ဦးခိုင်မိုးအောင်မင်း@မိုးစွိ (MD-Home of Tone Pro Audio)

komoesweet1

Home Studio အတွက် လိုအပ်တဲ့အသံပိုင်းဆိုင်ရာပစ္စည်းတွေ၊ Studio လောကက အနုပညာရှင်နဲ့ Professional တွေအတွက် ပစ္စည်းကောင်းတွေကို ရရှိနိုင်တဲ့ Home of Tone Pro Audio ရဲ့ MD ကိုမိုးစွိ (ခေါ်) ကိုခိုင်မိုးအောင်မင်းကို  လုပ်ငန်းနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာ AES မှာ Mixing ဘာသာရပ်ကို သင်ကြားပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Home of Tone Studio စတင်ခဲ့ပုံ . . .

ကျွန်တော်က Home Studio လုပ်ရတာ ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ အိမ်မှာ Computer Microphone တွေနဲ့ သီချင်းတွေသွင်း အသံဖမ်းတာတွေလုပ်တယ်။ Professional လို့ထင်ရတဲ့ ပစ္စည်းလေးတွေရှာပြီး စုတယ်။ ဒီမှာဝယ်လို့မရလည်း နိုင်ငံခြားကမှာပြီးတော့လုပ်တယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ပစ္စည်းတွေပြန်စုမယ်ဆိုတဲ့အချိန်မှာ လူကလည်း စင်ကာပူကနေ ရန်ကုန်ကို ပြန်ရောက်လာတယ်။ ရန်ကုန်ကပစ္စည်းတွေက International နဲ့စာရင် ဈေးနည်းနည်းများနေတာတွေ့ရတယ်။ အမေရိကမှာ Amazon ရှိတယ်၊ Sweet Water ဆိုတဲ့ Music နဲ့ ပတ်သက်တာအကုန်ရောင်းတဲ့ ဆိုင်ကြီးရှိတယ်။ ဈေးမှန်တယ်။ အဲဒီဈေးနဲ့ယှဉ်လိုက်ရင် ဒီမှာဝယ်တဲ့အခါ နည်းနည်းများနေတဲ့အခါကျတော့ နိုင်ငံခြားကနေမှာဖို့ ကြိုးစားပါတယ်။ ဥပမာ- ဒေါ်လာနှစ်ရာတန်တဲ့အသစ်ကို ဝယ်မှာထက် ဒေါ်လာလေးရာတန်အဟောင်းကို ဒေါ်လာနှစ်ရာနဲ့ရတယ်ဆို ကျွန်တော်ကအဟောင်းကိုပဲ ဝယ်ချင်တာဆိုတော့ Risk ကတော့ယူရတာပေါ့။ အဲဒီမှာ ebay ကနေစမ်းဝယ်ပြီး မှာတဲ့လမ်းကြောင်းတွေ လိုက်ရှာဝယ်တယ်။ ဒါပေမဲ့ Payment က ခက်တယ်။ ကျွန်တော် စင်ကာပူမှာနေတုန်းက သုံးတဲ့ PayPal Account ရှိတော့ သိပ်တော့မဆိုးဘူး။ ဒါပေမဲ့ အဆိုးဆုံးက Shipping ပေါ့။ ဒီကိုပို့တဲ့အခါမှာ လူတစ်ယောက်ယောက်ကို အားကိုးရတယ်။ ပြန်လာမယ့်လူလိုက်ပြီး အပူကပ်တဲ့အခါကျတော့ ကြာတော့လည်း မကောင်းပါဘူး။ နောက်တော့ ဘယ်သူ့ကိုမှအားမကိုးရတဲ့ Freight forward Forwarder တွေ လိုက်ရှာပြီး လုပ်တဲ့အခါ ရသွားတယ်။ ခုနက လေးရာတန်တဲ့ပစ္စည်းကို အဟောင်းဝယ်တာ နှစ်ရာနဲ့ရတယ်။ ဒါပေမဲ့ ဒီမှာရောင်းနေတာ ခြောက်ရာ၊ ခုနစ်ရာလောက်ဖြစ်နေတဲ့အခါကျတော့ ကိုယ်ကနှစ်ရာလောက်နဲ့ ဝယ်ပြီးတော့ သုံးရာ၊ ၃၅၀ လောက်နဲ့ရောင်းရင် တော်တော်ကိုပျော်ပြီး ဝယ်ကြတာ တွေ့ရပါတယ်။ ကိုယ့်အတွက်လည်းသုံး၊ သူများကိုလည်း ပြန်ရောင်း၊ မြတ်တဲ့ပိုက်ဆံနဲ့ ပစ္စည်းထပ်ဝယ် အစတုန်းက အဲဒီလိုပဲလုပ်နေတာ။

အဲဒီတုန်းက Moe Sweet Music Store ဆိုပြီးတော့ Facebook မှာ Page ထောင်လိုက်တယ်။ Second-hand Group တွေထဲမှာ ထည့်ပြီးတော့ရောင်းတယ်။ အိမ်မှာပဲ ထိုင်ရောင်းနေတာပါ။ မြတ်လည်းမြတ်တယ်။ ရောင်းလည်းရောင်းရတယ်။ ဒါပေမဲ့ ကျွန်တော်ချဲ့လို့မရဘူး။ ebay ရဲ့ပစ္စည်းက သူရှိသလောက်ပဲ မှာလို့ရတယ်။ ကိုယ်လိုချင်တဲ့အချိန်မှာ လိုသလောက်မရဘူး။ Risk တွေလည်း များတယ်။ ဝယ်ပြီးတော့မှ ပျက်သွားတာဆိုရင် အမေရိကားမှာနေရင်တော့ ပြန်ပို့လို့ရတာပေါ့။ မြန်မာပြည်မှာကျတော့ အင်မတန်ခက်ခဲသွားပြီ။ အဲဒါတောင်မှ တချို့ပစ္စည်းတွေကို ရအောင်ပြန်ပို့ခဲ့တာတွေရှိတယ်။ အဓိကက scale လုပ်လို့မရဘူး။ ဥပမာ- Radio Station မှာ Radio ခန်းတွေ သုံးခန်းလောက်ချဲ့ချင်တယ်။ လိုအပ်တဲ့ပစ္စည်းသုံးစုံ Supply လုပ်ဖို့ ဆိုတာမျိုးမလုပ်နိုင်ဘူး။ Opportunity လေးတွေက ပေါ်နေပါပြီ။ ကျွန်တော်တက္ကသိုလ် တက်တုန်းကတည်းကခင်လာတဲ့ သူငယ်ချင်းကျော်လင်းဖြိုးနဲ့ Audio ဆိုင်ဖွင့်ဖို့ပြောဖြစ်တဲ့အခါ သူကလည်း စိတ်ဝင်စားတယ်။ ပြီးတော့ ကျွန်တော်က AES Myanmar မှာ စာသင်တယ်။ AES ပိုင်ရှင်ဆရာ Owen ကလည်း သူ့ Business Plan တွေအာလုံးထဲမှာ Audio Store တစ်ခု လုပ်မယ်ဆိုတဲ့ Vision က ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သုံးယောက်အတူ ပူးပေါင်းလုပ်ဖြစ်ခဲ့ပါတယ်။

komoesweet2

Home of Tone မှာ ဘယ် Brand ၊ Product တွေ ရနိုင်သလဲ . . .

Audio မှာ သူ့ရဲ့အခန်းကဏ္ဍတွေ၊ သူ့ရဲ့ Categorization တွေ ရှိတယ်။ Home Audio ဆိုတာက တကယ့်ဧည့်ခန်းမှာ Speaker အကြီးကြီးတွေထောင်ပြီး သီချင်းထိုင်နားထောင်တာရှိတယ်။ Pro-audio ထဲမှာ Studio ရှိတယ်။ Live Sound ရှိတယ်။ Studio နဲ့ Live Sound က လုံးဝမတူဘူး။ Home နဲ့လည်း မတူဘူး။ အဲဒီကျွန်တော်တို့က Studio သမား Studio ဈေးကွက်ကလည်း တအားသေးတဲ့အခါကျတော့ Studio အထူးပြုဆိုင်က မရှိသေးပါဘူး။ Studio ပစ္စည်းတွေက ဘယ်လိုနေရာတွေမှာ ရောင်းလဲဆိုတော့ Instrument တေးဂီတဆိုင်တွေမှာကပ်ပြီး ရောင်းကြတယ်။ Studio သီးသန့်ရောင်းတာ တော်တော်တော့ရှားတယ်။ ရှိတော့ ရှိတယ်။ Musical Instrument (MI) နဲ့ Audio နဲ့ကလည်း သတ်သတ်စီ။ Musical Instrument ကို မြန်မာပြည်မှာ ဘယ်သူအားသာလဲဆို YAMAHA က အားသာတယ်။ MI က လမ်းတစ်လမ်း၊ Proaudio က တစ်လမ်း၊ Studio က တစ်လမ်း။ ကျွန်တော်တို့က အခု Studio ပဲ ရှိသေးတယ်။ ပြီးတော့မှ Live Sound ကို သွားမယ်။ MI က လုပ်ဖို့တော့ တော်တော်လေးအချိန်ယူရပါဦးမယ်။ ကျွန်တော်တို့ဆီမှာက Home Recording ၊ Home Studio လုပ်ချင်တဲ့လူတွေ၊ Studio သွားမယ့်အစား ဒီပစ္စည်းတွေက ဈေးကျလာတော့ ကိုယ့်ဘာသာကိုယ်ပဲ အိမ်မှာ ကိုယ်တိုင် Studio လုပ်နိုင်လောက်တဲ့အထိ ပစ္စည်းစုံစုံလင်လင် ရနိုင်ပါတယ်။

ကျွန်တော်တို့က PreSonus ဆိုတဲ့ Brand ကို Distributor လုပ်တယ်။ PreSonus က အမေရိကန် Brand ဖြစ်ပြီး Recording Gear တွေထုတ်ပါတယ်။ စတူဒီယိုတိုင်းမှာ မရှိမဖြစ် Audio Interface /Sound Card တွေ အဓိကထုတ်ပါတယ်။ ပစ္စည်းတွေကို ကျွန်တော်တို့က ဟောင်ကောင်ကနေယူတယ်။ ကျွန်တော်တို့နဲ့ ကုမ္ပဏီကြားထဲမှာ ကြားခံကုမ္ပဏီမထားဘဲ တိုက်ရိုက်ယူရောင်းတာဖြစ်ပါတယ်။

နောက်တစ်ခုက Audio-technica ဆိုတဲ့ Japan တံဆိပ်၊ သူကအဓိက Mic နဲ့ Headphone ပဲ ထုတ်တာ။ PreSonus မှာ Mic မရှိပါဘူး။ Microphone ကို Audio-technica ကရောင်းတယ်။ PreSonus မှာ Head phone တော့ရှိတယ်။ ဒါပေမဲ့ သူတို့ Headphone တွေက ပိုပြီးတော့ ဈေးကြီးတယ်။ အဲဒီဟာကျတော့ မြန်မာပြည်မှာ Distributor သတ်သတ်ရှိတယ်။ ကျွန်တော်တို့က ဆိုင်မှာ ကော်မရှင်နဲ့ ပြန်ရောင်းပေးတယ်။

Acoustic Absorber - တွေလည်းရောင်းပါတယ်။ ဒါတွေကဘာလဲဆိုတော့ Studio ခန်းထဲမှာ သီချင်းသွင်းရင် နံရံတွေကြောင့် အသံသွင်းတဲ့အခါ echo ရိုက်တယ်။ Reflection ဖြစ်တဲ့ Point လေးတွေမှာ ဒီ Absorber တွေ ကပ်လိုက်ခြင်းအားဖြင့် အသံ Energy ကို အပူစွမ်းအင်အဖြစ် ပြောင်းစေတယ်။ ဒါတွေကတော့ ဈေးအကြီးဆုံးပဲ။ ဒီ Accessories တွေက အရင်တုန်းက မြန်မာနိုင်ငံမှာ မရှိသလောက်ပဲ။ မရှိတော့ ဘာအစားထိုးသုံးရလဲဆိုတော့ ထိုင်ခုံချုပ်တဲ့ ကြက်ဥခွက်ဖော့တွေ သုံးရတယ်။ သူတို့က ပါးလဲပါးတယ်။ ပြီးတော့ Density ကလည်း နည်းတယ်ဆိုတော့ သူတို့က သူတို့စုပ်ယူနိုင်တဲ့ Frequency က နည်းတယ်။ High Frequency အသံဖြင့် Bass နဲ့ Trevor ရှိတယ်။ Treble ကိုပဲ စုပ်နိုင်တယ်။ အဲဒီအခါကျတော့ အသံတွေကမှားတတ်ပါတယ်။ ဒီ Accessories လေးတွေ က ကျွန်တော်တို့က ကိုယ့် Brand နဲ့ ကိုယ်ထုတ်တယ်။ (Foam of Tone) တရုတ်ပြည်က စက်ရုံတစ်ခုမှာ ကျွန်တော်တို့ လိုချင်တဲ့အရည်အသွေးအတိုင်း မှာပြီးထုတ်လုပ်တာ ဖြစ်ပါတယ်။

komoesweet3

စီးပွားရေးလုပ်ငန်းသုံး Audio ပစ္စည်းတွေတပ်ဆင်ပေးတဲ့ Service မျိုးရှိနေပြီလား . . .

အဲဒီလိုမျိုးဝန်ဆောင်မှုတော့ မလုပ်နိုင်သေးပါဘူး။ အစည်းအဝေးတွေ၊ဟောပြောပွဲတွေ စီးပွားရေးလုပ်ငန်းအများစုသုံးတဲ့ အသံပိုင်းဆိုင်ရာပစ္စည်းတွေဆိုရင် Live Sound Speaker တွေများပါတယ်။ Live Sound Speaker တွေကို PreSonus မှာ ထုတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မသွင်းရသေးဘူး။ အဲဒါလုပ်ဖို့လည်း ကြိုးစားနေပါတယ်။ Live Sound Speaker တွေက ဈေးတအားကြီးတယ်။ ဥပမာ - ငါးလက်မတစ်စုံကို ၄၅၀,၀၀၀၊ ဈေးအကြီးဆုံးက တစ်စုံကို ၁၅ သိန်းလောက်ရှိတယ်။ Service မတူတော့ဘူး။ PreSonus က ထုတ်ရင် ဆယ်လက်မ Size ရှိမယ်။ Size ကြီးလေ ဈေးများလေ။ Size ကြီးတွေက ပိုရောင်းရတယ်။ စီးပွားရေးလုပ်ငန်းသုံးဖြစ်သွားတာပေါ့။ အဲဒီဘက်ကို ကျွန်တော်တို့ သွားဖို့လုပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ Live Sound Speaker တွေ ငှားပေးတာမျိုး၊ ပြီးတော့ Sponsor ပေးတာမျိုးလည်း လုပ်ဖို့လည်း စဉ်းစားနေပါတယ်။

Home of Tone ရဲ့ Cusotmer တွေက . . .

Studio လောကကတော့ အနုပညာရှင်ပဲ။ ဥပမာ- အဓိကသက်ဆိုင်တဲ့သူကတော့ Home Studio လုပ်ချင်တဲ့သူ၊ သူတို့နဲ့က လုံးဝကင်းလို့မရဘူး။ Home Studio လုပ်ချင်ရင် ဒီကိုပစ္စည်းလာဝယ်ရမယ်။ နောက်တစ်ခုက DJ တွေ လာတယ်။ DJ Headphone M 50x ဆိုတဲ့ ၁၈၀ ဒေါ်လာတန် Headphone က တစ်ကမ္ဘာလုံးမှာရှိတဲ့ နာမည်ကြီး DJ တွေ အကုန်သုံးတာတဲ့။ Headphone လည်း ကျွန်တော်တို့ဆီမှာ တင်ပါတယ်။ ဘုရားကျောင်းတွေက Mixer တွေ လာဝယ်တာမျိုးလည်းရှိပါတယ်။ PreSonus က အမေရိကားမှာဆိုရင် သူတို့ရဲ့ ၆၀ ရာခိုင်နှုန်း Market က ဘုရားကျောင်းတွေပါ။ လုပ်ငန်းရှင်တွေဆိုရင်တော့ Live Sound နဲ့ပိုဆိုင်မယ်။ နောက်ပြီး စားသောက်ဆိုင်တွေမှာ စင်တင်တေးဂီတထားတာရှိတယ်။ ကျွန်တော်တို့ အခုထပ်သွင်းမယ့် Live Sound Speaker အကြီးကြီးတွေက သူတို့နဲ့ပိုဆိုင်တယ်။

Marketing ပိုင်းနဲ့ပတ်သက်ပြီး လက်ရှိလုပ်နေတာတွေ . . .

Marketing က အဓိကကတော့ Facebook ပါပဲ။ လက်ရှိအချိန်အထိ Facebook က အလွန့်အလွန်ထိရောက်တဲ့ Marketing ပဲ။ ကျွန်တော်တို့က ဆိုင်နေရာစရွေးကတည်းက လူ Traffic ရှိတဲ့နေရာကို ရွေးမထားပါဘူး။ ကျွန်တော်တို့အတွက် ဆိုင်နေရာက အရေးမကြီးဘူး။ ဒီပစ္စည်းကို ဒီဈေးနဲ့ ဒီနေရာမှာရမယ်ဆိုရင် တကယ်လိုအပ်တဲ့လူတွေ အကုန်လုံးလာဝယ်ကြမှာပါပဲ။ Shopping Centre မှာ ပစ္စည်းပြထားလို့ ကျွန်တော်တို့ဆိုင်ကို လူတစ်ရာဝင်လို့ရှိရင် အဲဒီထဲက နှစ်ယောက်လောက်တောင် ဝယ်ချင်မှဝယ်မယ်။ လက်ရှိ ကျွန်တော်တို့ဆိုင်ထဲကို တစ်ရက်ကို လူလေးယောက်လာရင် သုံးယောက်လောက်က ဝယ်သွားတယ်။ စလာကတည်းက ဒီမှာဘာရမလဲဆိုတာ အကုန်လုံးကသိပြီးသား၊ နောက်တစ်ခုက ကျွန်တော်တို့က Price List ကို တစ်ခါတည်းတင်ပြီးတော့ ကြော်ငြာပေးပါတယ်။ ဈေးကိုတစ်ခါတည်း ကြေညာပြီးရောင်းတယ်။ အဲဒီက တခြားဆိုင်တွေနဲ့ မတူတဲ့အချက်လို့ ပြောလို့ရပါတယ်။

ဆိုင်ဖွင့်ပွဲတုန်းက ဆယ်ဒေါ်လာ Coupon ပေးထားတယ်။ ဖေဖော်ဝါရီ ၄ ရက်ကနေ သုံးလခံတယ်ဆိုတော့ မေ ၄ ရက်နေ့မှာ ပြည့်သွားတယ်။ Information တွေက အကုန်ကြိုတင်ကြေညာပေးတယ်။ Facebook က မေးလာသမျှကိုလည်း တတ်နိုင်သလောက်ကြိုးစားပြီး ဖြေပေးတယ်။ ပစ္စည်းတစ်ခုတင်လိုက်တာနဲ့ ဈေးကိုပဲ အရင်ဆုံးစမေးကြတာပါ။ အဲဒါလည်း မမှားဘူး။ ကိုယ်မမီတဲ့ဈေးဆိုရင် အဲဒီပစ္စည်းကို ဘယ်သူမှ လှည့်မကြည့်တော့ပါဘူး။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။ ကိုယ်မီတဲ့ အထဲကပဲ ကြည့်တာဆိုတော့ ဈေးကအရေးကြီးပါတယ်။ ပစ္စည်းတွေကို Facebook မှာတင်ရင် လူတွေက ဖုန်းနဲ့ပဲ အများဆုံး ဝင်ကြည့်ကြတာဆိုတော့ တင်လိုက်တဲ့ပုံတိုင်းကို ဖုန်းတွေရဲ့ မျက်နှာပြင်အရွယ်အစားမှာ အဆင်အပြေဆုံး ပြပေးနိုင်အောင် ကြိုတင်တိတိကျကျ ဒီဇိုင်းလုပ်ပြီးမှ တင်ပါတယ်။ အဲဒီအတွက် Mobile  Catalogue သီးသန့်ထားပေးပါတယ်။ ပုံထဲကစာလုံးတွေက လူတိုင်းမြင်ရလောက်တဲ့အရွယ်အစားဖြစ်အောင်၊ ပုံရဲ့ ဒီဇိုင်းက ထောင်လိုက်အနေအထားပဲဖြစ်အောင် စသဖြင့် သေချာဂရုစိုက်ပါတယ်။

အရင်တုန်းက ဈေးနှုန်းကို အတိအကျရောင်းချင်တဲ့အတွက် ဈေးကို ဒေါ်လာနဲ့ပဲ ကြော်ငြာတယ်။ အခုနောက်ပိုင်းတော့ မြန်မာငွေကျပ်ဘယ်လောက် ကျသင့်တယ်ဆိုတာပါ ထည့်ထားပေးလိုက်တယ်။ ဈေးဝယ်သူတွေဘက်ကကြည့်ရင်လည်း သူတို့မေးမှပြောတဲ့ ဈေးမဟုတ်ဘဲ အစကတည်းကတပ်ထားတဲ့ ဈေးဆိုတော့ စိတ်ချရတာပါတယ်။ Promotion တွေလည်း အလျဉ်းသင့်သလို ပေးပါတယ်။

ဆိုင်ထဲကို ဝင်လာတာနဲ့ အစကတည်းက ထိုးရောင်းဖို့မဟုတ်ဘဲနဲ့ သူတို့လိုအပ်တာလေးတွေမေးတယ်။ ဘယ်ဟာအရင်ဝယ်သင့်လဲ။ သူတို့ Budget နဲ့ ဘယ်ပစ္စည်းအသင့်တော်ဆုံးလဲဆိုတာ ကျွန်တော်တို့က အကြံပေးပါတယ်။

Competitor တွေနဲ့ ကွဲပြားမှုရှိအောင် ဘာတွေလုပ်ထားသလဲ . . .

ကျွန်တော်တို့အတွက်က Core Value က Customer ကို Over Charge မလုပ်ဘူး။ Pricing လုပ်ရင် နိုင်ငံတကာက  Price နဲ့ပဲယှဉ်ပြီး လုပ်ပါတယ်။ သူတို့ကိုယ်တိုင် နိုင်ငံခြားကနေလှမ်းမှာရင် ဝန်ဆောင်မှုက ၁၅ ရာခိုင်နှုန်း + Shipping ၊ ပြီးတော့ Warranty မရဘူး။ ကျွန်တော်တို့က Official ဖြစ်တဲ့အတွက် Warranty လည်း ပေးနိုင်ပါတယ်။ ကျွန်တော်တို့က ကိုယ်ရောင်းတဲ့ပစ္စည်းအကြောင်း ကိုယ်သိတယ်။ ဝယ်သူတွေ တကယ်လိုအပ်တဲ့ပစ္စည်းတွေပဲ အကြံဉာဏ်ပေးပြီး ရောင်းတယ်။ ဈေးကို ကြိုပြောပြီး ရောင်းတယ်။ ဈေးကအမြဲတမ်း Very transparent ၊ အကုန်လုံး Online ပေါ်မှာ ရှိပါတယ်။

Home of Tone ရဲ့ လိပ်စာ . . .

အမှတ် ၂၅၊ ကျွန်းတောလမ်း၊ စမ်းချောင်း၊ ရန်ကုန်။ (www. facebook.com/homeoftone.proaudro)

၀၉-၉၇၃၇၆၁၆၄၂