Geely ကားလုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Li Shufu ဟာ ဂျာမန်နိုင်ငံရဲ့နာမည်ကြီး Mercedes-Benz အမှတ်တံဆိပ်ကားတွေထုတ်လုပ်သူ Daimler မှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ၉.၆၉ ရာခိုင်နှုန်းနီးပါးလောက်ပါတယ်။
Li ဟာအသက် ၅၄ နှစ်အရွယ်ရှိပြီး တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ Geely Automobile နဲ့ ဆွီဒင်ကားလုပ်ငန်း Volvo Cars လုပ်ငန်းတို့ရဲ့ ပင်မကုမ္ပဏီ Zhejiang Geely Holding Group ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။
Daimler ဟာ State-Controlled ကုမ္ပဏီဖြစ်တဲ့ Beijing Auto နဲ့လည်း တရုတ်ပြည်မှာ Partnership ရှိပါတယ်။
Daimler ရဲ့ ရှယ်ယာကို Li ဦးဆောင်နေတဲ့ Tenaclou3 Prospect Investment ရင်းနှီးမြှုပ်နှံမှု ကုပ္မဏီက ဝယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
Li ဟာ Shanghai တောင်ပိုင်း စီရင်စုက ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ Zhejiang က ဖြစ်ပါတယ်။ သူ့ရဲ့စီးပွားရေးကို ရေခဲသေတ္တာ ထုတ်လုပ်ရေးနဲ့ ၁၉၈၆ ခုနှစ်ကစတင်ခဲ့ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ မော်တော်ကားထုတ်လုပ်ရေးကိုတော့ ၁၉၉၀ ခုနှစ်မှာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ တရုတ်ပြည်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး Bloomberg ကတွက်ချက်ထားတဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ ရှိပါတယ်။
Li ဟာ ကမ္ဘာ့ကားဈေးကွက်မှာ ပိုင်ဆိုင်မှုရှိအောင်ကြိုးစားနေပြီး Geely ကိုလည်း တရုတ်ပြည်ရဲ့ အင်အားကြီးမားတဲ့ လုပ်ငန်းဖြစ်အောင် ပြောင်းလဲနေပါတယ်။
'Europe ဈေးကွက်မှာ brand တစ်ခု တည်ဆောက်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါ'လို့ လီက ပြောဆိုဖူးတာလည်းရှိပါတယ်။
မနှစ်တုန်းကတော့ Geely Holding ဟာ ဗြိတိန် ပြိုင်ကားထုတ်လုပ်ရေး Lotus ရဲ့ ၅၁ ရာခိုင်နှုန်းသော အစုရှယ်ယာကို ဝယ်ယူခဲ့ပါတယ်။ Geely Holding ဟာ London ရဲ့ ကျော်ကြားတဲ့ အနက်ရောင် Taxi တွေထုတ်တဲ့ ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ Li ရဲ့ ထောက်ပံ့မှုနဲ့အတူ Volvo ဟာ နည်းပညာမြင့် လျပ်စစ်ကား Brand ဖြစ်တဲ့ Polestar ကိုဖန်တီးနေပြီး Telsa ကိုယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။
တရုတ်ဈေးကွက်မှာတော့ Geely Auto ဟာ အရောင်းသွက် Brand တစ်ခုပါ။ ယခင်နှစ်က ကားအစီးရေ တစ်သန်းကျော်ကို ရောင်းချနိုင်ခဲ့ပါတယ်။ Geely Holdingဟာ ချမ်းသာတဲ့ ဝယ်သူတွေအတွက်လည်း Lynk& Co ဆိုတဲ့ ကားအသစ်ကိုလည်း စတင်ခဲ့ပြီး ဖြစ်ပါတယ်။
Daimler ဟာ Mercedes-Benz ကားပေါင်း ၂.၃ သန်းကျော် ယခင်နှစ်က ရောင်းချခဲ့ပါတယ်။ ရောင်းချခဲ့တဲ့ ကားတွေထဲက သုံးပုံတစ်ပုံကို တရုတ်ပြည်က ဝယ်ယူတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဗန်ကားတွေ၊ ထရပ်ကားတွေနဲ့ ဘတ်စ်ကားတွေကိုပါ ထုတ်လုပ်ပါတယ်။
Duisburg Essen တက္ကသိုလ်က မော်တော်ကား သုတေသန စင်တာကို ကွပ်ကဲနေတဲ့ Professor Ferdinand Dudenhoffer က Germany ကလူတွေဟာ တရုတ်ကုမ္ပဏီတွေရဲ့ ရင်နှီးမြှုပ်နှံမှုတွေကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ Geely ဟာ Daimler အတွက်လည်း အရေးပါတဲ့ Partner ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Daimler နဲ့ တခြား ကားထုတ်လုပ်သူတွေဟာ လာမယ့်နှစ်တွေမှာ အကောင်အထည်ပေါ်မယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု အဆင့်သတ်မှတ်ချက်တွေကြောင့် လျပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြပါတယ်။ Daimler ကလည်း လျပ်စစ်ကားတွေနဲ့ Battery နဲ့ သုံးနိုင်မယ့် ထရပ်ကားတွေကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။
Volvo ၂၀၁၉ ခုနှစ်အရောက်မှာတော့ ထွက်သမျကားတိုင်းဟာ Hybrid မဟုတ်ရင် လျပ်စစ်ကားတွေပဲ ဖြစ်နေရမယ်လို့ မနှစ်က ကြေညာခဲ့ပါတယ်။