အောင်မြင်သူနှင့်စိတ်ကူးယဥ်သူ၏ကွာခြားချက်များ

ကျွန်တော်တို့အားလုံးအနာဂတ်ကို မှန်းဆကြည့်လေ့ရှိပါတယ်။ စားသုံးသူတွေဘာ ကိုလိုချင်မယ်။ ပြိုင်ဘက်တွေဘာကိုလုပ်ကြမယ်။ ရင်းနှီးမြှုပ်နှံမှုဘယ်လိုအကျိုးအမြတ်ရမယ်၊ အနာဂတ်မှာ ဘာဖြစ်လာမယ် အစရှိသဖြင့်ပေါ့။ တချို့ဆို ဗေဒင်ဆရာကိုတောင်မေးကြပါသေးတယ်။ စိစစ်ကြတယ်။ ခန့်မှန်းကြတယ်။ ဖြစ်နိုင်ခြေတွေ တွက်ချက်ကြတယ်။ စဉ်းစားတွေးခေါ် ကြံဆကြတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလိုမှာ ကျွန်တော်တို့တွေ တကယ်ဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်ကြပါဘူး။

တကယ်တော့ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားပြီးတွက်ချက်ပေမယ့် အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် အချိန်ယူတွက်ချက်ခန့်မှန်းနေမယ့်အစား လုပ်စရာရှိတာကိုမြန်မြန်ဆန်ဆန်အကောင်အထည်ဖေါ် လုပ်ဆောင်သင့်ပါတယ်။ ခန့်မှန်းလို့မရနိုင်တဲ့အရာတွေကို ပြဿနာတွေလို့မမြင်ဘဲအဖြေများလို့ မြင်သင့်ကြောင်း အမေရိကန်စာရေးဆရာ မေလ်ကွမ် ဂလဒ်ဝဲလ် (Malcolm Gladwell) က သူ့ရဲ့ဆောင်းပါးတစ်ခုမှာ အကြံပေးထားပါတယ်။ ဂလဒ်ဝဲလ် ကသူ့ရဲ့ အကြံပြုမှုဟာနာမည်ကျော်ဘောဂဗေဒပညာရှင် အဲလ်ဘတ်ဟာရှစ်မန်း (Albert Hirschmann) ရဲ့ အကြံပေးမှုနှင့်အတူတူပါပဲလို့ပြောပါတယ်။

“အနာဂတ်ကို ခန့်မှန်းလို့မရနိုင်မှုကြောင့် ကျွန်တော်တို့တွန့်ဆုတ်မှုမရှိဘဲ လွတ်လပ်စွာရှေ့သို့တိုးပြီး လုပ်စရာရှိတာလုပ်ချင်တာတွေကို လုပ်ရမယ်” လို့ ဟာရှစ်မန်းကပြောပါတယ်။ အနာဂတ်ကို သိရှိဖို့ တိကျစွာခန့်မှန်းနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ပူပင်ကြောင့်ကြစရာမလိုဘဲ အဆင်ပြေမယ်လို့ထင်တာတွေကို တွန့်ဆုတ်မှုမရှိပဲ ယုံယုံကြည်ကြည်ရှေ့တိုးလုပ်ဆောင်ရပါမယ်။ အနာဂတ်မှာဘယ်လိုအဖြေတွေထွက်လာမယ်ဆိုတာ မသိနိုင်တဲ့အတွက် မိမိတို့ပျော်မယ်၊ အဓိပ္ပာယ်ရှိမယ်၊ ကြိုးစာရကျိုးနပ်မယ်လို့ထင်ရင် လုပ်ချင်တာတွေကိုလုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ရွေးချယ်မှု၊ မျှော်မှန်းချက်ပန်းတိုင်၊ ယုံကြည်ချက်တွေအတွက် လုပ်တဲ့ခရီးလမ်းကို ပျော်မွေ့မယ်ဆိုရင်ဘယ်လိုရလဒ်ပဲရလာပါစေ စိတ်ကျေနပ်နိုင်မှာပါ။

“အနာဂတ်ကို သိနိုင်တယ်၊ တွက်ဆနိုင်တယ်လို့ ယူဆခြင်းဟာရူးသွပ်ခြင်းပါ။ကျွန်တော်တို့လူသားတွေ လွတ်လွတ်လပ်လပ်အခွင့်အလမ်းတွေကို ရယူဖို့လိုတယ်။” လို့ ဂလဒ်ဝဲလ်က ကောက်ချက်ချပါတယ်။ ရလာတဲ့ အခွင့်အရေးများကို ပေါ့ပါးလွတ်လပ်စွာ ရယူဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်ကို သင်မသိနိုင်လို့ပါ။ “ကျွန်တော့ကိုရာထူးတိုးပေးမယ်မှန်းကြိုသိရင် အလုပ်ကြိုးစားမှာပေါ့”၊ သို့မဟုတ် “ဖောက်သည်တွေဈေးပိုပေးမယ်မှန်းသိရင် ကျွန်မတို့ ဒီ့ထက်ပိုလုပ်ပေးမှာပေါ့။”၊ သို့မဟုတ် “ဒီလိုငွေတွေအများကြီးရမယ်ဆိုတာသိရင် ကျွန်တော်ပေးဆပ်ခဲ့မှာပေါ့” အစရှိတဲ့ဆင်ခြေတွေကိုကြားဖူးကြမှာပါ။

အောင်မြင်သူများဟာ အလုပ်အရင်ကြိုးစားလုပ်ကြပါတယ်။ ဒါကြောင့်သူတို့ရာထူးတက်တာပါ။အောင်မြင်တဲ့လုပ်ငန်းတွေဟာ စားသုံးသူတွေ တန်ဖိုးထားတဲ့ ဝန်ဆောင်မှုတွေအရင်ပေးပါတယ်။ဒါကြောင့်သူတို့ ဝင်ငွေတွေအများကြီးရတာပါ။ အောင်မြင်တဲ့စွန့်ဦးတီထွင်သူတွေ အရင်အစွမ်းကုန်ကြိုးစားကြပါတယ်။ ဒါကြောင့်သူတို့ နောက်ဆုံးမှာကြီးမားတဲ့ ငွေပမာဏ တွေရတာပါ။ လူတော်တော်များများက သူတို့အလုပ်ကြိုးကြိုးစားစားမလုပ်ခင်မှာ ဘာအကျိုးအမြတ်ပြန်ရမလဲဆိုတာကို အရင်သိဖို့ မျှော်လင့်ထားလေ့ရှိပါတယ်။

အောင်မြင်သူများကတော့ ရလာတဲ့ အကျိုးအမြတ်တွေဟာ ကြိုးစားမှုရဲ့ရလဒ်တွေလို့မြင်လေ့ရှိပြီး အကျိုးအမြတ်တွေကိုအရင်မျှော်မှန်းပြီးအလုပ်မလုပ်ကြပါဘူး။ သင်အနာဂတ်ကို မမြင်နိုင်ပါဘူး။ မြင်ဖို့ကြိုးစားမနေပါနဲ့။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင်ကောင်းမယ်ထင်တာကို ဒီနေ့ပဲလုပ်လိုက်ပါ။ သင်မှန်တယ်ထင်တာကို ဒီနေ့ပဲလုပ်လိုက်ပါ။ သင့်ရဲ့ကြိုးစားမှုတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ တစ်နေ့ရလာမယ် မရလာဘူးဆိုတာ သင်မသိနိုင်ပေမယ့် သေချာတာတစ်ခုကတော့ ဘာမှမလုပ်ဘဲ အနာဂတ်ကို ထိုင်စဉ်းစားနေရင်တော့ ကောင်းမွန်တဲ့ရလဒ် ဘယ်တော့မှရလာမှာ မဟုတ်ပါဘူး။

ဖွားစိန်တင် (စံပယ်ခြံ)

[Ref : www.inc.com မှ ၈ ဒီဇင်ဘာ ၂၀၂၀ နေ့တွင် တင်ထားသော Jeff Haden ရေးသားထားသည့် “Malcolm Gladwell Says 3 Unusual Words Separate People Who Achieve From Those Who Just Daydream” ဆောင်းပါးအား အားဆီလျော်အောင်ဘာသာပြန်ဆိုရေးသားသည်။]