သကြားအချိုများတဲ့ အဖျော်ယမကာတွေကိုသောက်သုံးမှုက အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၂ ဆ မြင့်တက်စေတယ်

ဗြိတိန်တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ၁၆၀၀၀ လောက်အထိ အသက်ဆုံးရှုံးမှုရှိတဲ့ အူမကြီးကင်ဆာဆိုတဲ့ရောဂါဟာ large intestine ထဲကစပြီး ကင်ဆာဆဲလ်မဖြစ်ခင် အူထဲမှာ မူမမှန်တဲ့ အမြှေးအဖုအထစ်တွေကနေတစ်ဆင့် စတင်ပေါက်ဖွားတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တိုင်းလည်း ချက်ချင်းကင်ဆာဖြစ်တာမဟုတ်တော့ စောစောရှာဖွေတွေ့ရင်ဖယ်ရှားကုသလို့ရပါတယ်။ ဒါပေမဲ့လည်း ကျန်းမာတဲ့နေထိုင်မှုဘဝကို စတင်တည်ဆောက်ထားတာကလည်း စိတ်ချရတဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်မယ့် အချက်တစ်ချက်ပါပဲ။

            Gut ဆိုတဲ့ ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနတွေ့ရှိချက်တစ်ခုအရ သကြားအချိုများတဲ့ အဖျော်ယမကာတွေသောက်သုံးမှုနဲ့ ဒီသေစေနိုင်လောက်တဲ့ အူမကြီးကင်ဆာရောဂါကြားဆက်စပ်မှုရှိတာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်အရ တစ်နေ့ကို အချိုရည် ၂ ဗူးနဲ့အထက် သောက်လေ့ရှိတဲ့ အသက် ၅၀ မပြည့်သေးတဲ့ အရွယ်ရောက်ပြီးသူများ အထူးသဖြင့် အမျိုးသမီးများ ဟာ ဒီအူမကြီးကင်ဆာဖြစ်နိုင်ခြေ အခြားလူတွေထက် ၂ ဆပိုများတယ်ဆိုတာပါပဲ။

            သကြားအချိုများတဲ့အချိုရည်ဆိုတဲ့နေရာမှာ ကာဗွန်နိတ်အချိုရည်၊ အသီးအရသာအချိုရည်၊ ရေဓာတ်ဖြည့်နဲ့အားဖြည့်အချိုရည်တွေ စသဖြင့် အကုန်လုံးလိုလိုပါဝင်ပါတယ်။

            သုတေသီတွေက လူပေါင်း ၉၅၄၆၄ ယောက်ကို နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာမှုတွေလုပ်ထားတာဖြစ်ပြီး သူတို့ရဲ့မိသားစုထဲ အူမကြီးကင်ဆာရောဂါရာဇဝင်တွေ၊ သူတို့ရဲ့နေထိုင်မှုပုံစံတွေနဲ့ သူတို့အစားအသောက်ပုံစံတွေအားလုံးကိုလည်း ထည့်သွင်းစဉ်းစားပြီး သုတေသနလုပ်ထားတာဖြစ်ပါတယ်။ အသက်ငါးဆယ်မပြည့်သေးတဲ့ အရွယ်ရောက်ပြီးသက်တမ်းတလျှောက် သကြားအချိုကဲတဲ့အချိုရည်တွေ သောက်သုံးမှုမြင့်တဲ့ အမှိုးသမီး ၁၀၉ ယောက်ဟ ာအူမကြီးကင်ဆာဖြစ်ပွားလာတယ်ဆိုတာကို စောင့်ကြည့်လေ့လာမှုတွေလုပ်နေတဲ့နှစ်တွေအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တစ်နေ့ကို အချိုရည် နှစ်ဘူးနဲ့အထက်သောက်သုံးသူတွေက တစ်ပတ်ကို တစ်ဘူးနဲ့အောက်သောက်သုံးသူအမျိုးသမီးများထက် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေ ၂ ဆပိုများကြောင်းလည်း တွေ့ရှိခဲ့တာပါ။ ဆယ်ကျော်သက်များဆိုရင် ဒီလိုသောက်သုံးနှုန်းနဲ့ဆိုရင် ကင်ဆာဖြစ်ပွားနိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုများပြီး အရွယ်ရောက်ပြီးသူတွေဆိုရင်တော့ ၁၆ ရာခိုင်နှုန်းပိုများတယ်ဆိုတာတွေ့ရပါတယ်။

            တကယ်လို့သာ သကြားမပါတဲ့ အချိုရည်တွေနဲ့ ကော်ဖီ၊ အဆီချွတ်နဲ့ အဆီမချွတ်ထားတဲ့ နို့တွေကိုသာ အချိုရည်အစား ပြောင်းလဲသောက်သုံးရင်တော့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ၃၆ လောက် လျော့ကျသွားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အချိုရည်သောက်နှုန်းလျှော့တာ၊ အခြား သကြားမပါတဲ့အဖျော်ယမကာတွေပြောင်းလဲသောက်သုံးတာတွေက အရွယ်မရောက်သေးသူတွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် အသက် ၅၀ မတိုင်ခင် အူမကြီးကင်ဆာဖြစ်ပွားမှုလျော့နည်း၊ ပပျောက်အောင် ရှောင်လို့ရတဲ့နည်းဗျူဟာပါပဲလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

            အသက် ၅၀ နားဝန်းကျင်လူတွေအနေနဲ့ကတော့ အူမကြီးကင်ဆာရှိမရှိ စစ်ဆေးမှုတွေလည်း စောလျှင်စွာပြုလုပ်သင့်ကြောင်း အကြံပေးကြပါတယ်။ ဒီလို စစ်ဆေးမှုတွေလုပ်တာအပြင် အူမကြီးကင်ဆာဖြစ်နိုင်ခြေနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သိရှိအောင်လေ့လာထားသင့်တယ်လို့လည်း အကြံပြုကြပါတယ်။

မဖြစ်မနေ သတိထားကြည့်သင့်တဲ့ အချက် ၅ ချက်ရှိပါတယ်။ အဲဒါတွေကတော့ …

၁။ စအိုမှသွေးထွက်တတ်ခြင်း

၂။ အလေးသွားစဉ် သွေးပါခြင်း

၃။ ပုံမှန်လိုမဟုတ်တဲ့ အလေးသွားခြင်းအလေ့အထရှိလာခြင်း (ဥပမာ – တစ်နေ့လျှင် သွားသည့်အကြိမ်ရေများလာခြင်း)

၄။ ဝမ်းဗိုက်ထဲမှ နာကျင်ခြင်း ဒါမှမဟုတ် အလုံး၊ အဖုအထစ် စမ်းမိခြင်း

၅။ မတအားပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း

စတာတွေဖြစ်ပါတယ်။

            တချို့သူတွေမှာတော့ ပြသတဲ့လက္ခဏာတွေက မတူကြပါဘူး။ အူမကြီးကင်ဆာကြောင့်

၁။ ဝမ်းဗိုက်ဆုပ်စွဲထားသလိုနာကျင်ခြင်း

၂။ လေပွ၊ ဗိုက်ပွသလိုဖြစ်နေခြင်း

၃။ ဝမ်းချုပ်ခြင်း၊ လေမလည်နိုင်ခြင်း

၄။ ဖျားနာခြင်း

၅။ ရေအိမ်တက်ပြီးသော်လည်း ဝမ်းသွားချင်သလိုဖြစ်နေတတ်ခြင်း

            စတာတွေလည်း တချို့လူတွေမှာဖြစ်တတ်ကြပါတယ်။

            ဒီအချက်တွေက ရောဂါလက္ခဏာတွေဆိုပေမယ့် အဓိကကတော့ ဝမ်းသွားတဲ့အခါ သွေးပါခြင်းက သိပ်အရေးကြီးတဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာပဲပြောပြော အပေါ်မှာဖော်ပြထားတဲ့ လက္ခဏာရပ်တွေထဲက တစ်ခု သို့မဟုတ် အကုန်ဖြစ်တယ်ဆိုတာနဲ့ ဆရာဝန်နဲ့ပြသတိုင်ပင်ကုသခြင်းအမြန်ဆုံးလုပ်ဖို့ အရေးကြီးတယ်လို့ အကြံပြုကြပါတယ်။ တစ်ခါတစ်လေလည်း စစ်လိုက်တော့မှ သိပ်ရောဂါမပြင်းထန်သေးတာမျိုးလည်းဖြစ်တတ်တယ်လို့ဆိုကြပါတယ်။

            ဒါကြောင့် ဖြစ်နိုင်လျှင် ငယ်ရွယ်စဉ်ကတည်းက သကြားစားသုံးမှု၊ သကြားအချိုကဲတဲ့ အဖျော်ယမကာတွေနဲ့ အချိုရည်တွေသောက်သုံးမှုတွေကို လျှော့ချကာ သင့်တင့်မျှတတဲ့ စားသောက်နေထိုင်မှုပုံစံကို ပျိုးထောင်ထားသင့်ပါတယ်။

Ref : The Sun, Internet,