမ့်မယ်။ Management Education Industry က Economic Cycle နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အထူးသဖြင့် ဝန်ထမ်းလုပ်တဲ့သူတွေ သင်တန်းတက်တဲ့အပိုင်းဖြစ်ပါတယ်။ Job Market က Hot နေတယ်ဆိုရင် ကျောင်းသားများတယ်။ Job Market က ငြိမ်နေတယ်ဆိုရင် ကျောင်းသားလျော့တယ်။ ၂၀၁၇ ခုနှစ်မှာတော့ MBA တွေ ပိုပြီးတက်ချင်လာကြမယ်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးကလည်း ပိုပြီးပုံစံပေါ်လာမယ်၊ နိုင်ငံစီးပွားရေးက ပိုပြီးတော့ လမ်းကြောင်းပေါ်လာတယ်ဆိုရင်တော့ Job Market ပြန်လှုပ်ရှားလာတာနဲ့အမျှ အခွင့်အလမ်းကောင်းတွေ ပိုရှိလာနိုင်တယ်။ တစ်ချိန်တည်းမှာလည်း Regional University ၊ International University တွေကလာပြီး Invest လုပ်တာတွေ၊ Expand လုပ်တာတွေ ရှိလာမယ်။ Competation တွေ များလာမယ်။ Competation ကလည်း မြင်နေကျလိုမျိုး မဟုတ်ဘဲ တကယ့်ကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံနိုင်တဲ့ Invester တွေ ဝင်လာနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မဟုတ်သေးရင်တောင် နောက်သုံးနှစ်အတွင်းတော့ ဝင်လာနိုင်ပါတယ်။ လူတွေကလည်း ပိုပြီးပညာရေးမှာ ပိုက်ဆံသုံးဖို့ စိတ်ဝင်စားလာမယ်။
ကျောင်းရဲ့အနာဂတ်အစီအစဉ် . . .
အနာဂတ်အစီအစဉ်ကိုမပြောခင် ကျွန်တော်တို့ကျောင်းက ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိက Growth အလွန်ကောင်းတယ်။ ချမှတ်တဲ့ Plan တိုင်း အကုန်ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာတော့ တော်တော်လေး ခက်ခဲသွားတယ်။ ဘာလို့လဲဆိုတော့ Organization ကြီးလာတာနဲ့အမျှ Expand လုပ်တဲ့အခါမှာ Manage လုပ်ရတာ ခက်လာတယ်။ အရင်တုန်းက Informal သွားနေတာတွေကို Formalize တော်တော်လုပ်ရတယ်။ အဲဒီမှာ နည်းနည်းကြန့်ကြာမှုတွေ ရှိတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အဲဒါတွေကို ကျော်လွှားနိုင်မယ်ထင်ပါတယ်။ စဉ်းစားထားတာတော့ နှစ်ခုရှိပါတယ်။ အခုထိတော့ အဖြေမထွက်သေးပါဘူး။ McDonalds လို အများကြီးဖြစ်အောင် လုပ်မလား၊ Harvard လို တစ်နေရာတည်း ကောင်းအောင်လုပ်မလားဆိုတာကို စဉ်းစားနေတုန်းပဲ ဖြစ်ပါတယ်။ Vision တော့ ရှိပါတယ်။ ဘာလဲဆိုတော့ ကျောင်းကို တက္ကသိုလ်တစ်ပိုင်း၊ Vocational Research Institute အဖြစ်နဲ့ တစ်ပိုင်းလုပ်ဖို့ ဖြစ်ပါတယ်။ အခုကတော့ Professional Training အနေနဲ့ ဖွင့်ထားတာဖြစ်ပါတယ်။ Vocational ပိုင်းအနေနဲ့ကတော့ မြန်မာပြည်မှာ လိုအပ်ချက်တွေ တော်တော်များပါတယ်။ အစိုးရပိုင်းကလည်း တာဝန်ယူပြီးလုပ်နေတာတွေ ရှိပါတယ်။ စင်ကာပူ စင်တာလိုမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်တဲ့အခါ ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ Business Related တွေဖြစ်တဲ့ Customer Service တို့၊ Selling Skill တို့၊ Retail Shop Management တို့ စသဖြင့် ဖွင့်မှာဖြစ်ပါတယ်။ အဲဒီလို Professional လိုင်းနဲ့ University လိုင်းနှစ်လိုင်းခွဲပြီးသွားဖို့က ကျွန်တော်တို့ရဲ့ Vision ဖြစ်ပါတယ်။ University က ဆယ်တန်းအောင်တွေအတွက် Management University ဖွင့်ဖို့ ဖြစ်ပါတယ်။
ဒီမှာလိုအပ်နေတာကလည်း အဓိက Education System အတွင်းမှာရှိနေတဲ့သူတွေကို Train ဖို့ဖြစ်ပါတယ်။ အစိုးရကလည်း အဲဒါကိုတော်တော်ပြင်ယူရပါမယ်။ သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိက ပြင်ရပါမယ်။ ဘွဲ့ရပြီး အလုပ်ထဲမှာ ရှိနေတဲ့သူတွေကလည်း ဆက်ပြီးလေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် Environment ပြောင်းတဲ့အခါကျတော့ ကျွမ်းကျင်မှုတွေကလည်းပြောင်းလဲပြီး အသစ်ဖြစ်နေဖို့လိုပါတယ်။ အဲဒီအတွက်ကို ပုဂ္ဂလိကကဏ္ဍက အများကြီးအကျိုးပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ထဲရောက်နေတဲ့သူတွေဟာ ဝင်ငွေရှိနေပြီ။ သူတို့ပိုက်ဆံနဲ့ သူတို့ကြိုက်တာရွေးချယ်ပြီး တက်နိုင်တယ်။ အစိုးရက အဲဒါကို ဝင်လုပ်ပေးစရာမလိုတော့ဘူး။ ဒါကြောင့် အစိုးရအတွက် ဝန်ထုတ်ဝန်ပိုး အများကြီးပေါ့သွားပါပြီ။ နောက်ပြီး ပုဂ္ဂလိက ကဏ္ဍက ပိုပြီးတုံ့ပြန်မှုကောင်းပါတယ်။ ဈေးကွက်ထဲမှာ လိုအပ်တဲ့အတန်းကို ဖွင့်ပေးရုံပဲ ဖြစ်တယ်။ အဲဒီပုံစံကို ပိုပြီးတော့ ပေါ်လာစေချင်ပါတယ်။ ပေါ်လာမယ်လို့လည်း ထင်ပါတယ်။ အစိုးရချည်းပဲ အကုန်လုပ်လို့တော့ မရပါဘူး။ လုပ်လည်း မလုပ်သင့်ပါဘူး။
လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် ဘယ်လိုအချိန်ယူစဉ်းစားပါသလဲ . . .
လုပ်ငန်းလုပ်တဲ့အခါ အခက်ဆုံးကတော့ Finance ပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာ အမြင်တော့ရှိပါတယ်။ နောက်ပြီး Plan ဆွဲရင်လည်း Assessment ထဲမှာပဲ ဆွဲပါတယ်။ Plan ထွက်လာရင် ကိုက်မကိုက် တန်းတွက်ကြည့်တယ်။ အဆိုးဆုံးဘာဖြစ်နိုင်လဲ။ အကောင်းဆုံး ဘာဖြစ်နိုင်လဲ။ အဖြစ်နိုင်ဆုံးက ဘာလဲ။ အမြဲတမ်းသုံးမျိုး စဉ်းစားပါတယ်။ စဉ်းစားပြီး အဲဒီ Risk ကို ယူနိုင်လားဆိုတာ စဉ်းစားတယ်။ ယူချင်ရင်လုပ်တယ်၊ မယူချင်ရင် မလုပ်ဘူး။
ကိုယ်ပိုင်အနာဂတ်ရည်မှန်းချက် . . .
ကျွန်တော့်အနာဂါတ်ရည်မှန်းချက်က ပုတက်ကို စီးပွားဖြစ်လုပ်နိုင်ပြီး Strategy First က တော်တော်လေးကောင်းတဲ့ တက္ကသိုလ်တစ်ခု ဖြစ်နေဖို့ပါပဲ။
နန္ဒာနေဝင်း