မြန်မာ့အာမခံလုပ်ငန်းကနေ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ အာမခံအမျိုးအစားတွေနဲ့ ဘာကြောင့်အာမခံထားသင့်တယ်ဆိုတဲ့အကြောင်းအပါအဝင် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ချပေးထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်လို့ မြန်မာ့အာမခံမှ General Manager ဦးခင်မောင်ဝင်းမှ ဖြေကြားပေးထားပါတယ်။
မြန်မာ့အာမခံလုပ်ငန်းကနေရရှိနိုင်တဲ့ အာမခံအမျိုးအစားတွေနဲ့ သူတို့အကြောင်းအသေးစိတ် . . .
မြန်မာ့အာမခံလုပ်ငန်းကနေလုပ်ကိုင်တဲ့ အာမခံအမျိုးအစားက ၂၉ မျိုးရှိပေမယ့် အကျယ်တဝင့် အမျိုးအစားခွဲချလိုက်ရင်တော့ ၄၆ မျိုး ရှိပါတယ်။ (အသေးစိတ်ကို website -http://www.mof.gov.mm/en/content/myanmainsurance မှာ ကြည့်နိုင်ပါတယ်။) အဓိကအနေနဲ့ အာမခံလုပ်ငန်းကတော့ နှစ်မျိုးရှိပြီးတစ်ခုကတော့ Life Insurance ခေါ်တဲ့ အသက်အာမခံလုပ်ငန်း၊ နောက်တစ်ခုကတော့ Non Life Insurance ခေါ်တဲ့ အသက်အာမခံမဟုတ်သောလုပ်ငန်းလို့ ခေါ်ပါတယ်။ Non Life Insurance ကို General Insurance အထွေထွေအာမခံလုပ်ငန်းလို့လည်း ခေါ်ပါသေးတယ်။
Life Insurance - အသက်အာမခံလုပ်ငန်း . . .
အသက်အာမခံလုပ်ငန်းတွေထဲမှာ အမျိုးအစားထပ်ခွဲရင် လက်ရှိလုပ်နေတာ ကိုးမျိုးလောက်ရှိပါတယ်။ ပြည်သူပြည်သား အသက်အာမခံ၊ နိုင်ငံဝန်ထမ်း အသက်အာမခံ၊ တပ်မတော်သားအသက်အားမခံဆိုတဲ့ သုံးမျိုးကတော့ သက်တမ်းရှည် အာမခံတွေပါ။ နှစ်ရှည်ဆိုတာ အသက်ငါးနှစ်ကနေ အသက်ခြောက်ဆယ်ပြည့်ထိ ဖြစ်ပါတယ်။ ဥပမာ- အသက် ၁၈ ပြည့်တဲ့ ဝန်ထမ်းတစ်ယောက်ဆို အသက်ခြောက်ဆယ်ပြည့်ထိဆို သက်တမ်းက ၄၂ နှစ်ပေါ့။ အဲဒီလိုမျိုးထားရှိရတဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။ တစ်နှစ်အာမခံထားရတဲ့ အမျိုးအစားတွေကျတော့ မြွေအန္တရာယ် အသက်အာမခံ၊ အာကစားသမားအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ သင်္ဘောသားအသက်အာမခံ၊ ပြည်ပလုပ်သားအာမခံ၊ ကျန်းမာရေးအာမခံနဲ့ ဒီနှစ်ခုနစ်လပိုင်းလောက်ကမှ ခွင့်ပြုပေးခဲ့တဲ့ တောင်သူလယ်သမား အသက်အာမခံတို့ ဖြစ်ပါတယ်။
Non Life Insurance (GrenalInsurance) - အထွေထွေအာမခံလုပ်ငန်း . . .
အထွေထွေအာမခံကတော့ မီးအာမခံရယ်၊ ရေကြောင်းအာမခံရယ်ဆိုပြီး ကြီးကြီးမားမား နှစ်မျိုးရှိပါတယ်။ မီးနဲ့ အမျိုးမျိုးအာမခံဆိုတာ ထပ်ရှိပါမယ်။ အဲဒီမှာ မီးအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ၊ နောက်တစ်ခုကိုယ်အင်္ဂါထိခိုက်မှုနဲ့ ရောဂါဘယအာမခံ၊ သမအလုပ်အမှုဆောင်ထိခိုက်မှုအာမခံ၊ မြေသယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းရှင်အာမခံ၊ မြေသယံဇာတတူးဖော်ထုတ်လုပ်ရေး တာဝန်ရှိသူအာမခံ၊ တည်ဆောက်မှုအလုံးစုံတာဝန်ရှိမှုအာမခံ၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အာမခံတို့အပြင် နိုင်ငံခြားနဲ့ပေါင်းပြီးလုပ်ရတဲ့ ဟိုတယ်ရဲ့တာဝန်ရှိမှုအာမခံ၊ လုပ်ငန်းရပ်ဆိုင်းမှုတာဝန်ရှိမှုအာမခံ ဒီအမျိုးအစားတွေက မီးနဲ့အမျိုးမျိုးအာမခံအောက်မှာရှိပါတယ်။
ရေကြောင်း၊ လေကြောင်းအာမခံတွေမှာ ရေကြောင်းကတော့ သင်္ဘောကိုယ်ထည်အာမခံ၊ ကုန်ပစ္စည်းအာမခံဆိုတာရှိတယ်။ လေကြောင်းကျတော့ လေယာဉ်နဲ့ပတ်သက်တဲ့ အာမခံတွေ အများကြီးရှိပါတယ်။
ခရီးသွားအာမခံမှာဆိုလည်း မိုင်တစ်ရာအောက်၊ မိုင်တစ်ရာအထက် အာမခံတွေရှိပါတယ်။ မိုင်တစ်ရာထက်ဆိုရင် အထူးခရီးသွားအာမခံ၊ ပြီးတော့ တစ်ပတ်နှစ်ပတ်လှည့်လည်သွားတဲ့ ခရီးသွားအာမခံတွေ ရှိတယ်။ ခရီးသွားကုမ္ပဏီတွေကိုပေးတဲ့ အာမခံအမျိုးအစားတွေရှိတယ်။ ခရီးသွားကုမ္မဏီတွေ တာဝန်ရှိမှုအာမခံရှိမယ်။ ထူးထူးဆန်းဆန်း သူတို့တောင်းဆိုလို့ လုပ်ပေးရတဲ့ ကျားဖောင်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ၊ ပင်လယ်ထဲမှာ ပုဇွန်ဖမ်းတဲ့ ဂါးကြီးတွေ အဲ့ဒါကို ကျားခေါင်လို့ ခေါ်တယ်။ အဲလိုပဲ ရေလုပ်ငန်းရှင်တွေ တာဝန်ရှိမူအာမခံဆိုလည်း လှေတို့ သင်္ဘောတို့နဲ့ ငါးဖမ်းထွက်တယ် အဲဒီကအလုပ်သမားတွေအတွက်ကို ပိုင်ရှင်က အာမခံထားပေးရပါတယ်။
အဓိကလေးမျိုးထဲက အသက်အာမခံ၊ မီးနဲ့အမျိုးမျိုးအာမခံ၊ လေကြောင်းရေကြောင်းနဲ့ ခရီးသွားအာမခံ ဒီသုံးမျိုးပြီးတော့ နောက်အာမခံကြီးတစ်ခုက သူတစ်ပါးထိခိုက်မှုနဲ့ မော်တော်ယာဉ်အာမခံဌာနရှိပါသေးတယ်။ သူတစ်ပါးထိခိုက်မှုဆိုတာ အားလုံးသိတဲ့အတိုင်းပဲ ပရီမီယံဘယ်ချိန်သွင်းရလဲဆိုတော့ ကားအသစ်တွေ နံပါတ်စယူတဲ့အချိန်၊ နောက်တစ်ခါကားဟောင်းတွေ သက်တမ်းတိုးတဲ့အချိန်မှာ မြန်မာ့အာမခံကို ပရီမီယံကြေးပေးဆောင် ရတယ်။ အဲဒီယာဉ်တွေနဲ့ လမ်းပေါ်မှာသွားတဲ့အခါ တိုက်မိလို့ ယာဉ်ပေါ်မှာပါတဲ့သူတွေ သေကျေဒဏ်ရာရမယ်ဆိုရင် မြန်မာ့အာမခံက ပိုင်ရှင်ကိုယ်စားပေးလျော်ရပါတယ်။ မည်သည့်စက်တပ်ယာဉ်မဆို အများပြည်သူသွားတဲ့ လမ်းပေါ်မှာ လူတစ်ယောက်ကိုတိုက်မိလို့ သေဆုံးတယ်ဆိုရင် သေရင် ငွေကျပ်ဆယ်သိန်း၊ ဒဏ်ရာရတယ်ဆိုရင်လည်း ဆရာဝန်ရဲ့ထောက်ခံချက်အရ အချိုးကျအများဆုံး ရှစ်သိန်းထိ လျော်ကြေးပေးတယ်။ ဒီလိုလျော်ကြေးပေးတဲ့အခါမှာ သက်ဆိုင်ရာစက်တပ်ယာဉ်ပိုင်ရှင်က ပရီမီယံကြေးပေးဖို့ တာဝန်ရှိတယ်။ လိုင်စင်ရှိပြီးသားဆိုရင်တော့ သွင်းပြီးသားပါ။ မရှိတဲ့သူဆို ယာဉ်မှုစစ်ကနေတစ်ဆင့် မြန်မာ့အာမခံကို ပရီမီယံကြေးအပြင် ဒဏ်ကြေးပါဆောင်ရပါမယ်။ ဒါကြောင့် ပရီမီယံဆောင်ဖို့ ယာဉ်ပိုင်ရှင်တွေမှာ တာဝန်ရှိတယ်။ မြန်မာ့အာမခံကတော့ လျော်ဖို့တာဝန်ရှိပါတယ်။ ပရီမီယံကြေးဆိုတာလည်း ဆလွန်းကားတစ်စီးမှ တစ်နှစ်လုံးကို ငါးရာကျပ်ပဲကောက်တာ။ လိုတဲ့အခါ တစ်ယောက်သေရင် ဆယ်သိန်းလျော်ရတာပါ။ ဒါတွေကို ပြည်သူလူထုကြားမှာ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။
အလုံးစုံမော်တော်ယာဉ်အာမခံကျတော့ ထားချင်မှ ထားလို့ရပါတယ်။ နိုင်ငံတကာမှာတော့ ယာဉ်ပိုင်ရှင် ၉၉ ရာခိုင်နှုန်းလောက်ထားကြပါတယ်။ ၁ ရာခိုင်နှုန်းက ဘာလို့မထားလဲဆိုတော့ သူတို့က ကန့်သတ်ဧရိယာထဲမှာပဲ သုံးတဲ့ယာဉ်တွေ ဖြစ်လို့ပါ။ အများပြည်သူသွား လာနေတဲ့လမ်းပေါ်မှာသွားတဲ့ ယာဉ်တွေကျတော့ အလုံးစုံအာမခံထားကြတယ်။ အကြောင်းရင်းကတော့ သူတစ်ပါးထိခိုက်မှုကလျော်တဲ့ လျော်ကြေးပမာဏနည်းပါတယ်။ သက်ဆိုင်ရာအတိုက်ခံရတဲ့ နစ်နာသူရဲ့ Customer Sactisfaction ဆိုတာ မဖြစ်ဘူး၊ နည်းတာပေါ့။ အကန့်အသတ်ရှိတယ်။ ဂျပန်မှာဆို ယန်းသန်းသုံးဆယ်ထက်ပိုပြီးတော့ ပေးလို့မရဘူး။ ဒါပေမဲ့ အလုံးစုံအာမခံထားရင် နစ်နာတဲ့သူကိုပေးတဲ့အခါမှာ သန်းရှစ်ဆယ်လည်း ဖြစ်နိုင်တယ်။ သန်းတစ်ရာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် အလုံးစုံအာမခံကို ထပ်ပြီးထားကြတယ်။ ဒီမှာလည်း အခုဘတ်စ်ကားတွေ အလုံးစုံအာမခံမထားရင် မဆွဲနဲ့လို့ ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်တော့ အကုန်လုံးထားကြရပါပြီ။ အလုံးစုံအာမခံကျတော့ မြန်မာ့အာမခံတင်မဟုတ်ဘူး၊ ပုဂ္ဂလိကကုမ္ပဏီတွေဆီမှာပါ ထားကြတာပါတယ်။ သူတစ်ပါးထိခိုက်မှုအာမခံကတော့ Compulsory ဖြစ်တဲ့အတွက် မြန်မာ့အာမခံမှာပဲ ထားလို့ရမယ်။ အဲဒီမှာ တစ်ချက်ရှိတယ်။ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်းအထက်ရှိတဲ့ မည်သည့်လုပ်ငန်းရှင်အာမခံအမျိုးအစားမဆို မြန်မာ့အာမခံမှာပဲ ထားရမယ်။ နိုင်ငံတော်က ရင်းနှီးမြှုပ်မှု မပါရင်တော့ ကြိုက်တဲ့အာမခံကုမ္ပဏီမှာ ထားလို့ရပါတယ်။
အာမခံအမျိုးအစားတွေနဲ့ သူတို့ရဲ့ခံစားခွင့်တွေ . . .
အာမခံအမျိုးအစားပေါ်မူတည်ပြီးတော့ ပရီမီယံ Range တွေရှိတယ်။ အကြမ်းပြောရရင် မီးအာမခံဆိုရင် ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား၊ စတုတ္ထတန်းစားဆိုပြီးတော့ အတန်းအစားလေးခုရှိပါတယ်။ ပထမတန်းစားအဆောက်အအုံဆိုရင် ဘာမှမယူဘူး။ သူ့ပတ်ဝန်းကျင်မှာလည်း ဘာမှမရှိဘူး။ မီးတစ်ခုပဲယူမယ်ဆိုရင် တစ်နှစ်ကို ပြား ၂၀ ပဲကျမယ်။ အမျိုးအစားပေါ် မူတည်ပြီးတော့ ပရီမီယံနှုန်းက မြင့်သွားမှာပါ။ အနိမ်ဆုံးကတော့ ပြားနှစ်ဆယ်ပေါ့။ ကျန်တာတော့ ပြားလေးဆယ် တစ်ကျပ် နှစ်ကျပ် စသည်ဖြင့် ဖြစ်ပါတယ်။ ဒါငွေတစ်ရာပေါ်မှာ တွက်ပြတာပါ။ ဥပမာ-သိန်းနှစ်ရာတန် ပထမတန်းစားအိမ်တစ်လုံးကို အပိုအကာအကွယ်တွေ မယူဘူးဆိုတစ်နှစ်ကို နှစ်သောင်းကျပ်ပဲကျမယ်။ အပိုဆိုတာ မုန်တိုင်းတို့ ရေကြီးရေလျှံတာတို့ ငလျင်တို့ယူမယ်ဆိုရင်တော့ ပြားလေးဆယ် ပြားငါးဆယ် စသည်ဖြင့် အပိုယူတဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းက မြင့်သွားမှာပါ။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီးတော့ ပရီမီယံကြေးကွဲသွားပြီး ပြားနှစ်ဆယ်ကတော့ အနိမ့်ဆုံးပါပဲ။
အသက်အာမခံဆိုရင် ကိုးမျိုးရှိတယ်။ တစ်ခုနဲ့တစ်ခုက လုံးဝမတူဘူး။ အဲဒါကြောင့် ပရီမီယံနှုန်းက ခြုံပြောလို့မရပါဘူး။ ဥပမာပြောရရင် ဝန်ထမ်းတစ်ယောက် အသက်အာမခံဆယ်သိန်းထားမယ်ဆိုရင် မနက်ဖြန် သဘက်ခါသေသွားရင် သိန်းတစ်ရာထုတ်ပေးလိုက်မယ်။ ဒါမှမဟုတ် အသက်ခြောက်ဆယ်ထိမသေရင် သူသွင်းထားတဲ့ ပိုက်ဆံပြန်ပေးလိုက်မယ်။ တစ်နှစ်အာမခံကျတော့ များသောအားဖြင့်တော့ ၁ ရာခိုင်နှုန်း သွင်းရတာရှိတယ်။ နောက်တစ်ခါ ဒသမ ၃ ဒသမ ၅ တို့ သွင်းရတာလည်းရှိတယ်။ သူ့အာမခံအမျိုးအစားပေါ် မူတည်ပြီး သွင်းရပါတယ်။
ဥပမာ- မြွေအာမခံဆိုရင် တစ်ယူနစ်ကို တစ်နှစ်လုံးမှာ ငွေငါးရာပဲ သွင်းရမယ်။ လျော်ရင် ငါးသိန်းလျော်တယ်။ အဲဒီလိုနှုန်းတွေတော့ ရှိပါတယ်။ မော်တော်ကားဆိုလည်း ဆလွန်းကားဆိုရင် တစ်နှစ်လုံးမှ ငါးထောင်ပဲ ကျမယ်။ ဘတ်စ်ကားမှ ၁၅,၀၀၀ ကျမယ်။ ဒါမထားမနေရ ထိခိုက်မှုအာမခံပါ။ အလုံးစုံမော်တော်ယာဉ် အာမခံကျတော့ နံပါတ်အနက်ယာဉ်ဆိုရင် ၁ ရာခိုင်နှုန်းပဲကျမယ်။ အငှားယာဉ်ဆိုရင် ၁.၅ ရာခိုင်နှုန်းလောက်ကျမယ်။ ဒါအကြမ်းဖျင်းပြောတာ အဲဒီမှာအင်ဂျင်ပါဝါကွာသွားရင် နှုန်းလည်း သူ့ဘာသာသူ ကွာသွားပါမယ်။ ဒါတွေက အကြမ်းဖျင်းပြောတာ။ Survey ကောက်ပြီးမှ ပရီမီယံနှုန်းက အတိအကျပြောလို့ရမှာ။
အာမခံအကျိုးကျေးဇူးနဲ့ အကြံပြုချက် . . .
ဥပမာပြောရရင် မီးအာမခံထားတဲ့အတွက် အိမ်ကမီးထဲပါသွားခဲ့ရင်တောင် အချိန်တန်ရင် ကိုယ့်အိမ်ကိုယ်ပြန်ရနိုင်မယ်။ သိန်းတစ်ရာ အာမခံထားရင် သိန်းတစ်ရာပြန်ရမယ်။ သိန်းတစ်ထောင် အာမခံထားရင် သိန်းတစ်ထောင် ပြန်ရမယ်။ မိမိအတွက် ထိခိုက်နစ်နာမှု သိပ်ပြီးမရှိတော့ဘူး။ ထို့အတူပဲ မော်တော်ကားဆိုင်ကယ်တိုက်မိတယ်။ ချောက်ထဲပြုတ်ကျသွားတယ်။ တစ်စီးလုံးရစရာမရှိအောင် ပျက်စီးသွားတယ်။ အဲဒီအခါ မြန်မာ့အာမခံက ကားတန်ဖိုးအတိုင်းပြန်လျော်ပေးရင် အသစ်တစ်စီးပြန်ဝယ်လို့ ရနိုင်တယ်။ ဆိုလိုတာက အာမခံထားခြင်းအားဖြင့် မိမိရဲ့မူလအခြေအနေကို ယုတ်လျော့မသွားအောင် အာမခံက ဆောင်ရွက်နိုင်တယ်။ ဒါပေမဲ့ အသက်ကျတော့ တန်ဖိုးဖြတ်လို့မရဘူး။ အဲဒီအတွက် ကိုယ့်ဘာသာကိုယ် ဘယ်လောက်ထားမလဲဆိုတာကို ချင့်ချိန်စဉ်းစားရပါတယ်။ လစဉ်၊ နှစ်စဉ်သွင်းသွားရမှာဆိုတော့ ကိုယ်သွင်းနိုင်တဲ့ ငွေကြေးကိုက်ညီအောင် ထားရပါမယ်။ တကယ်လို့ တစ်စုံတစ်ရာကြောင့် ကိုယ်အသက်ဆုံးရှုံးခဲ့ရင် ကျန်ရစ်တဲ့မိသားစုကို အာမခံကြေးရပါမယ်။ တကယ်လို့ ကိုယ်က နှစ်စေ့တဲ့အထိ အသက်ရှိသေးခဲ့ရင်လည်း တစ်လုံးတစ်ခဲပြန်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ငွေစုဆောင်းထားသလိုပါပဲ။
အခုကျွန်တော်တို့ကထပ်ပြီး ငွေစုတာအပြင် အတိုးပါထပ်ပြီးပေးနိုင်အောင်၊ အကျိုးအမြတ်ပေးနိုင်အောင် စဉ်းစားလုပ်နေတယ်။ ဥပမာ- သိန်းတစ်ရာဆိုရင် သိန်းတစ်ရာနဲ့ ဘယ်လောက်ထပ်ဆောင်းပေးမလဲဆိုတာပါ စဉ်းစားနေတယ်။ ပြီးတော့ ကိုယ့်စုထားတဲ့ငွေထဲက အရေးပေါ်ငွေလိုရင်လည်း ငွေထုတ်ချေးလို့ရတယ်။ ထုတ်ချေးတဲ့အခါမှာ အပြင်လို အတိုးမကြီးဘူး။ တစ်နှစ်မှ ၆.၂၅ ရာခိုင်နှုန်းပဲယူတာ။ ဘဏ်တိုးတောင် ၁၃ ရာခိုင်နှုန်းရှိတာကြောင့် ဘဏ်တိုးရဲ့ တစ်ဝက်ပဲရှိတယ်။ ချေးတဲ့နေရာမှာတော့ ဘယ်လောက်ပဲချေးရမယ်ဆိုတာ ကန့်သတ်ချက်တော့ရှိပါတယ်။ နောက်တစ်ခါ အသက်အာမခံထားတဲ့ ပရီမီယံသည် ဝင်ငွေခွန်ဆောင်တဲ့အခါမှာ နုတ်ခွင့်ရှိတယ်။ ပြီးတော့ အသက်အာမခံထုတ်ပေးလိုက်တဲ့ အမ်းငွေနှစ်စေ့အားလုံးကငွေဖြူ၊ ဒီငွေပေါ်မှာ အခွန်ဆောင်စရာမလိုဘူး။ ဒါကြောင့် အသက်အာမခံဆိုတာလည်း ထားသင့်ပါတယ်။ နောင်ကျန်းမာရေးအာမခံထားရင် အခုနှုန်းသစ်မှာဆေးရုံတက်တဲ့ တစ်ရက်ကို နှစ်သောင်းပေးတယ်။ သူက ရက်ပေါင်းခြောက်ဆယ်ပေးမယ်။ အဲဒီမှာတော့ ဆေးရုံသုံးရက်နဲ့ အထက်တက်မှ ရမှာပေါ့။ သုံးရက်အောက်ဆိုရင် မပေးဘူးပေါ့။ အဲဒီမှာ အက်ဆီးဒင့်ကြောင့် သေရင်သိန်းနှစ်ဆယ်ပေးမယ်။ အနည်းဆုံးနှစ်ယူနစ်ဝယ်ရမှာပေါ့။ အရင်တုန်းက ရိုးရိုးသေရင်မပေးဘူး၊ အခုပေးတယ်။ နောက်တစ်ခါ ခွဲစိတ်ကုသဖို့အတွက် အပိုအကာအကွယ်တွေ ပေးလို့ရတယ်။ ကင်ဆာတို့လို ရောဂါကြီးကြီးမားမားဖြစ်တဲ့ အကာအကွယ် အထောက်အကူတွေလည်း ဝယ်လို့ရတယ်။ Opion 1. Opion 2 ခေါ်တာပေါ့။ နောက်တစ်ခါ ကိုယ်ဝန်ရှိပြီး ပျက်ကျတာ အဲဒီအတွက်လည်း ဝယ်လို့ရတယ်။ ဆိုလိုတာက ကျန်းမာရေးစောင့်ရှောက်မှုအာမခံဆိုတာ ကျန်းမာရေးခေါင်းစဉ်အောက်မှာရှိတဲ့ အကာအကွယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအာမခံက အကာအကွယ်ပေးလို့ ရအောင် ဝယ်လို့ရတယ်။ အဲဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအာမခံဆိုတာလည်း ထားသင့်တဲ့ အာမခံအမျိုးအစားဖြစ်တယ်။ မြန်မာ့အာမခံက ဆောင်ရွက်နေတဲ့ အာမခံတွေသည် ပြည်သူလူထုအတွက် တကယ်လိုအပ်တဲ့ အာမခံအမျိုးအစားတွေဖြစ်တဲ့အတွက် ဝယ်ထားခြင်းအားဖြင့် ပြည်သူအတွက် တကယ်ကိုအကျိုးရှိပါတယ်။
မြန်မာနိုင်ငံအတွင်း၊ ပြည်တွင်း ပြည်ပကုမ္ပဏီတွေကို လုပ်ခွင့်ပေးထားသော အာမခံအမျိုးအစားတွေ . . .
မြန်မာ့အာမခံအပါအဝင် ပုဂ္ဂိလကအာမခံကုမ္ပဏီ ၁၁ ခု ရှိတယ်။ ဒါကတော့ ပထမဆုံးသူတို့ကို အာမခံအမျိုးအစားခြောက်မျိုး ချပေးတယ်။ အဲဒီမှာ အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံနဲ့ သမာဓိအာမခံ၊ အထူးခရီး သွားအာမခံ၊ ကျန်းမာရေးအာမခံ၊ ရေကြောင်းပို့ကုန်အာမခံ၊ တောင်သူလယ်သမားအသက်အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ခရီးသွားအာမခံ၊ (ဒီခရီးသွားအာမခံက မိုင်တစ်ရာအောက်ကိုပြောတာ) ပြီးတော့ ရေယာဉ်ကိုယ်ထည်အာမခံ၊ တူတာတွေစုလိုက်ရင်တော့ အားလုံး ၁၁ မျိုး ချပေးထားပါတယ်။ တူတာတွေ မစုရင်တော့ ၁၂ မျိုးပါ။ ဘာလို့ ၁၂ မျိုးပဲ ချပေးသေးတာလဲလို့ မေးလာရင်တော့ အာမခံကြီးကြပ်ရေးကနေ ကုမ္ပဏီတွေအနေနဲ့ လုပ်နိုင်စွမ်းအားရှိသလောက်ကို ဖြည်းဖြည်းချင်း ချပေးနေတာ ဖြစ်ပါတယ်။ အဲဒီ ၁၂ မျိုးဟာ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းတွေမှာဆို တကယ့်ကို အဓိကအာမခံလုပ်ငန်းတွေပါပဲ။
မြန်မာ့အာမခံက ကိုင်ထားတာ အပိုသေးသေးလေးတွေပဲ ကျန်တော့တယ်။ ပြီးတော့ ပုဂ္ဂလိကကုမ္ပဏီတွေက မလုပ်နိုင်သေးတဲ့ အာမခံတွေကို ကိုင်ထားတာပါ။ ဥပမာပြောရရင် စွမ်းအင်အာမခံဆိုရင် မြန်မာ့အာမခံတောင် တိုက်ရိုက်လုပ်လို့မရသေးဘူး တစ်ဆင့်ပြန်ပြီး လုပ်ရတာတွေရှိတယ်။ အဲဒါဆို သူတို့ကို တိုက်ရိုက်ချပေးလို့ မရသေးဘူး။ ပြီးတော့ လေယာဉ်အာမခံဆိုရင် နိုင်ငံတကာနဲ့ ချိတ်ပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက် သူတို့ကိုခွင့်ပြုပေးလို့မရသေးဘူး။ ဒါတွေက ခဏချန်ထားတာ။ ဒါတောင်မှ ရေယာဉ်ကိုယ်ထည်အာမခံ ပေးလိုက်ပြီ။ ပြောရရင် ဒီဟာလုပ်လို့ သူတို့အကျိုးအမြတ်သိပ်မဖြစ်သေးဘူး။ ဒါပေမဲ့ အခုလုပ်ခွင့်ပေးထားတဲ့ ၁၂ မျိုးသည် မြန်မာနိုင်ငံအာမခံဈေးကွက်မှာ တကယ်လုပ်လို့ရမယ့် အကုန်လုံးလိုလိုကို ပေးလိုက်တာပါပဲ။ ဒီနေ့အာမခံဈေးကွက်မှာ မြန်မာအာမခံနဲ့ ပုဂ္ဂလိကအာမခံကုမ္ပဏီတွေနဲ့ တန်းတူပါပဲ။ မြန်မာ့အာမခံလုပ်ငန်းက ဘာမှအသာစီးယူထားတာမရှိပါဘူး။ အခုဆိုသူတို့လည်း သုံးနှစ်လောက်ရှိပြီဆိုတော့ လုပ်နိုင်လာပါပြီ။ သူတို့လုပ်နိုင်လာတဲ့အတွက်လည်း အာမခံကြီးကြပ်ရေးအဖွဲ့က အချိန်နဲ့တစ်ပြေးညီ လုပ်ငန်းတွေ တိုးချဲ့ချပေးဖို့ ရှိပါတယ်။ မြန်မာ့အာမခံအနေနဲ့ကတော့ ပုဂ္ဂလိကအာမခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်လုပ်နေပါတယ်။ ယှဉ်ပြိုင်တဲ့အခါမှာလည်း အားလုံးဒီနှုန်းပဲ။ ပရီမီယံ Range လည်း အတူတူပါ။ အားလုံးအတူတူပါပဲ။ အဲဒီမှာဘာကွာနိုင်တာလဲဆိုတော့ Service ကွာနိုင်ပါတယ်။
မြန်မာ့အာမခံလုပ်ငန်းရဲ့ အနာဂတ်အစီအစဉ် . . .
မြန်မာ့အာမခံအနေနဲ့ကတော့ အနာဂတ်မှာ ဖွဲ့စည်းပုံပြင်ပြီး ဝန်ဆောင်မှုကောင်းကောင်းပိုပြီးပေးနိုင်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုအဖြစ် ပြောင်းလဲဖို့အစီအစဉ်ရှိတယ်။ နောက်တစ်ခါ တစ်ဆင့်အာမခံပုဂ္ဂလိက ကုမ္ပဏီတွေက နိုင်ငံခြားအာမခံတွေမှာထားမယ်ဆိုရင် မြန်မာ့အာမခံက အမာခံတစ်ခုနဲ့ တာဝန်ယူပြီးတော့ တစ်ဆင့်အာမခံတဲ့လုပ်ငန်းကို ဆောင်ရွက်မယ်။ နောက်တစ်ခါ တစ်ဆင့်အာမခံကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ရင် နိုင်ငံခြားတစ်ဆင့်အာမခံထားချင်လည်း လက်ခံလို့ရတယ်။ အဲဒီလိုထိအောင်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်။ အင်အားအကောင်းဆုံးဖြစ်အောင် စုဖွဲ့ပြီးလုပ်မယ်။ Marketing Team တွေ ဖွဲ့မယ်။ အခုဆိုတိုင်းနဲ့ ပြည်နယ်မှာ ရုံးပေါင်း ၄၀ ဖွင့်လှစ်ထားပြီးပြီဖြစ်တဲ့အတွက် ထပ်ပြီးလိုမယ့်နေရာတွေကို ရုံးခွဲတွေ ဖွင့်လှစ်သွားဦးမှာပါ။ နောက်ပိုင်းပြည်သူလူထုထဲကို Marketing ဆင်းတာတို့၊ လုပ်ငန်းဆောင်ရွက်ပေးတာတို့ လုပ်ဖို့ရှိပါတယ်။ အခုလည်း တိုင်းနဲ့ပြည်နယ်အာမခံရုံး ခွဲတွေမှာ လစဉ်ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေလုပ်တယ်။ လျော်ကြေးပေါ်ရင်လည်း ချက်ချင်းဆောင်ရွက်ပေးတယ်။ တစ်နေရာမှာ တစ်ခုခုဖြစ်ရင်လည်း နီးစပ်ရာရုံးက အမြန်သွားကြည့် ဆေးရုံလိုက်၊ ရဲစခန်းလိုက်ပြီးရင် လျော်ကြေးပေးတဲ့ ပုံစံတွေဖြည့်ပြီးတာနဲ့ လျော်ကြေးချက်ချင်းပေးတာမျိုးတွေ လုပ်ပေးပါတယ်။ ထို့အတူပဲ အာမခံထားချင်ရင်လည်း သက်ဆိုင်ရာရုံးခွဲအလိုက် ချက်ချင်း Survey ဆင်းစရာရှိတာဆင်း၊ ဆင်းစရာမရှိရင် ချက်ချင်းဆောင်ရွက်ပေးတယ်။ အလုပ်လက်ခံတဲ့နေရာမှာရော၊ လျော်ကြေးပေးတဲ့နေရာမှာရော Customer က ကျေနပ်မှုမရှိလို့ ရုံးချုပ်ကို အကြောင်းကြားရင် ပြန်ပြီးဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။
အယ်ဒီတာအဖွဲ့