Thai-Myanmar Business Cooperation

ThaiMyanmar1

ထိုင်း-မြန်မာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Dr.Somkid Jatusripitak ဦးဆောင်မှုနဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၂၆ ဦးခန့်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍနဲ့ ခရီးသွားကဏ္ဍတွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ပွဲမှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Dr.Somkid Jatusripitak က ထိုင်းနိုင်ငံဟာ စွမ်းအင်ကဏ္ဍ၊ ပညာရေး၊ SME ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ Financial ကဏ္ဍတွေမှာ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလက်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍများဟာ အခွင့်အလမ်းကောင်းတွေဖြစ်တဲ့အတွက် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ထိုင်းနဲ့ ပူးပေါင်းဆောင်ရွက်စေချင်ကြောင်းနဲ့ ကမ္ဘာပေါ်ရှိ နိုင်ငံငယ်တွေ ပူးပေါင်းဆောင်ရွက်ရင် ပိုအောင်မြင်မှာဖြစ်ပြီး အထူးသဖြင့် CLMVT (Cambodia, Laos, Myanmar, Vietnam and Thailand  နိုင်ငံတွေအနေနဲ့ ပိုမိုပူးပေါင်းပါဝင်စေချင်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ပြီးတဲ့နောက် ထိုင်း-မြန်မာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေက Border Trade ၊ Industry and Electric Power နဲ့ Agriculture, Fishery and Food Value added Processing ဆိုပြီး ကဏ္ဍလေးခုခွဲကာ အသီးသီးဆွေးနွေးခဲ့ပါတယ်။ ပြီးတဲ့နောက် Tourism Authority of Thailand က ဦးဆောင်ပြီး Business Talk in Education Institute  အစီအစဉ်ကျင်းပခဲ့ပါတယ်။

ပွဲမှာ Tourism Industry ကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ထိုင်းလုပ်ငန်းရှင်တချို့ကို အင်တာဗျူးမေးမြန်းခွင့်ရခဲ့ပြီး အဆိုပါလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအကြောင်းနဲ့အတူ အခုဆွေးနွေးပွဲကနေ ရရှိတဲ့အကျိုးကျေးဇူးတွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။

ThaiMyanmar2

Aswin Kongsiri

Chairman

A K Place Co Ltd

ကျွန်တော်တို့ကုမ္ပဏီက အိမ်ခြံမြေလုပ်ငန်း ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီပွဲကိုလာတက်တဲ့အတွက် သိခွင့်ရတာက မြန်မာနိုင်ငံရဲ့စီးပွားရေးအလားလာက ကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းကလည်း ပိုကောင်းလာပါတယ်။ စိုးရိမ်စရာနည်းနည်းရှိတာကတော့ Legal System  ပိုင်းပဲဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေ ရင်းနှီးမြှုပ်နှံတဲ့အခါ သဘောတူစာချုပ်တွေချုပ်ဆိုရတဲ့အခါမှာ Legal System က ခိုင်မာမှုမရှိဘူးဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီအပိုင်းကိုတော့ ပိုကောင်းလာစေချင်ပါတယ်။ မြန်မာနိုင်ငံဟာ သိပ်ကောင်းမွန်တဲ့ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းအတွက်ဆိုရင်လည်း အရင်းအမြစ်တွေ အများကြီးရှိတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေအများကြီးရှိတဲ့အတွက် ဒါတွေက မြန်မာနိုင်ငံ အနာဂတ်စီးပွားရေး အလားအလာကောင်းတွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လူဦးရေကလည်း များပြားတဲ့အတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းတွေလည်း ရှိနေပါတယ်။

ThaiMyanmar3

Plew Trivisvavet

Chairman of the Executive Board

CH. Karnchang Public Company Limited

ကျွန်တော်တို့ ကုမ္ပဏီက ဆောက်လုပ်ရေးနဲ့ Infrastructure Investment  ပိုင်းကို လုပ်ပါတယ်။ ကျွန်တော်တို့က ဘန်ကောက်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးဆောင်ရွက်ပြီးပါပြီ။ ဒါတင်မကဘဲ ရေသန့်လုပ်ငန်းလည်း လုပ်နေပါတယ်။ ရေအားလျပ်စစ်ထုတ် လုပ်တဲ့လုပ်ငန်းလည်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံစီးပွားရေးမှာ လိုအပ်ချက်တွေအများကြီး တွေ့ရပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေက မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးပိုင်းမှာ အထောက်အကူပြုနိုင်ပါတယ်။ ကျွန်တော်တို့လက်ရှိမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့လေ့လာနေပြီး ပါတနာလည်း ရှာနေပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်မှုပိုင်းနဲ့ ပတ်သက်ပြီး အဓိက လုပ်ငန်းဆောင်ရွက်ချင်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဟာ ဆက်ဆံရေးကောင်းတွေဖန်တီးနိုင်နေပြီး ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ့်အပိုင်းမှာလည်း အပြုသဘောဆောင်နေပါတယ်။

ThaiMyanmar4

Komkrit Ngamwongwirot

Regional Director

Sales South & South East Asia and Middle East

Bangkok Airways Public Company Limited

ဒီပွဲက ထိုင်းနိုင်ငံအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ထိုင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အခွင့်အလမ်းတွေ အများကြီးတွေ့ရပါတယ်။ ကျွန်တော်တို့ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ Investor တွေ အများကြီးရှိပါတယ်။ ဒီဆွေးနွေးပွဲကနေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဘာတွေလိုနေတယ်၊ မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ကနေ ဘာတွေလိုချင်တယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ကို တားဆီးနေတဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာတွေလဲဆိုတာကို သိခွင့်ရပါတယ်။ Tourism မှာဆိုရင် ဆေးကုသမှုပိုင်း၊ ပညာရေးပိုင်း၊ Sustainable Development ပိုင်းတွေ စသဖြင့် အများကြီးပါဝင်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး မြန်မာနဲ့ထိုင်းနိုင်ငံကြားမှာ ကောင်းမွန်တဲ့ Platform ချမှတ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီကနေ မြန်မာအစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာတွေမျှော်လင့်ထားသလဲဆိုရင် Bangkok Airways လက်ရှိမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ မြို့ကြီးသုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ပျံသန်းပြေးဆွဲနေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ နိုင်ငံခြားသားတွေပိုစိတ်ဝင်စားလာတာနဲ့အမျှ မြန်မာနိုင်ငံကို လာရောက်လေ့လာလည်ပတ်ချင်ကြတာကြောင့် လုပ်ငန်းက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးတက်လာပါတယ်။ နောက်ထပ်မြို့တွေက လေယာဉ်ကွင်းအသစ်တွေမှာဆိုက်ရောက်ပြီး ပျံသန်းပြေးဆွဲနိုင်ဖို့လည်း မျှော်လင့်ပါတယ်။

ThaiMyanmar5

ဦးမြတ်ထူး

CEO

Magellan Group Co Ltd

ကျွန်တော်တို့က မြန်မာပြည်မှာ Apple Authorized Reseller ၊ Service Center တွေ လုပ်တယ်။ Music Box Karaoke ၊ MCube Karaoke လုပ်တယ်။ စားသောက်ဆိုင်လုပ်ငန်း၊ Vocational Training ၊ Valentine Bakery ၊ Floral Training School ၊ Digital Media Marketing လုပ်ငန်းတွေလုပ်တဲ့ Magellan Group က ဖြစ်ပါတယ်။ ဒီနေ့ Discussion လုပ်တာကနေ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အခက်အခဲတွေ၊ ကျွန်တော်တို့မသိတဲ့ တခြား Explore လုပ်လို့ရတဲ့ Sector တွေကို Brainstorm လုပ်ရတော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာတွေအားလုံးက ဘယ်မှာစုနေသလဲဆိုတော့ အစိုးရဘက်က လုပ်ပေးရမယ့်အပိုင်းနဲ့ Strategy လုပ်တဲ့အပိုင်းမှာ စုနေပါတယ်။ ဥပမာ - Border ကနေ Visa မလိုဘဲ သွားနိုင်ရမယ်ဆိုတဲ့ ကိစ္စကလည်း အစိုးရကပဲ လုပ်ပေးရမယ့်ကိစ္စ ဖြစ်နေတယ်။ နောက် Tourism ဆိုရင်လည်း ကျွန်တော်တို့က ဘယ် Tourism Sector ကို ဦးတည်မလဲဆိုတာ ရှိတယ်။ Religion ဘက်ကိုဦးတည်မလား၊ ဒါမှမဟုတ် Entertainment ဘက်ကို ဦးတည်မှာလား၊ ဒါမှမဟုတ်ရင်လည်း Beach တွေသွားတဲ့ဘက်ကို ဦးတည်မှာလားဆိုတာတွေစသဖြင့် ဘယ် Direction ကို သွားမှာလဲဆိုတာကို ဒီနေ့ဒီအချိန်ထိအောင် သဲသဲကွဲကွဲ မသိရသေးဘူး။ ခေါင်းစဉ်အကြီးတွေ တော်တော်များများက လက်ရှိနိုင်ငံတော်အစိုးရကနေ ချမှတ်ပေးရမယ့်နေရာမှာ သွားပြီးတော့ အကုန်လုံးစုနေတာပေါ့။ ဒီ Discussion လုပ်တဲ့အတွက် ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ ဘယ်နေရာတွေကို အရေးတကြီးကြည့်ရမလဲဆိုတာတွေကို သိလာတယ်။ ဒါပေမဲ့ တကယ်တမ်းလိုတာက အစိုးရဘက်ကနေ Regulations တွေလုပ်ပေးဖို့၊ Guideline တွေ ချပေးဖို့ဖြစ်ပါတယ်။

ThaiMyanmar6

ဦးအေးကျော်

Managing Director

Rubyland Tourism Services

ထိုင်းကနေ ဒီနေ့လာတဲ့ခေါင်းဆောင် ဒုဝန်ကြီးချုပ် Somkid နဲ့ ထိုင်းလုပ်ငန်းရှင်တွေအဖွဲ့က မြန်မာပြည်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အင်မတန်ကို စိတ်ဝင်တစားရှိတာ တွေ့ရပါတယ်။ ကမ္ဘာကြီးရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့် အာရှနိုင်ငံတွေအနေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စည်းစည်းရုံးရုံးနဲ့ စီးပွားရေးတွေ တွဲဖက်လုပ်နိုင်ဖို့ ပိုလိုအပ်လာပါတယ်။ ထိုင်းနဲ့မြန်မာကြားမှာ ရင်းနှီးမှုက ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီးသား ဖြစ်ပါတယ်။ ထိုင်းက အခုဆိုရင် စီးပွားရေးက မြန်မာနိုင်ငံထက် အရှေ့ရောက်ပြီးသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့အကြံပေးလိုတာကတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာလာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်တာက ပိုကောင်းပါတယ်။ ဆိုလိုချင်တာက မြန်မာနိုင်ငံက လူတွေ ထိုင်းနိုင်ငံမှာ ဆေးသွားကုရင်ပဲဖြစ်ဖြစ်၊ တက္ကသိုလ် ကျောင်းသွားတက်ရင်ပဲဖြစ်ဖြစ် အယောက်တစ်ထောင်၊ အများဆုံး အယောက်တစ်သောင်းလောက်ပဲ ရှိမယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဆေးရုံလာဖွင့်ရင်ပဲဖြစ်ဖြစ်၊ ကျောင်းလာဖွင့်ရင်ပဲဖြစ်ဖြစ် လူတစ်သိန်းလာတက်တာလည်း ဖြစ်နိုင်တယ်။ လူဆယ်သိန်းလာတက်တာလည်း ဖြစ်နိုင်တယ်။ ဒီမှာဖွင့်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်နိုင်ငံမှာပဲလုပ်နိုင်တဲ့အတွက် အများကြီးအကျိုးရှိပါတယ်။

နန္ဒာ