Vitamin Supplement များသောက်သုံးခြင်း

Vitamin Supplement တွေက ပုံမှန်သောက်သုံးသင့်သလား။

Vitamin ဆိုတာ ခန္ဓာကိုယ်ထဲကနေ မတည်ဆောက်နိုင်ဘဲနဲ့ ပြင်ပအစားအသောက်ကနေရယူနေရတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေကို Vitamin လို့ခေါ်ပါတယ်။ သာမန်လူတစ်ယောက်က Vitamin သောက်သုံးဖို့လိုအပ်သလား (မြန်မာတွေခေါ်တော့ အားဆေး)။ အားဆေးဆိုအားရှိအောင် သောက်မယ်ဆိုပြီး ဖြစ်သွားပါတယ်။

တကယ်တော့ Vitamin အနေနဲ့ပဲမှတ်ထားဖို့လိုအပ်ပါတယ်။ Vitamin တွေဆိုတာ ကိုယ်နေ့စဉ်စားသောက်တဲ့ထဲမှာ အနည်းငယ်ပါရုံနဲ့ လုံလောက်တဲ့အတွက်ကြောင့် ပုံမှန်ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေတယ်ဆိုရင် Vitamin တွေကို သောက်သုံးပေးစရာမလိုဘူးဆိုတဲ့အဖြေ ထွက်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဓာတ်တွေက အစားအသောက်ထဲမှာ ပါပြီးလို့ ဖြစ်ပါတယ်။ အစားအသောက်ထဲမှာမှ ရောဂါကာကွယ်နိုင်တဲ့အုပ်စုလို့ခေါ်တဲ့ အသီးအရွက်၊ အသီးအနှံတွေထဲမှာ ဒီ Vitamin တွေက ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် အသီးအရွက်၊ အသီးအနှံတွေ စားသုံးတဲ့သူတွေမှာ Vitamin တွေ လုံလုံလောက်လောက် ရှိကြပါတယ်။ တချို့တွေက အကြောင်းအမျိုးမျိုးကြောင့် အစားရှောင်ကြတာတွေ ရှိကြပါတယ်။ မကြိုက်လို့ မစားတာရယ်နဲ့ သက်သတ်လွတ်သမားမို့ အသီးအရွက်ပဲ စားသုံးတာမျိုး စသဖြင့် အထူးစားသုံးတဲ့သူတွေမှာတော့ သက်ဆိုင်ရာ ဗီတာမင်ချို့တဲ့မှုလေးတွေ ရှိတတ်ကြပါတယ်။ ဒါဆိုရင် သူတို့တွေအနေနဲ့ဆိုရင်တော့ Supplement ထည့်ပြီး သောက်သုံးပေးဖို့လိုအပ်ပါတယ်။ Vitamin ၊ Minerals and Trace Elements ခေါ်တဲ့ နေ့စဉ်ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့သတ္တု ဓာတ်တွေကလည်း လိုအပ်တဲ့အထဲမှာ ပါဝင်ပါတယ်။ လူလတ်တန်းအရွယ်မှာ အစားအသောက်တွေ စုံစုံလင်လင်စားသောက်နေပြီး ကျန်းမာရေးနဲ့ ညွီညွတ်နေတဲ့သူ အဖို့ကတော့ ဒီ Vitamin Supplement မလိုအပ်ပါဘူးလို့ အကြမ်းဖျင်းပြောလို့ရနိုင်ပါတယ်။

အသက်ကြီးလာတဲ့အခါမှာ ဟော်မုန်းတွေ ယုတ်လျော့လာတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို သွေးဆုံးပြီးနောက်ပိုင်းမှာ တချို့ဟော်မုန်းတွေ ယုတ်လျော့လာတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ဓာတ်တွေ ပြန်ဖြည့်ပေးဖို့ လိုလာပါတယ်။ အထူးသဖြင့် Calcium နဲ့ Vitamin D တို့ကို သွေးဆုံးပြီးသား အမျိုးသမီးတွေမှာ အရိုးပါး၊ အရိုးပွတာတွေ ကာကွယ်ဖို့အတွက် မဖြစ်မနေ သောက် သုံးသင့်တဲ့အထဲမှာ ပါဝင်ပါတယ်။

သုတေသန လေ့လာတွေ့ရှိချက်လေးတွေအရ Vitamin နဲ့ Minerals တွေထဲမှာ ဘာတွေပါသင့်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဓိကအရေးကြီးတဲ့ Calcium နဲ့ Vitamin D3 က မပါမဖြစ် ပါသင့်ပါတယ်။ Zinc နဲ့ Magnesium တွေကလည်း ခန္ဓာကိုယ်နေ့စဉ်လှုပ်ရှားတဲ့အထဲမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဓာတ်တွေကလည်း မပါမဖြစ်ပါဝင်သင့်ပါတယ်။ နောက်ပြီး သံဓာတ်၊ Folic Acid နဲ့ B12 ဒါလေးတွေကလည်း သွေးနီဥတွေ တည်ဆောက်တဲ့အခါမှာ လိုအပ်တဲ့အတွက်ကြောင့် ဒီဓာတ်တွေကလည်း ပါဝင်သင့်ပါတယ်။ ဒါပေမဲ့ MultiVatmin လို့ ခေါ်တဲ့ ဆေးတောင့် တစ်တောင့်မှာဆိုရင် မျိုးပေါင်း ၂၀ ကျော်၊ ၂၀ကျော်လောက်ထိ ပါဝင်ပါတယ်။ အဲဒီထဲမှာ နေ့စဉ်လိုအပ်ချက်နဲ့အညီ တစ်ခုချင်းစီမှာ လိုအပ်တဲ့ပမာ ဏလောက်ပဲထည့်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုအားဆေးမျိုး အကြမ်းဖျင်းအားဖြင့် တစ်နေ့ကိုတစ်မျိုး သောက်သုံးရုံနဲ့ လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တချို့က အားရှိအောင်ဆိုပြီး နှစ်လုံးသုံးလုံး ပိုပြီးသောက်သုံးမယ်ဆိုရင်တော့ Vitamin A D E K လို့ ခေါ်တဲ့ ဆေးလေးမျိုးက ပိုသောက်သုံးမိရင် ခန္ဓာကိုယ်ထဲမှာ အဲဒါတွေကို စွန့်ထုတ်နိုင်တဲ့ဟာ မရှိတဲ့အတွက် ကြောင့် Toxicity ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အခု အများသောက်သုံးနေကြတဲ့ Vitamin B နဲ့ Cevit ဆိုရင် ကိုယ်ခံအားကောင်းတဲ့အထဲမှာလည်း ပါဝင်တယ်၊ အအေးမိဒဏ်ကို ခံနိုင်တယ်ဆိုပြီးတော့ သောက် သုံးကြပါတယ်။ B နဲ့ C ကတော့ နေ့စဉ်လိုအပ်ချက်ထဲမှာလည်း ပါဝင်တယ်။ ပိုတဲ့ Vitamin တွေကလည်း ရေထဲမှာ ပျော်ဝင်နိုင်တဲ့အတွက်ကြောင့် ဆီးထဲကနေအပြင်ကိုစွန့် ထုတ်လိုက်တဲ့အခါ ပိုသောက်သုံးမိရင်တောင် ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုး မဖြစ်ပေါ်စေနိုင်ပါဘူး။

ကိုယ်အလေးချိန် လျော့ချချင်လို့ အချဉ်ဓာတ်တွေ အများကြီးစားသုံးတဲ့သူတွေမှာဆိုရင်တော့ ဆီးလမ်းကြောင်းထဲမှာ Oxalate တွေ ပိုများပြီးတော့ Oxalate Stone ခေါ်တဲ့ ကျောက်တည်နိုင်မှုနှုန်းပိုများပါတယ်။ သို့သော် ပုံမှန်တစ်နေ့တစ်လုံး၊ ဒါမှမဟုတ် နှစ်လုံးသောက်သုံးတဲ့ လူတွေမှာတော့ အဲဒီလိုရာခိုင်နှုန်း နည်းပါးတာ တွေ့ရပါတယ်။ ဒါကြောင့် တစ်နေ့တစ်လုံး Supplement အနေနဲ့ သောက်သုံးနေတဲ့သူတွေအတွက်တော့ ထွေထွေထူးထူး ပြဿနာမရှိပါဘူး။ ကိုယ်အဓိက လိုအပ်တဲ့ Vitamin တစ်ခုချင်းစီကို ပိုလိုအပ်တဲ့သူတွေကတော့ ဆရာဝန်နဲ့ ဘယ်အမျိုးအစားကတော့ဖြင့် သင့်တော်လဲဆိုတာ တိုင်ပင်ပြီးမှ ရှာဖွေ သောက်သုံးသင့်ပါတယ်။လူအများစုအနေနဲ့တော့ အသက် ၅၀ ကျော်လာရင် လိုအပ်တဲ့ Vitamin တွေ ဖြည့်တင်းဖို့အတွက် နေ့စဉ် လိုအပ်ချက်နဲ့အညီ ဖြည့်သွင်းထားတဲ့ Vitamin တွေကို သောက်သုံးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်