ကမ္ဘာကျော်အတိုင်ပင်ခံလုပ်ငန်း Accenture

Accenture PLC ဟာ ကမ္ဘာလုံးဆိုင်ရာနည်းဗျူဟာအတိုင်ပင်ခံ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လုပ်ငန်းဆောင်ရွက်ရေး ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးတဲ့ စီမံခန့်ခွဲမှုအတိုင်ပင်ခံ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့မှာ တည်ထောင်ခဲ့ပါတယ်။ ၎င်းဟာ အမှုထမ်းပေါင်း ၄၂၅,၀၀၀ ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ရှိ မြို့ကြီးပေါင်းနှစ်ရာကျော်မှာရှိတဲ့ သူရဲ့ Client တွေအတွက် လုပ်ဆောင်ပေးနေပြီး ၂၀၁၇ ခုနှစ်မှာ အသားတင်ဝင်ငွေဒေါ်လာ ၃၄.၉ ဘီလီယံ ရရှိထားပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှာ Apple Inc. က iOS Business Solution တွေဖန်တီးဖို့ Accenture နဲ့ လက်တွဲလုပ်ကိုင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ Accenture ရဲ့ လက်ရှိဖောက်သည်တွေထဲမှာ Fortune Global ကုမ္ပဏီတစ်ရာအနက် ၉၄ ခုပါဝင်ပြီး Fortune Global ငါးရာရဲ့ လေးပုံသုံးပုံကျော် ပါဝင်ပါတယ်။ Accenture ဟာ New York Stock Exchange (NYSE) မှာ Listed လုပ်ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။

[caption id="attachment_31700" align="alignnone" width="720"]Accenture ရဲ့ CEO Mr Pierre Nanterme[/caption]

ကုမ္ပဏီဖွဲ့စည်းခြင်း ရှေးဦးကာလ

-------------------

Accenture ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်းက GE (General Electric) ကုမ္ပဏီအတွက် ကင်တပ်ကီပြည်နယ်၊ လူဝီဗီး(လ်)မြို့ရှိ Appliance Park မှာ ကွန်ပျူတာတပ်ဆင်ဖို့ ဖြစ်နိုင်ခြေ သုတေသနလုပ်ပေးတဲ့ စာရင်းစစ်လုပ်ငန်း Arthur Andersen ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ နည်းပညာအတိုင်ပင်ခံဌာနခွဲအဖြစ် စတင်ခဲ့ပါတယ်။ အဲဒါဟာ အမေရိကန်နိုင်ငံမှာ ကွန်ပျူတာကို ပထမဆုံးစီးပွားဖြစ်အသုံးပြုမှုလို့ ယူဆခံရတဲ့ GE ရဲ့ UNIVAC I ကွန်ပျူတာနဲ့ ပရင်တာတို့ကို တပ်ဆင်ဖြစ်စေခဲ့ပါတယ်။ ကွန်ပျူတာအတိုင်ပင်ခံလုပ်ငန်း ဦးဆောင်သူတစ်ဦးဖြစ်သူ Joseph Glickauf က Andersen ရဲ့ အုပ်ချုပ်ရေးဌာနခွဲအကြီးအကဲအဖြစ် ဆောင်ရွက်ပါတယ်။

Arthur Andersen နှင့် လမ်းခွဲခြင်း

--------

၁၉၈၉ ခုနှစ်မှာ Arthur Andersen (AA) နဲ့ Andersen Consulting (AC) တို့ဟာ Andersen Worldwide Societé Cooperative (AWSC) &ရဲ့ သီးခြားကုမ္ပဏီတွေ ဖြစ်လာပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ တစ်လျှောက်လုံး AC နဲ့ AA တို့ကြားမှာ တင်းမာမှုပိုများလာပါတယ်။ AC က နှစ်စဉ် ၎င်းရဲ့အမြတ် ၁၅ ရာခိုင်နှုန်း AA ကို ပေးခဲ့ရပြီး တစ်ချိန်တည်းမှာပဲ AA ဟာ ၎င်းရဲ့စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းအသစ်ဖြစ်တဲ့ Arthur Andersen Business Consulting (AABC) နဲ့လည်း ပြန်ယှဉ်ပြိုင်ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ AC က AWSC နဲ့ AA တို့ စာချုပ်ပါစည်းကမ်းချိုးဖောက်မှုနဲ့ စွပ်စွဲတော့ ၎င်းတို့ထိပ်တိုက်တွေ့ကြပါတယ်။ AC က အဲဒီနှစ်နဲ့ လာမယ့်နှစ်တွေအတွက် ၎င်းလွှဲပေးရမယ့်ငွေ ၁၅ ရာခိုင်နှုန်းကို ကြားလူထံ ပဋိညာဉ်စာချုပ်စာတမ်းနဲ့ အပ်နှံထားပြီး စာချုပ်ချိုးဖောက်မှုအတွက် တိုင်ကြားပါတယ်။ ၂၀၀၀ ပြည့်နှစ် သြဂုတ်လမှာ နိုင်ငံတကာကုန်သည်ကြီးများအသင်း (ICC) ရဲ့ ဆုံးဖြတ်ချက်အရ AC ဟာ AWSC နဲ့ AA တို့နဲ့ စာချုပ်အားလုံး ဖျက်သိမ်းလိုက်ပါတယ်။ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်အရ AC ဟာ ကြားလူထံအပ်နှံထားတဲ့ငွေဒေါ်လာ ၁.၂ ဘီလီယံကျော်ကို AA ထံ ပေးအပ်ရပြီး ၎င်းနာမည်ကိုလည်း Accenture လို့ ပြောင်းလိုက်ရပါတယ်။

[caption id="attachment_31702" align="alignnone" width="720"]Accenture Innovation Summit 2016 ပွဲမှာ ဆုရရှိသူများကို တွေ့ရစဉ်[/caption]

Accenture ပေါ်ထွန်းလာခြင်း

-------------

AC ဟာ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ Accenture နာမည်ပြောင်းခဲ့ပါတယ်။ အဲဒီနာမည်ကို နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ AC ရုံးခွဲမှ ဒိန်းမတ်နိုင်ငံသူအမှုထမ်း ကင်(မ်)ပီတာဆင်က စဉ်းစားပေးခဲ့တာဖြစ်ပြီး Accent on the Future ဆိုတဲ့ စကားစုကို မှီငြမ်းဖန်တီးတယ်လို့ သိရပါတယ်။ ဒီနာမည်က ကမ္ဘာလုံးဆိုင်ရာအတိုင်ပင်ခံလုပ်ငန်း ဦးဆောင်သူနဲ့ စွမ်းဆောင်ရည်မြင့်မားသူဖြစ်ကြောင်း ထင်ဟပ်ပြစေပြီး ၎င်းကုမ္ပဏီလုပ်ငန်းလုပ်ကိုင်ရာ မည်သည့်နိုင်ငံကိုမှ ၎င်းနာမည်က စော်ကားခြင်းမဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ၁၉၈၇-၂၀၀၁ ခုနှစ်မှာ Accenture ရဲ့ IPO (အများပြည်သူသို့ ပထမဆုံးအကြိမ်ရောင်းချတဲ့ အစုရှယ်ယာ) ဈေးကတစ်စုလျှင် ဒေါ်လာ ၁၄.၅၀ ရှိပြီး နယူးယောက်စတော့ ရှယ်ယာအိပ်ချိန်း (NYSE) မှာ ရှယ်ယာရောင်းဝယ်မှု စတင်ပြုလုပ်ပါတယ်။ Goldman Sachs နဲ့ Morgan Stanley တို့က အဓိကအာမခံသူတွေအဖြစ် ဆောင်ရွက်ကြပြီး အဲဒီနေ့မှာရှယ်ယာဈေးအများဆုံး ၁၅.၁၇ ဒေါ်လာဖြစ်ပါတယ်။ IPO စရောင်းတဲ့ ပထမဆုံးနေ့မှာပဲ Accenture ဟာ ဒေါ်လာ ၁.၇ ဘီလီယံဖိုး ရရှိသွားပါတယ်။

[caption id="attachment_31701" align="alignnone" width="720"]အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ Accenture ဌာနချုပ်ပုံ[/caption]

ဘာမြူဒါမှဌာနချုပ်

-------------------

၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ကွန်ဂရက်ရဲ့ ဗဟိုစာရင်းအင်းရုံးချုပ်က အခွန်ရှောင်တိမ်းရာ နိုင်ငံတစ်ခုမှာ ကုမ္ပဏီတည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီလေးခုအနက် Accenture လည်း ပါဝင်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ Accenture လိုမဟုတ်တဲ့ ကျန်ကုမ္ပဏီသုံးခုက အခွန်သက်သာစေဖို့ အမေရိကန်မှာ ဦးစွာကုမ္ပဏီထောင်ပြီးမှ အခွန်ရှောင်လို့ရတဲ့နိုင်ငံမှာ ပြန်တည်ထောင်ကြတာ ဖြစ်ပါတယ်။ CNN ဂျာနယ်လစ် လူးဒေါ့(ဘ်စ်)က Accenture ကို အမေရိကန်အခြေစိုက်ကုမ္ပဏီအဖြစ် မိမိတို့မြင်ထားလို့ ဘာမြူဒါမှာ ကုမ္ပဏီဖွင့်ဖို့ ၎င်းဆုံးဖြတ်တာဟာ အခွန်ရှောင်ဖို့ လှည့်ကွက်သာဖြစ်ကြောင်း တခြားဝေဖန်သူတွေနည်းတူ ထောက်ပြခဲ့ပါတယ်။ အဲဒီမတိုင်ခင်က Accenture ဟာ ဆွစ်ဇာလန်မှ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီတစ်ခု ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ ၎င်းရဲ့စီးပွားဖက်တွေရဲ့ ထိန်းချုပ်မှုအောက်ရှိ ဖက်စပ်လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေကို အစီအရီဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ Accenture ဟာ ၂၀၀၃ ခုနှစ်မှာ ဗြိတိန်မှ အမျိုးသားကျန်းမာရေးဌာန ကြီး (NHS) အတွက် ကြီးကျယ်ပြီး ရည်မှန်းချက်မြင့်မားတဲ့ IT ပြုပြင်ပြောင်းလဲမှုစီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကြန့်ကြာမှုတွေက ခန့်မှန်းစရိတ်ထက် ပိုကုန်ကျတာနဲ့ပတ်သက်လို့ အငြင်းပွားလို့ ၎င်းကစာချုပ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ NHS တည်ရှိရာ ဗြိတိန်အစိုးရအဖွဲ့ကလည်း နောက်ငါးနှစ်အကြာမှာ အလားတူအကြောင်းတွေကြောင့် အဲဒီစီမံကိန်းကြီးကို ဖျက်သိမ်းခဲ့ရပါတယ်။

[caption id="attachment_31703" align="alignnone" width="720"]Amsterdam မြို့မှာတည်ရှိတဲ့ Accenture ရုံးတွင်းပိုင်းတစ်နေရာ[/caption]

အိုင်ယာလန်မှ ဌာနချုပ်

---------------

Accenture ဟာ ၂၀၀၉ ခုနှစ်၊ မေလ ၂၆ ရက်မှာ ၎င်းဌာနချုပ်ကို ဘာမြူဒါမှအိုင်ယာလန်နိုင်ငံသို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး Accenture plc. ဖြစ်လာဖို့အဆိုကို ဒါရိုက်တာအဖွဲ့က တညီတညွတ်တည်း သဘောတူထောက်ခံပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ HealthCare.gov အတွက် CGI Group ကို Accenture နဲ့ အစားထိုးဖို့ရွေးချယ်ခံရပါ တယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ ၎င်းဟာ Health Care.gov အတွက် ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လက်ဆောင်ရွက်ရေး ဆော့(ဖ်)ဝဲအသစ်တွေ ရေးဆွဲဖန်တီးရေးနဲ့ နည်းပညာ ထောက်ကူမှုတွေ လုပ်ပေးဖို့ ဒေါ်လာ ၅၆၃ သန်းတန် စာချုပ်ချုပ်ဆိုရပါတယ်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက Cerner ၊ Leidos နဲ့ Accenture တို့ကို အီလက်ထရွန်းနစ် ကျန်းမာရေးမှတ်တမ်းများ စီမံကိန်းကြီးအတွက် စာချုပ်နဲ့ငှားရမ်းခဲ့ပါတယ်။ ဒေါ်လာ ၄.၃၃ ဘီလီယံတန်တဲ့ အဲဒီအလုပ်ကန်ထရိုက်အရ ဆေးရုံ ၅၅ ခုနဲ့ ဆေးခန်းခြောက်ရာအတွက် တာဝန်ယူဆောင်ရွက်ကြရမှာပါ။ Accenture နဲ့ Leidos တို့က စီစဉ်ဖွဲ့စည်းစနစ်ကျွမ်းကျင်မှုအဖြစ် တာဝန်ယူစဉ် Cerner က ပင်မကန်ထရိုက်တာအဖြစ် တာဝန်ယူရပါတယ်။

ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင်တာများ

-------------------

- Accenture Strategy က စီးပွားရေးလုပ်ငန်း၊ နည်းပညာနဲ့ လုပ်ငန်းဆောင်တာနည်းဗျူဟာ ဝန်ဆောင်မှုတွေ ပေးပါတယ်။

- Accenture Consulting က နည်းပညာ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုတွေအတွက် သီးခြားစီအတိုင်ပင်ခံ လုပ်ပါတယ်။

- Accenture Digital က ဒစ်ဂျစ်တယ်ဈေးကွက်ထိုးဖောက်ခြင်း၊ အခြေခံသရုပ်ခွဲခြင်း၊ ရွေ့လျားနိုင်စွမ်း ဝန်ဆောင်မှုတွေ ပေးပါတယ်။

- Accenture Technology က နည်းပညာအဖြေထုတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ ဖြန့်ချိပေးပို့ခြင်း၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဇောင်းပေးပြီး အသစ်ပေါ်ထွက်ခါစ နည်းပညာတွေအတွက် ၎င်းရဲ့ Techno Labs ကိုပါ ထောက်ပံ့ထားပါတယ်။

- Accenture Operations က ဖြန့်ချိပေးပို့ရေးဝန်ဆောင်မှုအတွက် နမူနာပုံစံဖြစ်ဖို့ ဇောင်းပေးပါတယ်။ ဒီကိစ္စမှာ Outsourcing ၊ IT ဝန်ဆောင်မှု၊ Cloud Service စီမံခန့်ခွဲတဲ့လုပ်ငန်းတွေ လုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

Accenture ဟာ National Security Services ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ပါတယ်။

ဈေးကွက်တင်ခြင်း၊ ကုန်အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ကိုယ်ပိုင်လက္ခဏာအမှတ်အသား

---------------------

Accenture ဟာ ၂၀၁၁ ခုနှစ်မှာ''မြင့်မားသောစွမ်းဆောင် ရည်ပေးအပ်သည်'' ဆိုတဲ့ ၎င်းရဲ့ဆောင်ပုဒ်ပါဝင်တဲ့ ၎င်းရဲ့ဖောက်သည်တွေဖြစ်တဲ့ Marriott ၊ Unilever ၊ RSC (တော်ဝင်ရှိတ်စပီးယား ပြဇာတ်အဖွဲ့) တို့ရဲ့ ကြော်ငြာတွေကို ဖြန့်ချိပါတယ်။ ၂၀၁၆ ခုနှစ်မှာ Interbrand က ၎င်းရဲ့ အကောင်းဆုံးကမ္ဘာ့ကုန်ပစ္စည်း တံဆိပ်စာရင်းမှာ Accenture ကို အဆင့် ၃၇ နေရာမှာ ထားခဲ့ပါတယ်။ Brand အတိုင်ပင်ခံလုပ်ငန်းဖြစ်တဲ့ Interbrand က Accenture မှာ ဝန်ဆောင်မှုနဲ့ လုပ်ငန်းဌာနခွဲတွေ အမှတ်တံဆိပ်ဖော်ဆောင်မှုနဲ့ ဈေးကွက်တင်မှုတွေ ဇောင်းပေးခြင်းကို မှတ်တမ်းတင်ပေးပါတယ်။ ၂၀၀၅ မှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်း Accenture က ကမ္ဘာကျော် ဂေါက်သီးချန်ပီယံတိုက်ဂါးဝုဒ်ကို ၎င်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်ပြီး''တိုက်ဂါးလိုဖြစ်အောင်လုပ်ပါ'' နဲ့ ''တိုက်ဂါးလိုဖြစ်ဖို့ ဘယ်လောက်ကြိုးစားရမှန်း ကျွန်ုပ်တို့သိသည်'' ဆိုတဲ့ စာသားတွေကို တိုက်ဂါးပုံနဲ့တွဲပြီး ကြော်ငြာပါတယ်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်မှာ တိုက်ဂါးဝု(ဒ်)ရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဟိုးလေးတစ်ကျော်ဖြစ်လို့ Accenture က ၎င်းအတွက် ခြောက်နှစ်စာစပွန်ဆာပေးတဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်ပါတယ်။ Accenture ဟာ ၎င်းကိုယ်ပိုင်စာလုံးဖောင့် (Graphik) ကို တွင်ကျယ်စွာသုံးကာ 'စံ' သတ်မှတ်ထားတဲ့ ကုန်အမှတ်တံဆိပ်ကို ဖော်ဆောင်ပါတယ်။ ၁၉၉၉ ခုနှစ်စပြီး ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်တဲ့ Accenture အမှုထမ်း ဂျိမ်း(စ်)ဆန်ချက်(ဇ်)က ၎င်းကုမ္ပဏီယဉ်ကျေးမှုကို အင်တာနက်ရုပ်ပြဇာတ်လမ်း Bigtime Consulting နဲ့ ပြောင်လှောင်ကဲ့ရဲ့ခဲ့ပါတယ်။ အဲဒီရုပ်ပြဟာ အဲဒီခေါင်းစီးပါတဲ့ ကုန်စည်တွေရောင်းချတဲ့ စတိုးဆိုင်အကြောင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဆန်ချက် (ဇ်)က အလုပ်ထွက်သွားပေမယ့် သူ့ရုပ်ပြကိုတော့ နောက်နှစ်အနည်းငယ်ကြာတဲ့အထိ ဆက်လက်ရေးဆွဲတင်ဆက်ခဲ့ပါတယ်။

စိုးညွန့်ဇော်