မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းနှင့် တွေ့ဆုံခြင်း

CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအသင်းတွေနဲ့ လစဉ်တွေ့ဆုံပြီးဖော်ပြပေးနေရာ ဒီလမှာတော့ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး အသင်းရဲ့ဆောင်ရွက်ချက်တွေနဲ့ လှုပ်ရှားမှုတွေ၊ အနာဂတ်အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

umyothant1

ဦးမျိုးသန့်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း

အသင်းဖြစ်ပေါ်လာပုံ . . .

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့အတူ ဒီ Industry မှာရှိတဲ့ လုပ်ငန်းရှင်တွေက ၂၀၁၅ ခုနှစ်ကတည်းက စတင်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့  အသင်းတစ်ခု       စတည်ထောင်ဖို့ဆိုတာက အင်မတန်ခက်ခဲပါတယ်။ ဒီအသင်းအကြောင်းကို လူတွေသိအောင်၊ အသင်းမှာပါဝင်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် ပြောဆိုရှင်းပြရတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ထောက်ခံမှုတွေ အဆင့်ဆင့်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကုမ္ပဏီမှတ်ပုံတင်ရုံးကနေ မြန်မာနိုင်ငံအဆင့်အသင်းတစ်ခုအနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ အသင်းမှာ ပြည်တွင်း ပြည်ပကုန်စည်ပြပွဲ ပြုလုပ်တဲ့သူတွေ၊ ပြခန်းတည်ဆောက်တဲ့သူတွေ၊ ဆွေးနွေးပွဲလုပ်ဖို့ ဝန်ဆောင်မှုပေးတဲ့သူတွေ၊ ကုန်စည်ပြပွဲတွေနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်းတွေ ပို့/ သွင်းတဲ့သူတွေ ပါဝင်ပါတယ်။

အသင်းရဲ့ရည်ရွယ်ချက် . . .

အသင်းရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ထွက်ကုန်ပစ္စည်း၊ ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအထိ Promote လုပ်တဲ့နေရာမှာ တစ်ဖက်တစ်လှမ်းကနေ ပါဝင်ကူညီနိုင်ဖို့ပါ။ နောက်ပြီး ကိုယ့်ပြည်တွင်းမှာ နိုင်ငံတကာရဲ့ အရည်အသွေးမြင့်ပြီး ဈေးနှုန်းသင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို လာရောက်ပြသတဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေလည်း သုံးနိုင်ဖို့ပါ။ နောက်တစ်ချက်က ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်မိပြီး စီးပွားရေးအတူတူ ပူးပေါင်းဆောက်ရွက်နိုင်ဖို့ပါ။ ကုန်စည်ပြပွဲဆိုတာက Trade Promotion ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ကိုယ့်ဆီကကုန်စည်တွေ သူ့ဆီကို သွား၊ သူ့ဆီကကုန်စည်တွေ ကိုယ့်ဆီကိုလာပြတဲ့ ဒီလိုအပြန်အလှန်ကုန်စည်ပြပွဲတွေ လုပ်တော့မှ Trade Promotion ကို တစ်ဖက်တစ်လှမ်းက အထောက်အကူပြုမှာပါ။ ဒါကြောင့် အသင်းရဲ့ရည်ရွယ်ချက်က ကုန်စည်ပြပွဲတွေ လုပ်ခြင်းအားဖြင့် Trade Promotion တက်လာသလို ကုန် စည်ပြပွဲနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊ ဝန်ဆောင်မှုပေးနေတဲ့သူတွေ၊ Events Organizer တွေကလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့၊ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အမြင်ကျယ်ကျယ်နဲ့ ပိုပြီးလုပ်ဆောင်နိုင်ဖို့ပါ။

ကုန်စည်ပြပွဲအကြောင်း . . .

ကုန်စည်ပြပွဲဆိုတဲ့နေရာမှာ လူသုံးကုန်ပစ္စည်း၊ စက်မှုပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ ဆေးဝါး၊ လယ်ယာထွက်ကုန်ပစ္စည်း အကုန်ပါတယ်။ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းကတော့ ဒီလုပ်ငန်းလုပ်တဲ့သူတွေ စုစည်းထားတဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ဒီအသင်းထဲမှာပါဝင်တဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာအသင်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ထုံးလုပ်နည်းတွေ၊ ပိုမိုတိုးတက်အောင် ဆောင်ရွက်နည်းတွေအတွက် နိုင်ငံတကာမှာပေးနေတဲ့ Traning တွေနဲ့ စွမ်းရည်မြှင့်တင်ပေးသွားမယ်။

လတ်တလောမှာ ဘာတွေလုပ်နေသလဲ . . .

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကစပြီး အသင်းတစ်ခုဖြစ်လာပြီဆိုတော့ အသင်းဝင်တွေလည်း ရှိလာပါပြီ။ အခုလောလောဆယ်မှာတော့ ရန်ကုန်နဲ့တခြားနယ်တွေအပါအဝင် အသင်းဝင် ၂၇ ယောက်ရှိပါပြီ။ ဒါပေမဲ့ ဒီအင်အားလောက်နဲ့ သွားလို့မရသေးပါဘူး။ ထပ်ပြီးတော့ အသင်းဝင်တွေ အများကြီးစုစည်းရပါဦးမယ်။ ဒါကြောင့် လတ်တလောမှာ ဦးစားပေးဆောင်ရွက်နေတာက အသင်းဝင်တွေရရှိဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ အသင်းတစ်ခုလည်ပတ်ဖို့ အသင်းသားအင်အားလိုတယ်၊ ငွေအင်အားလိုပါတယ်။ လက်ရှိရှိနေတဲ့ အမှုဆောင်အဖွဲ့ဝင်တွေက ဝိုင်းဝန်းပံ့ပိုးပြီး အသင်းဖွဲ့စည်းပြီးကြောင်း သတင်းစာရှင်းလင်းပွဲတွေလည်း လုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့အသင်းနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဟိုတယ်ခရီးဝန်ကြီးဌာနနဲ့ တွေ့ခဲ့ပါတယ်။ နောက်ထပ်လည်း စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာစီးပွားဌာနတွေနဲ့လည်းတွေ့ပြီး ကျွန်တော်တို့အသင်းက ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာတွေ ဆွေးနွေးသွားမယ်။ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့လည်း ကျွန်တော်တို့အသင်းအနေနဲ့ ဘယ်လိုပါဝင်ကူညီရမလဲဆိုတာတွေ စတင်လုပ်ဆောင်နေပါပြီ။

ဘာတွေထပ်လုပ်သွားဖို့ရှိလဲ . . .

အသင်းရဲ့ ရန်ပုံငွေတောင့်တင်းလာပြီဆိုရင် အာရှဒေသအတွင်းမှာရှိတဲ့ အသင်းတွေ၊ Federation တွေထဲမှာ Memberships ဝင်မယ်။ နောက်တစ်ဆင့် International Federation အဆင့်တွေမှာ Memberships ဝင်မယ်။ အဲဒီလို Memberships တွေဖြစ်လာရင် International Federation တွေက Traning တွေ ရအောင်ခေါ်ယူမယ်။ Traning တွေ ပေးပြီး ဒီ Industry ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်သွားမယ်။ နောက်ပြီး နိုင်ငံတကာအဆင့်မှာရှိတဲ့ Event Management နဲ့ပတ်သက်တဲ့ Diploma Course တွေ၊ University တွေအထိ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိပါတယ်။

ကုန်စည်ပြပွဲအတွေ့အကြုံ . . .

ကျွန်တော်ကုန်သည်စက်မှုအသင်းမှာ အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တုန်းက နိုင်ငံတကာ Trade Promotion ကို တာဝန်ယူပြီး နိုင်ငံတကာကုန်စည်ပြပွဲတွေသွားခဲ့ပါတယ်။ ကုန်စည်ပြပွဲတွေမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ပြသခဲ့တယ်။ ခန်းမတွေကို သွားရောက်ကြည့်ရှုခဲ့တယ်။ အဲဒီကနေ ကုန်စည်ပြပွဲလုပ်ငန်းနဲ့ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ဒီလိုကုန်စည်ပြပွဲနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ ရှိတယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလိုအသင်းရှိသင့်တယ်ဆိုတာ သိခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာကပြပွဲလုပ်တဲ့ Organizer တွေ၊ ဝန်ဆောင်မှုပေးတဲ့သူတွေက တဖြည်းဖြည်းဝင်လာတယ်။ သူတို့က Register မလုပ်ဘဲနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ဈေးကွက်တစ်ခု လာယူထားတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့နိုင်ငံသားတွေက သူတို့ရဲ့လက်အောက်ထဲ ရောက်သွားမယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းကိုနားလည်ပြီး ဒီလုပ်ငန်းအကျိုးအမြတ်ကို ခံစားခွင့်ရှိအောင် အသင်းကိုတည်ထောင်ခဲ့တာပါ။

အသင်းဝင်ဖို့အတွက် သတ်မှတ်ချက်တွေ . . .

ပထမအချက် မြန်မာနိုင်ငံသားဖြစ်ရမယ်။ ဒုတိယအချက်က ကုန်စည်ပြပွဲနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်နေတဲ့သူ ဖြစ်ရမယ်။ ဥပမာ- ကုန်စည်ပြပွဲနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးတဲ့သူ၊ Events လုပ်တဲ့သူ၊ ဒါမှမဟုတ် Events နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးတဲ့သူ၊ Organzer စတဲ့ ဒီလုပ်ငန်းခွင်ထဲကသူတွေပဲ ပါဝင်ခွင့်ရှိပါတယ်။ မြန်မာနိုင်ငံသားမဖြစ်ရင် အသင်းဝင်လို့မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ ပုံမှန်အသင်းသားနဲ့ ရိုးရိုးအသင်းသားဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ မြန်မာနိုင်ငံသားပါတဲ့ ကုမ္ပဏီက ပထမအဆင့်ပုံမှန်အသင်းသားဖြစ်ပြီး မြန်မာနိုင်ငံသားမပါတဲ့ နိုင်ငံခြားကုမ္ပဏီဆိုရင်တော့ ဒုတိယဖြစ်တဲ့ ရိုးရိုးအသင်းသားပါ။ ကွာခြားချက်ကတော့ မြန်မာနိုင်ငံသားမပါတဲ့ ကုမ္ပဏီက တစ်နှစ်တစ်ကြိမ်လုပ်တဲ့ အမှုဆောင်အဖွဲ့ အရွေးခံတဲ့အခါ BOD Right မရဘူး။ Vote လုပ်ခွင့်မရှိဘူး။ အမှုဆောင်ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဒါကတော့ ကျွန်တော့်တို့အသင်းရဲ့ ကနဦးအသင်းအဖွဲ့စည်းမျဉ်းတွေပါ။ နောက်ပိုင်းမှာ လိုအပ်ချက်တွေအရ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်သွားမှာပါ။ အသင်းရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် မတိုင်ခင်မှာလည်း အသင်းရဲ့စည်းမျဉ်းတွေကို ပြန် Review လုပ်ပြီး ပြင်သင့်တာတွေ ပြင်သွားမှာပါ။

အသင်းဝင်ကြေး . . .

အသင်းဝင်ကြေးက ကျပ်တစ်သိန်းပါ။ နှစ်စဉ်ကြေးကလည်း ကျပ်တစ်သိန်းပါ။

လတ်တလောကြုံတွေ့ရတဲ့ အခက်အခဲ . . .

လောလောဆယ်မှာ အခက်အခဲတွေတော့ မရှိသေးပါဘူး။ အသင်းအဖွဲ့တွေ စုမိပြီဆိုရင် ပြည်ပက မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လာရောက်လုပ်ကိုင်မယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်။ Service Industry မှာလည်း အနည်းဆုံး JV အဆင့်လောက်နဲ့ပဲ လုပ်စေချင်တယ်။ ပြည်ပကလူတွေက အကုန်လုံးကို လက်ဝါးကြီးအုပ်ပြီးလုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေက လက်အောက်ခံဖြစ်ပြီး တိုးတက်မှုရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေက JV သဘောနဲ့ နှစ်ဦးနှစ်ဖက်မျှတတဲ့ အကျိုးစီးပွားလုပ်မယ်ဆိုရင် သူတို့ဘက်ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အတွေ့အကြုံတွေရမယ်။ ကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာနဲ့ထိတွေ့ပြီးတော့ ဒီ Industry ကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့ အမြင်တွေရလာမယ်။ ကျွန်တော်တို့အသင်းရဲ့ အခက်အခဲတော့ မဟုတ်ပေမယ့် အသင်းရဲ့ အဓိကလိုအပ်ချက်ကတော့ အသင်းရေရှည်ရပ်တည်နိုင်ဖို့နဲ့ အသင်းတိုးတက်ဖို့ပါပဲ။ တခြားအခက်အခဲတွေတော့ ထွေထွေထူးထူးမရှိပါဘူး။

အသင်းဝင်ခြင်းအားဖြင့် အကျိုးကျေးဇူးတွေက . . .

အသင်းဝင်ခြင်းအားဖြင့် ပထမအချက် International Net- working တွေရလာမယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ အသင်းသားတွေနဲ့အတူ နိုင်ငံတကာကုန်စည်ပြပွဲတွေ သွားရောက်လေ့လာမယ်။ နောက်တစ်ခုက ဒီကုန်စည်ပြပွဲလုပ်ငန်းနဲ့ပတ်သက်ပြီး Certificate Course တွေ သင်တန်းတွေ ပေးသွားမယ်။ ဒါတွေအတွက်က ရန်ပုံငွေက အဓိကလိုပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ BOD ကပဲ ကျခံပြီး လုပ်ဆောင်နေပါတယ်။

အသင်းရဲ့ အနာဂတ်အစီအစဉ် . . .

ပထမအချက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပံ့ပိုးကူညီသွားမယ်။ နောက်ပြီး နိုင်ငံတကာကနေ မြန်မာနိုင်ငံကိုသိပြီးတော့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ကူညီဆောင်ရွက်သွားမယ်။ အသင်းရဲ့ရည်မှန်းချက်တစ်ခုက မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲခန်းမဆောင်တွေအတွက် လာရောက်ရင်းနှီးမြှုပ်နံှမယ့်သူတွေ ရှိလာအောင်လုပ်မယ်။ ဒါမှမဟုတ် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်တိုင်းပြည်မှာ ခံ့ညားထည်ဝါတဲ့ ကုန်စည်ပြပွဲခန်းမဆောင်တွေ တည်ဆောက်ပြီး ကိုယ့်တိုင်းပြည်က ထုတ်ကုန်တွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြသနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြောချင်တဲ့စကား . . .

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းအသင်းဆိုတာ ထွင်ပြီးတော့ တည်ထောင်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာလည်း ဒီလိုအသင်းက ရှိပြီးသားပါ။ သူတို့ဆီမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက တည်ထောင်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံမှာက ဒီအသင်းကို အခုမှစလုပ်တယ်။ တစ်အချက် ဒီအသင်းက တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ အသင်းဖြစ်တယ်။ နှစ်အချက်က ဒီလုပ်ငန်းကို လုပ်နေတဲ့သူ၊ ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ မည်သူမဆို အသင်းမှာ ပါဝင်ပူးပေါင်းဆောင်ရွက်စေချင်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ညီညွတ်မှုအားတစ်ခုရမယ်။ နောက်ပြီး ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အစိုးရနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာအသင်းအဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် ပြောဆိုဆွေးနွေးတဲ့အခါမှာ ညီညွတ်မှုအားတစ်ခုနဲ့ ရပ်တည်ပြောဆိုနိုင်မယ်။ နောက်အသင်းအနေနဲ့ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာက ရသင့်ရထိုက်တဲ့ အထောက်အပံ့တွေ၊ အကူအညီတွေ၊ နည်းပညာကူညီမှုတွေ ရနိုင်မယ်။ ဒီလို Networking ကို ချိတ်ဆက်နိုင်မှသာလျှင် ဒီလုပ်ငန်းထဲက လူတွေက တိုးတက်မှာဖြစ်တယ်။ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ ကြိုးစားနေမယ်ဆိုလည်းရတာပေါ့။ ဒါပေမဲ့ တိုင်းပြည်အတွက် တကယ်တမ်းထိရောက်ချင်မှ ထိရောက်မယ်။ အများနဲ့ပူးပေါင်းဆောင်ရွက်မှသာလျှင် ဒီလုပ်ငန်းကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမယ်။ ကျွန်တော်ပြောခဲ့သလို ကုန်စည်ပြပွဲခန်းမဆောင်တွေ ဖြစ်လာမယ်။ ဒီလုပ်ငန်းတိုးတက်လာမယ်ဆိုရင် တစ်ဖက်မှာ လူငယ်တွေအတွက် စာမျက်နှာသစ်တစ်ခုဖွင့်သလို ဖြစ်မယ်။ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေရမယ်။ Service Sector နဲ့ပတ်သက်ပြီး စီးပွားရေးအခွင့်အလမ်းတွေ ရှိလာမယ်။ ကုန်စည်ပြပွဲနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေကို လူတွေသိလာမယ်။ တဖြည်းဖြည်းနဲ့ Networking ပိုကျယ်လာပြီး ဒီလုပ်ငန်းခွင်မှာ ရှိနေတဲ့သူတွေနဲ့ ကျွန်တော်တို့နိုင်ငံသားတွေနဲ့ အသိအမြင်ကျယ်ပြန့်လာအောင်၊ လူငယ်တွေလည်း ဒီလုပ်ငန်းက အရေးပါကြောင်း သိလာအောင်၊ စိတ်ဝင်စားလာအောင် လုပ်သွားမယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီလုပ်ငန်းကို စိတ်ဝင်းစားတဲ့သူတွေ မည်သူမဆို သည်လုပ်ငန်းကို လေ့လာပါ။ ပြီးတော့ မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းမှာ လာရောက်ပါဝင်ပါ။ အသင်းနဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ပါလို့ ဖိတ်ကြားလိုပါတယ်။

ရေဗက္ကာ