Mr Clint Easthorpe (COO-Mango Media Group)

Mr Clint Easthorpe ဟာ ကြော်ငြာလုပ်ငန်းနယ်ပယ်နဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုလောက်က လန်ဒန်မှာ စတင်ခဲ့ပြီးနောက် အရှေ့တောင်အာရှ၊ တရုတ်၊ သြစတြေးလျနိုင်ငံတွေမှာ လုပ်သက်အများစုကို ကုန်ဆုံးခဲ့ပါတယ်။ မကြာသေးခင်က သူတာဝန်ယူခဲ့တဲ့ ကြော်ငြာလုပ်ငန်းကဏ္ဍကုမ္ပဏီအသီးသီးက ရာထူးတွေကတော့ Zenith Media Indochina ရဲ့ Managing Director ၊ OMD Malaysia ရဲ့ Managing Director ၊ Faulkner Media Management AsiaPacific ရဲ့ General Manager နဲ့ Omnicom Media Group Thailand တို့ရဲ့ CEO စသဖြင့် ဖြစ်ပါတယ်။

Mango Media Group မှာ Executive Consultant အဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုနှစ်အစောပိုင်း ကမှ အချိန်ပြည့် Chief Operating Officer အဖြစ် စတင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

easthorpe

လုပ်ငန်းအတွေ့အကြုံ . . .

အာရှမှာ ကျွန်တော့်ရဲ့ ပထမဆုံးအလုပ်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က Saatchi & Saatchi မှာ Media Director အဖြစ် ၁၉၉၆ ခုနှစ်က စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ကျွန်တော်အရှေ့တောင်အာရှနိုင်ငံတွေမှာ လှည့်လည်နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော် အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျနဲ့ အင်္ဂလန်နိုင်ငံတွေမှာ နေထိုင်အလုပ်လုပ်ခဲ့ဖူးပြီး လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေပါတယ်။ မြန်မာနိုင်ငံကို ပထမဆုံးရောက်ဖြစ်ခဲ့တာကတော့ ၁၉၉၉ ခုနှစ်တုန်းက စင်ကာပူအခြေစိုက် Bates Indochina အတွက် မြန်မာနိုင်ငံမှာ Zenith Media Indochina network ကို စတင်တည်ဆောက်တဲ့အချိန်က ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဟိုချီမင်း၊ ရန်ကုန်နဲ့ ဖနွမ်းပင်တို့မှာ ရုံးခွဲတွေရှိပြီး လာအိုမှာလည်း မိတ်ဖက်ကုမ္ပဏီတွေ တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မိခင်ကုမ္ပဏီဖြစ်တဲ့ Bates Asia ရဲ့ ခွင့်ပြုချက်နဲ့ အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံတွေအတွင်း စစ်မှန်တဲ့ Media Specialist Network ကို တည်ဆောက်နေခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်လက်ရှိ Mango Media Group ရဲ့ CEO ဖြစ်လာမယ့် Mrs Rose (ဒေါ်အေးနှင်းဆွေ)နဲ့ စတင်သိကျွမ်းခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ Media လုပ်ငန်းနဲ့ပတ်သက်တဲ့ အခြေခံကောင်းတစ်ခုကို တစ်စိတ်တစ်ဒေသ ပါဝင်ပျိုးထောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း အမြဲတမ်းဂုဏ်ယူမိပါတယ်။ အဲဒီနောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ ကျွန်တော့်ရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တာဝန်တွေကို လက်စသတ်ပြီးချိန်အထိ သုံးနှစ်အတွင်း ရန်ကုန်ကို အကြိမ်ကြိမ်လာရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာမှ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကြော်ငြာလုပ်ငန်းနယ်ပယ်က နောက်ဆုံးအလုပ်ဖြစ်တဲ့ Omincom Media Group ၊ Thailand မှာ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလက စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ သြစတြေးလျကို မိသားစုနဲ့အတူ ပြန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာတော့ Mrs Rose နဲ့ မြန်မာနိုင်ငံမှာ ပြန်လည်လာရောက်အလုပ်လုပ်ဖြစ်ဖို့ စကားပြောဖြစ်ခဲ့ကြပြီး စစချင်းမှာတော့ Mango Group ကို အကြံပေးတစ်ယောက်အနေနဲ့ Project တစ်ခုချင်းအလိုက် အကြံပေးသွားဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိတာဝန်ယူထားတဲ့ COO ရာထူးနဲ့ပတ်သက်လို့ ပြောပြပေးပါဦး . . .

ကျွန်တော့်တာဝန်က Mango Media Group ဟာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍရဲ့ ရှေ့ဆောင်ကုမ္ပဏီတစ်ခုအဖြစ်နေနိုင်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း ကုမ္ပဏီကို ခုမှစတင်ခါစ ကြော်ငြာလုပ်ငန်းနယ်ပယ်မှာ ပိုမိုတိုးတက်ဖို့အတွက် ကူညီနိုင်အောင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်မှာ ပါဝင်နိုင်အောင်လုပ်ပေးဖို့ သူတို့လိုအပ်တဲ့ အားပေးလှုံ့ဆော်မှု၊ ပညာရေးနဲ့ လေ့လာရေးစသဖြင့် ရရှိအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။

အဖွဲ့သားတွေကို ပုံစံတစ်မျိုး၊ စနစ်တစ်ခုနဲ့ အလုပ်လုပ်နိုင်ဖို့ လေ့ကျင့်ပေးရုံတင်မက လုပ်ငန်းစဉ်အသစ်တွေနဲ့ ငွေကြေးဆိုင်ရာတာဝန်ခံမှုတွေကိုပါ မွေးစားအသုံးပြုစေဖို့ လုပ်ရတာဖြစ်လို့ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ ဒါကြောင့် အဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေနဲ့ပတ်သက်ရင် ပါဝင်အသုံးချပြီး ကျွန်တော်တို့လုပ်ငန်းရဲ့ ငွေရေးကြေးရေးကိစ္စတွေကို စီမံထိန်းချုပ်နိုင်တာသေချာအောင်၊ ငွေကြေးအရ ခိုင်မာ၊ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ရပါတယ်။ စီးပွားရေးအရပြောရမယ်ဆိုရင်လည်း အမြတ်ရှိပြီး ရှယ်ယာရှင်တွေရော၊  ကျွန်တော်တို့နဲ့အတူတူ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်ပါ အလားအလာရှိတဲ့ အနာဂတ်တစ်ခုရှိနေတာ သေချာဖို့ လုပ်ပေးရတာပါ။

လက်ရှိကြော်ငြာလုပ်ငန်းနယ်ပယ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလိုမဟုတ်တော့ဘဲ အလျင်အမြန်ကို ပြောင်းလဲဖြစ်ပျက်နေတာပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကထက်လည်း ပိုပြီးအသုံးပြုစရာနည်းလမ်းတွေ အများအပြားရှိနေခဲ့တာဖြစ်ပါတယ်။ အခွင့်အလမ်းတွေက အများကြီးရှိနေပါတယ်။ ဒါပေမဲ့ တခြားဖွံ့ဖြိုးပြီး ဈေးကွက်တွေကိုကြည့်ကာ သူတို့တွေအရင်တုန်းက မှားခဲ့သလိုမမှားအောင် လုပ်နိုင်ဖို့လိုပါတယ်။ လူတိုင်းတော်တော်များများက အမှားတွေလုပ်နိုင်ခြေကို ထောက်ပြတတ်ပေမယ့် အဲဒီလိုမမှားအောင် လုပ်ဖို့နေရာမှာတော့ ပျက်ကွက်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် လုပ်ရပါမယ်။ မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာရှိနေတဲ့ အခွင့်အလမ်းတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ဆိုရင် ဒီလုပ်ငန်းနယ်ပယ်ထဲမှာရှိနေတဲ့ လူတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး Industry တစ်ခုလုံး တိုးတက်အောင်လုပ်ရမယ့် အခြေအနေမှာရှိပါတယ်။ အတူလက်တွဲပြီး သူများတွေရဲ့အမှားတွေကို ရှောင်ရှားလုပ်ကိုင်ရပါမယ်။

အဓိက Challenge တစ်ခုက မြန်မာနိုင်ငံမှာ Talent ဖြစ်တဲ့လူတွေ အတော်များပါတယ်။ လူငယ်လုပ်အားအများစုရှိသလို လုပ်ငန်းနယ်ပယ်ကလည်း အသစ်နီးပါးပဲရှိနေသေးတာ၊ ဖွံ့ဖြိုးဆဲဈေးကွက်ဖြစ်တာတွေကြောင့်လည်း ဒီလိုများနေတာဖြစ်ပါတယ်။ ကြော်ငြာလုပ်ငန်းဆိုတော့ တစ်စုံတစ်ခုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို သုံးစွဲသူဆီရောက်အောင် ဖော်ပြပေးတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ ဒါကြောင့်ရနိုင်သမျှ ဆက်သွယ်ရေး Channel တွေအားလုံးကို အသုံးပြုပါတယ်။ တီဗီကစလို့ မိုဘိုင်းဖုန်းတွေအထိ ဘယ်လိုအရာမျိုးကိုမဆို အသုံးပြုပြီး သတင်းပြန့်အောင် လုပ်ပေးပါတယ်။ ကြော်ငြာတယ်ဆိုတာက၊ လူတွေသိအောင်လုပ်ပေးနိုင်တယ်ဆိုတာ Content ကောင်းကောင်းကို ရောက်ရမယ့်လူတွေလက်ထဲ အကောင်းဆုံး Deliver လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ Client တွေအတွက် လုပ်ပေးသမျှ အားလုံးကို မြန်မာနိုင်ငံအတွင်း နေထိုင်အသုံးပြုသူတွေရဲ့ Context နဲ့ ကိုက်ညီမှုရှိအောင်လုပ်ပေးပါတယ်။ ဘယ်ဈေးကွက်မျိုးကို ရည်ရွယ်တဲ့ Product ၊ Message မျိုးဖြစ်ပါစေ ကျွန်တော်တို့ဈေးကွက်ကို လျှော့မတွက်ထားဘဲ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်။ ဒီနိုင်ငံရဲ့ ဈေးကွက်အနေအထားက Complex ဖြစ်ပါတယ်။ ဒါပေမဲ့ Potential လည်း ရှိပါတယ်။ တခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ အသုံးပြုကြော်ငြာတဲ့ နည်းလမ်းအများစုကိုလည်း အသုံးပြုပြီး ကြော်ငြာလို့ရပါတယ်။ Print Media က သေလုမြောပါးအခြေအနေဖြစ်နေတယ်လို့ လူတွေပြောကြပေမယ့် ဒါကိုလက်လွှတ်လို့မရသေးဘဲ အသုံးပြုကြော်ငြာနေရတုန်းပါပဲ။ စာဖတ်ပရိသတ်တွေလည်းရှိပြီး ထိရောက်သင့်သလောက်လည်း ထိရောက်မှုရှိနေတုန်းပါပဲ။ Print Media တော်တော်များများမှာ Digital Version ၊ Social Version တွေလည်းရှိကြပြီး တော်တော်များများလည်း ရပ်တည်နေနိုင်ကြသေးတာကို တွေ့ရပါတယ်။ လူတွေရဲ့ အင်တာနက်အသုံးပြုမှုကို ကြည့်ရင်လည်း သူတို့တွေက Website တစ်ခုခုကို စွဲမြဲအသုံးပြုတာလိုမဟုတ်ဘဲ Facebook ကိုသာ စွဲစွဲမြဲမြဲသုံးကြတာ တွေ့ရမှာပါ။ Digitization ဆိုတာက Content တွေကို သမားရိုးကျမဟုတ်ဘဲ Format အမျိုးမျိုးနဲ့ ပြောင်းလဲတင်ဆက်နေကြခြင်းသာဖြစ်ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ လူအများစုက အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ အသုံးပြုတာပါ။ လူတွေအားလုံးက အင်တာနက်နဲ့ လူမှုကွန်ရက်တွေကို အသုံးပြုနေတယ်ဆိုကတည်းက အဲဒီနေရာမှာ Huge Market က ရှိနေပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ကြော်ငြာလုပ်ငန်းနယ်ပယ်က လူတွေအနေနဲ့ တစ်ဦးကိုတစ်ဦးကူညီပြီး၊ မြန်မာနိုင်ငံရဲ့ ကျယ်ပြောစုံလင်လှတဲ့ ဈေးကွက်ကို စောင့်ကြည့်၊ နားထောင်၊ လေ့လာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချကာ ပိုမိုကောင်းမွန်တဲ့ ကြော်ငြာလုပ်ငန်းနယ်ပယ်ဖြစ် ပေါ်လာအောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်လို့ရနိုင်တဲ့ အချိန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဖြူလဲ့မွန်