နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်

ဖက်ရှင်လောကအပေါ် တီထွင်ဖန်တီးမှုအမျိုးမျိုးနဲ့လွှမ်းမိုးမှုရှိခဲ့သူ ဂျပန်လူမျိုး ဖက်ရှင်ဒီဇိုင်းနာ Issey Miyake ဟာ ယခု ဩဂုတ်လ ၅ ရက်က ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်းသူ့ရုံးခန်းက အတည်ပြုပါတယ်ဆိုတဲ့အကြောင်း CNN က ဩဂုတ်လ ၁၀ ရက်က သတင်းရေးသားခဲ့ပါတယ်။ Issey Miyake ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပါပြီ။

သူ့ရဲ့ သဘောထားအရ မိသားစုနဲ့ ရင်းနှီးသူမိတ်ဆွေအနည်းငယ်နဲ့သာ နာရေးကိုပြုလုပ်ခဲ့ပြီးဖြစ်ကာ သတိရပူဆွေးပွဲမလုပ်တော့ဘူးလို့လည်းသိရပါတယ်။

Miyake က ၁၉၈၀ ခုနှစ်တွေမှာ သူ့ရဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ ဖက်ရှင်ဒီဇိုင်းများကြောင့် နိုင်ငံတကာမှာကျော်ကြားလာပြီး သူ့တန်ဖိုးကြီးဇိမ်ခံပစ္စည်းသဖွယ်ဖက်ရှင်ထည်တွေဟာ စုဆောင်းသူတွေအကြိုက်ချက်ချင်းဖြစ်သွားခဲ့ပါတယ်။  ယနေ့မှာတော့ သူ့ရဲ့ လက်ရာ ဖက်ရှင်ဒီဇိုင်းတွေကို အဖွဲ့အစည်းတော်တော်များများက သိမ်းဆည်းစုဆောင်းထားပြီး အဲဒီထဲမှာ လန်ဒန်က Victoria & Albert Museum ၊ New York’s Museum of Modern Art နဲ့ Philadelphia Museum of Art တို့လို ပြတိုက်တွေမှာတောင် ပြသထိန်းသိမ်းထားပါတယ်။

သူ့ရဲ့လက်ရာ လည်ထောင်ဆွယ်တာအမည်း (black turtlenecks) ကိုလည်း Steve Jobs (Apple ရဲ့ Founder နဲ့ CEO ဟောင်း) က ၁၉၈၀ ခုနှစ်တွေကစလို့ တောက်လျှောက် မူပိုင်နီးပါး တစ်သက်တာဖောက်သည်အဖြစ်ဝတ်ဆင်ခဲ့တာပါ။

ငယ်ဘဝ

Miyake ကို ၁၉၃၈ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၄၅ တုန်းကနျူကလီးယားဗုံးဒဏ်ကြောင့် သူဟာ အရွယ်ရောက်ချိန်အထိ ခြေတစ်ဖက်အနည်းငယ်စာနေခဲ့ရပြီး သူ့ရဲ့အမေကလည်း ဗုံးကြဲခံရပြီးသုံးနှစ်အကြာမှာပဲ ဓာတ်ရောင်ခြည်သင့်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

Miyake က သူ့အနေနဲ့ ငယ်စဉ်က အဏုမြူဗုံးဒဏ်ကနေလွတ်မြောက်လာခဲ့သူ ဖက်ရှင်ဒီဇိုင်းနာတစ်ဦးအဖြစ် တံဆိပ်မကပ်ခံချင်တာကြောင့် သူ့ရဲ့သနားဂရုဏာသက်ဖွယ်ငယ်ဘဝကို ၂၀၀၉ ခုနှစ်အထိဖုံးကွယ်ထားခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ သူက New York Times သတင်းစာထဲမှာ နျူကလီးယားလက်နက်များအသုံးပြုမှုဖျက်သိမ်းခြင်းကို အားပေးထောက်ခံတဲ့အနေနဲ့ op-ed (စာရေးဆရာအာဘော်) ကဏ္ဍမှာ ဆောင်းပါးရေးသားခဲ့ချိန်အထိ ဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။

ဖက်ရှင်လောကထဲက Miyake ရဲ့ခြေလှမ်းများ

Miyake ဟာ ပါရီကို ၁၉၆၅ ခုနှစ်မှာမပြောင်းရွှေ့ခင်အထိ တိုကျိုက Tama Art University မှာ Graphic Design ဘာသာရပ်ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ ပါရီရောက်တော့ နာမည်ကျော် အမျိုးသားဝတ်ရော၊ အမျိုးသမီးဝတ်ပါ ချုပ်လုပ်ဒီဇိုင်းထုတ်ခြင်းလေ့ကျင့်သင်တန်းကျောင်းဖြစ်တဲ့ École de la Chambre Syndicale de la Couture Parisienne မှာ ဆက်လက်တက်ရောက်ခဲ့ပါတယ်။ သူပါရီမှာနေစဉ်တလျှောက်မှာ Guy Laroche နဲ့ Hubert De Givenchy တို့လို တန်ဖိုးကြီးဖက်ရှင်အဝတ်အထည်အသုံးအဆောင်ပစ္စည်းများထုတ်သူ အကြီးဆုံးအမှတ်တံဆိပ်တွေမှာ အလုပ်လုပ်ခဲ့ပြီး နောက်တော့ နယူးယော့ခ်ကိုပြောင်းရွှေ့ကာ Geoffrey Beene ရဲ့လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာ တိုကျိုကိုပြန်ပြီးသူ့ကိုယ်ပိုင်ဒီဇိုင်းစတူဒီယိုကိုဖွင့်ပါတယ်။ Miyake ရဲ့ အစောပိုင်းလက်ရာတွေဟာ အရှေ့တိုင်းနဲ့အနောက်တိုင်းကိုကျွမ်းကျင်စွာပေါင်းစပ်ပါဝင်ပြီး ဂျပန်နိုင်ငံရဲ့ ဇာထိုးပန်းထိုးနည်းစနစ်တွေနဲ့ တက်တူးဒီဇိုင်းတွေကိုအသုံးပြုပါတယ်။

၁၉၈၀ ခုနှစ်တွေအတွင်းမှာတော့သူက ခေါက်ရာသေးသေးလေးတွေအများကြီးပါပြီး ထောင်လိုက်အနအထားနဲ့ဖြန့်/ဆန့်ထုတ်လို့ရမယ့် ချည်သားအသစ်တစ်မျိုးကိုတီထွင်ပါတယ်။ သူဟာ ၁၉၀၀ ပြည့်နှစ်များဆီက ပြင်သစ်ဖက်ရှင်ဒီဇိုင်းနာ Henriette Negrin နဲ့ သူ့အမျိုးသား Mariano Fortuny တို့ ဒီဇိုင်းလုပ်ခဲ့တဲ့ ခေါက်ထပ်ရာ(အတွန့်)များစွာပါတဲ့ ပိုးဖဲသား Delphos Gown (ပိုးလှိုင်းတွန့်ဂါဝန်) တွေဆီက အိုင်ဒီယာယူပြီးတီထွင်ခဲ့တာဖြစ်ပါတယ်။

Miyake ကတော့ သူတို့လင်မယားနှစ်ယောက်ရဲ့ အိုင်ဒီယာထက်ရှေ့တက်ကာ ရိုးရာနဲ့ နောက်ဆုံးပေါ်အသစ်နည်းစနစ်တွေကိုပေါင်းစပ်အသုံးပြုကာ တွန့်ထပ်ရာများအသားသေမြဲမြံပြီးသား အထည်စများကိုထုတ်လုပ်ပါတယ်။ သူ့အထည်စတွေဟာ ဆန်းသစ်တယ်၊ သက်သောင့်သက်သာရှိစေတယ်၊ လက်ရာ‌‌မြောက်တယ်၊ ပြီးတော့ သဘာဝဆန်ပါတယ်။

၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ သူ့နာမည်အမှတ်တံဆိပ်နဲ့ထုတ်တဲ့ ဖက်ရှင်ဒီဇိုင်းစုစည်းမှုလက်ရာတွေအတွက်နေ့စဉ် ဒီဇိုင်းထုတ်ခြင်းကနေ နောက်တစ်လှမ်းဆုတ်လိုက်တယ်။ သူက သူ့နေရာမှာ တခြားဖန်တီးမှုဒီဇိုင်းနာတစ်ယောက်ကိုခန့်ထားလိုက်တယ်။ လက်ရှိအချိန်မှာ‌တော့ သူ့အမှတ်တံဆိပ်ရဲ့ ဦးဆောင်ဒီဇိုင်းနာက Satoshi Kondo ဖြစ်ပါတယ်။

Miyake အနေနဲ့ ဆန်းသစ်တီထွင်မှုတွေလုပ်နေတာ ရပ်မသွားပါဘူး။ ၂၀၀၇ ခုနှစ်မှာတော့ သူက တာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ Material တွေကိုရှာဖွေဖို့အတွက် Reality Lab ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

သူဟာ အဝတ်အထည်တွေကြောင့်တင်သာမက ရေမွှေးကြောင့်နည်းနာမည်ကျော်သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Miyake က သူ့ရဲ့ပထမဆုံးရေမွှေး  L’Eau d’Issey ကို ဈေးကွက်ထဲမိတ်ဆက်ခဲ့ပြီး ၊ ဒါဟာလည်း နိုင်ငံတကာ ရောင်းအားအကောင်းဆုံးစာရင်းထဲပါဝင်ခဲ့ပါတယ်။

Miyake ဟာ သူ့ရဲ့အနုပညာနဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ဆုအမျိုးမျိုးကိုရရှိခဲ့သူပါ။ ၂၀၀၅ ခုနှစ်မှာတုန်းက Japan Art Association က သူ့ကို အနုပညာရပ်ဝန်းမှာ သူ့ရဲ့ထူးချွန်ပြောင်မြောက်မှုတွေကြောင့် Praemium Imperiale ဆုကို ချီးမြှင့်ခဲ့ပါတယ်။ တစ်နှစ်ကြာပြီးနောက်မှာ သူဟာ Arts and Philosophy ကဏ္ဍမှာ တစ်သက်တာအောင်မြင်မှုများအတွက်  Kyoto Prize ဆုကိုရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ပြင်သစ်အစိုးရက Miyake ကို ဂုဏ်သတင်းကြီးအသိအမှတ်ပြုမှုတစ်ခုဖြစ်တဲ့ Legion of Honor ဘွဲ့ပေးခဲ့ပြီး အဲဒီနှစ်မှာပဲ Miyake ဟာ သူ့အသက်မွေးဝမ်းကြောင်းတစ်လျှောက် လူအသိအမှတ်ပြုမှုအများဆုံးပြပွဲတစ်ခုဖြစ်တဲ့ ပြပွဲတစ်ခုကို တိုကျိုက National Art Center မှ ပြုလုပ်ခဲ့ပါတယ်။

Issey Miyake ဟာ သူလူငယ်ဘဝကတည်းက သင်ယူလေ့လာထားတဲ့ အဝတ်အထည်များကို ဖောက်သည်စိတ်တိုင်းကျပြုပြင်ချုပ်လုပ်ပေးခြင်း လက်မှုပညာကို အဆုံးထိထိန်းသိမ်းစောင့်ရှောက်ဝန်ဆောင်မှုပေးခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ အရင်းအမြစ်နည်းနည်းနဲ့ စွန့်ပစ်ပစ္စည်းလျှော့ချနိုင်ပြီး၊ စီးပွားဖြစ်အများအပြားထုတ်လုပ်ခြင်းကို ဖြစ်မြောက်စေတဲ့နည်းပညာရှိနေပါပြီ။ ဒါပေမဲ့ လူသားရဲ့လက်ဖြစ်စွမ်းအားကိုလည်း ဘယ်တော့မှလျှော့တွက်လို့မရဘူး။”လို့ ၂၀၁၆ ခုနှစ်တုန်းက CNN နဲ့ အင်တာဗျူးတစ်ခုမှာ Miyake က ဖြေဆိုဖူးပါတယ်။

ဖြူလဲ့မွန်

Ref : CNN , Wikipedia, Internet