မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း

rubber1

မြန်မာနိုင်ငံမှာ ရွှေဖြူလို့တင်စားရတဲ့ ရော်ဘာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Quality) ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရော်ဘာဟာ ကုန်ပစ္စည်းအစိတ်အပိုင်း အမြောက်အမြား ထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ အခန်းကဏ္ဍတစ်ခုနဲ့ ရပ်တည်နေသလို သစ်တောပြုန်းတီးမှုကိုလည်း အထိုက်အလျောက် လျော့နည်းစေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ညီနောင်အသင်းတစ်သင်းဖြစ်တဲ့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်နဲ့တွေ့ဆုံခိုက်မှာ ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

[caption id="attachment_26332" align="alignnone" width="370"]rubber2ဦးခိုင်မြင့်[/caption]

ရော်ဘာအသင်းတည်ထောင်ဖြစ်ခဲ့ပုံနဲ့ ဘယ်အချိန်က စတင်တည်ထောင်ဖြစ်ခဲ့တယ်ဆိုတာ . . .

ရော်ဘာဟာ ကမ္ဘာအနှံ့အပြားမှာ မရှိမဖြစ်သုံးစွဲနေတဲ့ မဟာဗျူဟာကုန်စည်တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အစောဆုံးရော်ဘာစိုက်ပျိုးတဲ့ နိုင်ငံထဲမှာအပါအဝင်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀ ကျော်ကတည်းက စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရော်ဘာထုတ်လုပ်သူများအသင်း (MRPPA) ကိုတော့ ၂၀၀၅ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်ငံရဲ့ ရော်ဘာကဏ္ဍဖွံ့ဖြိုးဖို့အတွက် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ၊ တင်ပို့ရောင်းချသူ၊ ကုန်ချောထုတ်လုပ်သူ၊ အဝယ်ဒိုင်စတဲ့ ရော်ဘာနဲ့ပတ်သက်တဲ့ လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ အတူတကွလက်တွဲပြီး လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ . . .

ကျွန်တော်တို့အသင်းဟာ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ရဲ့ ညီနောင်အသင်းတစ်သင်းဖြစ်သလို မလေးရှားနိုင်ငံ၊ ကွာလာလန်ပူအခြေစိုက် International Rubber Research and Development Board (IRRDB) မှာလည်း ၂၀၀၇ ခုနှစ်ကစပြီး အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ဒါအပြင် ရော်ဘာအသင်းခွဲတွေကို မြန်မာနိုင်ငံရဲ့ ရော်ဘာအဓိကထွက်တဲ့ဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီ၊ ကရင်၊ ပဲခူး၊ ရှမ်း၊ ကချင်နဲ့ ဧရာဝတီတိုင်း ဒေသကြီးတို့တွေမှာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ဒါအပြင် ကျွန်တော်တို့အသင်းဟာ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေကနေတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံက Care Myanmar အဖွဲ့အစည်း၊ ဂျပန်နိုင်ငံက ရော်ဘာကုန်သည်ကြီးများအသင်း၊ ဂျပန်ရော်ဘာကုန်ချော ထုတ်လုပ်သူများအသင်းတို့နဲ့လည်း ပူးပေါင်းပြီး ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းနဲ့ နိုင်ငံခြားတင်ပို့မှုပမာဏ . . .

မြန်မာနိုင်ငံဟာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားတင်ပို့မှုပမာဏ ၇၇,၀၁၈ တန်ရှိခဲ့ပြီး နိုင်ငံခြားတင်ပို့ငွေ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၈၅ သန်း ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပျမ်းမျှရော်ဘာ အထွက်နှုန်းဟာ မနှစ်က တစ်ဟတ်တာကို ၇၆၅ ကီလိုဂရမ်နဲ့ တစ်ဧကကို ၆၈၂ ဒသမ ၆၈ တန် ရှိခဲ့ပါတယ်။

rubber3

အဓိကအားနည်းချက်များ . . .

စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာဆိုရင် တစ်နှစ်တစ်ဧကကို ပေါင် ၆၈၀ သာ ထွက်နိုင်တဲ့အတွက် အထွက်နှုန်း နည်းနေတာ၊ ရော်ဘာအရည်အသွေး အဆင့်အတန်း နိမ့်ကျနေတာတွေအပြင် ကုန်ချောထုတ်လုပ်ရေးအပိုင်းတွေမှာ ဖွံ့ဖြိုးမှုမရှိသေးတာတွေက အဓိကအားနည်းချက်တွေအဖြစ် ရှိနေပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရော်ဘာကဏ္ဍမှာ အားအနည်းဆုံးအချက်က နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က အထွက်နှုန်းနည်းနေတာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းက တစ်နှစ်တစ်ဧကကို ပေါင်ခုနစ်ရာလောက်ပဲ ရှိပါတယ်။ ထိုင်း၊ မလေးရှားနဲ့အင်ဒိုနီးရှားတို့ဆိုရင် ၁,၅၀၀ ၊ ၁,၆၀၀ ပတ်လည်လောက်ထိ ရှိနေပါတယ်။ အိန္ဒိယဆိုရင် ၁,၈၀၀ လောက် ရှိပါတယ်။ ဘာကြောင့် အဲဒီလောက်ထိကွာရတာလဲဆိုပြီး လေ့လာတဲ့အခါမှာ ရော်ဘာစစိုက်တဲ့အချိန်ကတည်းက စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကိုပြန်ပြင်ဖို့ တော်တော့်ကိုခက်ပါတယ်။ နောက်ထပ်အားနည်းချက်တစ်ခုက Quality Control ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကထုတ်တဲ့ ရော်ဘာတွေက တစ်တန်ကို ဒေါ်လာသုံးရာ ကနေ ၃၅၀ လောက်လျော့ပြီး ရောင်းနေရပါတယ်။

ဒီအားနည်းချက်တွေကို ဖြေလျှော့နိုင်ဖို့ အသင်းက ဘာတွေဆောင်ရွက်နေလဲ . . .

ဒါကိုကောင်းအောင်လုပ်ဖို့အတွက် နိုင်ငံတကာမှာ ဘယ်လိုလုပ်လဲဆိုတာကို လေ့လာပါတယ်။ ထိုင်းဆို လွန်ခဲ့တဲ့ နှစ်သုံး၊ လေး၊ ငါးဆယ်လောက်ကတည်းက Cuss-fund ဆိုတဲ့စနစ်ကို ကျင့်သုံးနေတာတွေ့ရတယ်။ သူတို့တစ်နိုင်ငံလုံးရဲ့ ရော်ဘာလုပ်ငန်းမှန်သမျှကို ရော်ဘာ Board က ဆောင်ရွက်ပေးနေတယ်။ ရော်ဘာ Board ကို အစိုးရဝန်ကြီးဌာနတွေက ထိန်းကျောင်းပေးပြီး ပံ့ပိုးမှုတွေလုပ်ပေးတယ်။ Cuss-fund စနစ်အရ ရော်ဘာ Export လုပ်တဲ့အခါမှာ ကုန်သည်တွေဆီကနေ ပို့တဲ့ကုန်ရဲ့ ပမာဏပေါ်မူတည်ပြီး Fund ကို ကောက်တယ်။ ပြီးတော့ သူတို့ကခြံငယ်လေးတွေကို ကွင်းဆင်းလေ့လာပြီး သက်တမ်း၂၅ နှစ်နဲ့ အထက်ရှိတဲ့အထွက်နှုန်း နိမ့်ကျနေတဲ့ ရော်ဘာခြံတွေကို ရရှိထားတဲ့ Fund တွေနဲ့ Replantation အစအဆုံးကို အခမဲ့ ပြန်လုပ်ပေးတဲ့အတွက် ခြံငယ်ရှင်တွေအတွက် အများကြီးအဆင်ပြေသွားပါတယ်။ ထုတ်လုပ်မှုမရှိရင် Export ကျသွားမှာ ဖြစ်တာကြောင့် ထုတ်လုပ်မှုမြင့်အောင် Export ကနေ Fund ပြန်ကောက်ပြီး ထုတ်လုပ်မှုကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒီစနစ်ကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လောက်က စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ Replantation အတွက်ကို ရော်ဘာ Board က ၈၅ ရာခိုင်နှုန်း အသုံးပြုပြီး ၅ ရာခိုင်နှုန်းကို ရော်ဘာ Research Fund အဖြစ်ထားပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ သူတို့ရဲ့အုပ်ချုပ်မှုကုန်ကျစရိတ်အဖြစ် အသုံးပြုတာကို တွေ့ရပါတယ်။ ဒါအပြင် သူတို့ဆီမှာ အစိုးရက လုပ်ပေးထားတဲ့ ရော်ဘာ Research Institute ဆိုတာ ရှိပါတယ်။ ဒါက အစိုးရက အပြည့်အ၀ Control လုပ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရော်ဘာခြံငယ်ရှင် တော်တော်များများကို ရော်ဘာအဆင့်အတန်းမီအောင် ထုတ်လုပ်ဖို့အတွက် အသိပညာပေးတာတွေ ပြုလုပ်ဖို့ လိုနေပါသေးတယ်။ Quality Control လုပ်မယ်ဆိုရင် ရော်ဘာစေးခဲကန်တွေ၊ မှိုင်းရုံတွေ၊ ကြိတ်စက်တွေ လိုအပ်တယ်။ ဒါတွေကို ခြံငယ်ရှင်တွေအနေနဲ့ မတတ်နိုင်ပါဘူး။ ထိုင်းမှာလို ဧရိယာတစ်ခုမှာရှိတဲ့ ရာဘာခြံငယ်ရှင်တွေ စုပေါင်းပြီး နေရာတစ်နေရာမှာ စက်ရုံထောင်တဲ့ စနစ်မျိုးကို မြို့နယ်အလိုက် ရော်ဘာခြံရှင်တွေစုပြီး လုပ်မယ်ဆိုရင် ပိုအောင်မြင်မယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။ အစိုးရအနေနဲ့ ကူညီပံ့ပိုးမယ်ဆိုရင်လည်း ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းရှင်တွေကို ငွေကြေးအကူအညီပေးတာမျိုးထက် ဒီလိုစနစ်မျိုး ထူထောင်ပေးတာက ပိုပြီးအကျိုးရှိစေမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း စတင်လုပ်ကိုင်မယ့်သူတွေအနေနဲ့ သိထားသင့်တာတွေ . . .

ရော်ဘာစိုက်ပျိုးတဲ့အခါမှာ မျိုးက အဓိကကျပါတယ်။ စိုက်ပျိုးမယ့်သူတွေအနေနဲ့ မျိုးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါတယ်။ ရော်ဘာစစိုက်မယ့် သူတွေအနေနဲ့ မျိုးရွေးချယ်မှု မမှားယွင်းဖို့လိုပါတယ်။ ရော်ဘာက မျိုးအလိုက် တစ်နှစ်တစ်ဧကကို ပေါင် ငါးရာ၊ ရှစ်ရာ၊ တစ်ထောင်၊ ၁၆,၀၀၊ ၁,၈၀၀၊ နှစ်ထောင် စသဖြင့် အထွက်နှုန်းတွေ အမျိုးမျိုးကွဲပြားသွားကြတာကြောင့် စိုက်ပျိုးမယ့်သူတွေအနေနဲ့ အထွက်နှုန်းများပြီး ရောဂါနဲ့ရာသီဥတု ဒဏ်ခံနိုင်တဲ့မျိုးကို ရွေးချယ်စိုက်ပျိုးဖို့ လိုပါတယ်။

ရော်ဘာကဏ္ဍဖွံ့ဖြိုးဖို့အတွက် အသင်းအနေနဲ့ ဆောင်ရွက်နေတာတွေ . . .

ကျွန်တော်တို့အသင်းက ရော်ဘာကဏ္ဍဖွံ့ဖြိုးဖို့အတွက် International Research and Rubber Development Board (IRRDB) မလေးရှားမှာ အခြေပြုတဲ့ အမေရိကန်အဖွဲ့အစည်းနဲ့ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်ရော်ဘာ Workshop တွေကို မော်လမြိုင်မှာ စပြီးတော့ ပြုလုပ်ခဲ့ပါတယ်။ မော်လမြိုင်မှာ လုပ်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့ရတာလဲဆိုရင် မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ရော်ဘာအထွက်ဆုံးဒေသ၊ စိုက်ဧကအများဆုံးဒေသ ဖြစ်တာကြောင့်ပါ။ အခုဆိုရင် ရော်ဘာ Workshop တွေကို မော်လမြိုင်မှာ နှစ်ကြိမ်၊ ထားဝယ်မှာ တစ်ကြိမ်နဲ့ ရန်ကုန်မှာတစ်ကြိမ် စုစုပေါင်းလေးကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဒီကြားထဲမှာ သင်တန်းပေးတာတွေလည်းရှိသလို IRRDB က ဒီကရော်ဘာလုပ်ငန်းရှင်တွေကို Scholor ပေးပြီး လာတက်ခွင့်ပေးတဲ့ နိုင်ငံတကာသင်တန်းတွေလည်း ရှိလာပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း ခြံရှင်တွေကို ဒီသင်တန်းတွေ တက်နိုင်ဖို့အကူအညီတွေ ပေးပါတယ်။ ဒါအပြင် ကျွန်တော်တို့အသင်းမှာ ရော်ဘာစိုက်တဲ့အခါမှာ မျိုးရွေးချယ်တဲ့နည်းစနစ်၊ စိုက်ပျိုးနည်းစနစ်၊ ရော်ဘာစေးထုတ်ဖို့ အဆင်သင့်မဖြစ်ခင် ထိန်းသိမ်းပြုစုတဲ့ နည်းစနစ်၊ ရော်ဘာစေးထုတ်တဲ့အခါမှာ စနစ်တကျနဲ့ အထွက်နှုန်းတိုးအောင် ထုတ်လုပ်တဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ ရှိပါတယ်။ ထွက်လာတဲ့ ကုန်စည်တွေကို Exporter ၊ Dealer တွေဆီရောက်အောင် ချိတ်ဆက်ပေးတာတွေ၊ နိုင်ငံခြားက ဝယ်ယူသူတွေနဲ့ ချိတ်ဆက်ပေးတာတွေလည်း ပြုလုပ်ပေးပါတယ်။

တန်ဖိုးမြင့် ထုတ်ကုန်အနေနဲ့ ထုတ်လုပ်နေတာတွေ . . .

ရော်ဘာကို တန်ဖိုးမြင့် ထုတ်ကုန်အနေနဲ့ ထုတ်လို့ရတာတွေကတော့ အများကြီးရှိပါတယ်။ ကမ္ဘာပေါ်မှာ ရော်ဘာကို အများဆုံးအသုံးပြုနေတာက တာယာဖြစ်ပါတယ်။ နောက်ပြီး Auto Mobile Parts ၊ လေယာဉ် အစိတ်အပိုင်း၊ ဖိနပ်၊ လက်အိတ်စတာတွေ ထုတ်လုပ်တဲ့အခါမှာလည်း ရော်ဘာကို အသုံးပြုကြပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့ မော်တော်ကားတာယာ၊ ဆန်စက် Roller ၊ ဖိနပ်၊ မော်တော်ကား အစိတ်အပိုင်း၊ မီးရထားသုံးပစ္စည်း၊ လက်အိတ်၊ ပန်ကာကြိုး စတဲ့ အနည်းအကျဉ်းလောက်ပဲ ထုတ်နိုင်ပါသေးတယ်။

ရော်ဘာပင်တစ်ပင်ရဲ့ သက်တမ်းက . . .

မှန်ကန်တဲ့ ထိန်းသိမ်းပြုစုတဲ့နည်းစနစ်၊ မှန်ကန်တဲ့ ထုတ်လုပ်တဲ့ နည်းစနစ်ကို သုံးမယ်ဆိုရင် အနည်းဆုံး အနှစ် ၃၀ လောက် ထုတ်လုပ်ရပါတယ်။ ဒါပေမဲ့ အစေးလှီးတဲ့ နည်းစနစ်မမှန်လို့ရှိရင် သူ့ရဲ့သက်တမ်းက ဆယ်နှစ်လောက်ဆိုရင် အစေးမထွက်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

rubber4

ရော်ဘာက နှစ်ရှည်ပင်ဖြစ်တဲ့အတွက် သစ်တောအစားထိုးပြန် ဖြစ်လာနိုင်မလား . . .

မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှာဆိုရင် သစ်တောတွေကိုခုတ်ပြီး ရော်ဘာစိုက်ပျိုးကြတဲ့အတွက် ရော်ဘာစိုက်ရင် သစ်တောပြုန်းတီးတယ်လို့ ယူဆပါတယ်။ မြန်မာပြည်မှာကတော့ ခုတ်ပြီးသား သစ်တောတွေမှာ သစ်တောပြန်မစိုက်နိုင်တဲ့အတွက် သစ်တောအစား ရော်ဘာပြန်စိုက်တဲ့အခါမှာ ရော်ဘာတောတစ်ခုအနေနဲ့ ပြန် Cover ဖြစ်စေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

ရော်ဘာကို နိုင်ငံခြားတင်ပို့တဲ့အခါမှာ . . .

အဓိကကတော့ ကျွန်တော်တို့နိုင်ငံကနေ ရော်ဘာ Export သွားတာက Oversea က သွားတာနဲ့ Border Trade နဲ့သွားတာဆိုပြီး နှစ်မျိုးရှိပါတယ်။

ရော်ဘာခြံရှင်တွေအနေနဲ့ကတော့ ကိုယ့်ခြံက ထွက်တဲ့ပစ္စည်းကို တိုက်ရိုက် Export လုပ်တယ်ဆိုတာ တော်တော်ရှားသလို ကုန်ချောထုတ်တာလည်း နည်းပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့တိုင်းပြည်က ထွက်တဲ့ ရော်ဘာအားလုံးရဲ့ ၉၂ ရာခိုင်နှုန်းလောက်က Export သွားနေရပါတယ်။ ပြည်တွင်းသုံးအနေနဲ့ တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်နေတာက ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် ကုန်ချောထုတ်နိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့အသင်းက ထိုင်းတို့၊ မလေးရှားတို့ကို သွားပြီး လေ့လာနေပါတယ်။ ဒါပေမဲ့ ကုန်ချောစက်ရုံထောင်ဖို့အတွက် နံပါတ်တစ်အနေနဲ့ ငွေကြေးအင်အားနဲ့ နည်းပညာ လိုပါတယ်။ FDI နဲ့ပူးပေါင်းပြီးတော့လည်း ကုန်ချောထုတ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမဲ့ လောလောဆယ်အထိတော့ ရော်ဘာကဏ္ဍနဲ့ပတ်သက်ပြီး FDI ကနေ ရင်းနှီးမြှုပ်နှံတာ တစ်ခုနှစ်ခုပဲ ရှိနေပါသေးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဘာကြောင့် မလာတာလဲလို့ မေးတဲ့အခါမှာ သူတို့ကကုန်ချောထုတ်တဲ့အခါမှာ အဓိကလိုအပ်တဲ့ လျှပ်စစ်မီး၊ မြေနေရာနဲ့ လိုအပ်တဲ့ Infrastructure ပေးနိုင်မှု မရှိလို့၊ အားနည်းလို့ ဖြစ်တယ်လို့ ပြောလာတာတွေ ရှိပါတယ်။

ဖြည့်စွက်ချင်တာရှိရင် . . .

ရော်ဘာခြံလုပ်ငန်းဟာ နိုင်ငံတော်ရဲ့ဝင်ငွေကိုလည်း အများကြီးဖြည့်ဆည်းပေးနိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တစိုက်မတ်မတ်ကူညီပံ့ပိုးမှုတွေ လုပ်ပေးဖို့လိုပါတယ်။ အခုကျွန်တော်တို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကနေ National Export Quality ရေးဆွဲတဲ့အထဲမှာ ရော်ဘာကဏ္ဍပါပါတယ်။ ဒါကြောင့် ရော်ဘာလုပ်ငန်းရှင်တွေ၊ ရော်ဘာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ၊ ရော်ဘာပညာရှင်တွေ အားလုံးပေါင်းပြီး Strategy ရေးဆွဲခဲ့ပါတယ်။ ပညာရှင်က Frame ချပေးတာတွေ အားလုံးကို ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။ ရော်ဘာကဏ္ဍတိုးတက်ဖို့ လက်ရှိချမှတ်ထားတဲ့ Process တွေအတိုင်း အကောင်အထည်ဖော်မယ်ဆိုရင် ရာဘာကဏ္ဍတစ်ခုလုံးအတွက် ပြီးပြည့်စုံတဲ့ အကောင်အထည်ဖော်မှု ဖြစ်လာမှာဖြစ်ပါတယ်။

ထက်ထက်