Triumph Hotel Mandalay ရဲ့ General Manager ဖြစ်သူ ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခြင်း

၂၀၂၀ ခုနှစ်၊ မတ်လထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း “ပရော်ဖက်ရှင်နယ်မန်နေဂျာ” နဲ့ပတ်သက်ပြီး Cover Story ဖြစ်ပါရှိတဲ့ Triumph Hotel Mandalay ရဲ့ General Manager ဦးအောင်ဝင်းနိုင်နှင့်တွေ့ဆုံခိုက် CEO ပရိသတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။

လက်ရှိရာထူးနဲ့ တာဝန်ယူထားမှုအပိုင်းတွေ…
၂၀၁၄ ခုနှစ်မှာ Triumph ဟိုတယ်မှာ GM အနေနဲ့ စတင်လုပ်ကိုင်ခဲ့တာ အခုလက်ရှိအချိန်အထိပါပဲ။ ကျွန်တော်တာဝန်ယူရတာကတော့ ဟိုတယ်ရဲ့ Operation အကုန်လုံး၊ General Management တွေ တာဝန်ယူထားရပါတယ်။ ကျွန်တော်တို့ဆီမှာဌာနတွေကတော့ ရှစ်ခုလောက်ခွဲလို့ရပါတယ်။ ပညာရေးကတော့ ကျွန်တော်က AGTI (EC) ပြီးထားပါတယ်။ နောက်ပြီးတော့ B.Sc Maths ကို အဝေးသင်ဘွဲ့လည်းယူထားပါတယ်။ ဟိုတယ်နဲ့ပတ်သက်လို့တော့ American International Institute ကနေပြီးတော့ Executive Diploma in Hospitality Study ပြီးထားပါတယ်။ အခုလောလောဆယ်တော့ MBA တက်နေပါတယ်။

လက်ရှိရာထူးမှာ တာဝန်ယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ရပုံများ၊ အချိန်ဘယ်လောက်ယူခဲ့ရပါသလဲ…
ကျွန်တော်က Hotel Life ကို Visit Myanmar Year ဖြစ်တဲ့ ၁၉၉၆ ခုနှစ်မှာစခဲ့တယ်။ အဲဒီနှစ် သြဂုတ်လမှာ Mandalay Swam Hotel (Manage by Belmont International Hotel) ဆိုပြီးတော့ စင်ကာပူကနေအုပ်ချုပ်တဲ့အချိန်၊ နိုင်ငံခြားသားတွေနဲ့အတူတူတွဲပြီး လုပ်ကိုင်ခွင့်ရခဲ့တယ်။ အဲဒီမှာ ငွေကိုင်အနေနဲ့စလုပ်ခဲ့ပါတယ်။ ပြီးတော့မှ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ လေးနှစ်ကျော်လောက်လုပ်ခဲ့ပါတယ်။ အဓိကကတော့ Finance ပိုင်းကိုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း Sedona စဖွင့်တော့အဲဒီကိုပြောင်းခဲ့ပါတယ်။ Front Office Assistant အနေနဲ့ငါးနှစ်လောက် ကျွန်တော်လုပ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိလုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းကနေ ၂၀၁၄ လောက်အထိကိုတော့ ရူပါမန္တလာဟိုတယ်ကို Set up သွားလုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာပိုပြီးတော့ ပညာအတွေ့အကြုံတွေရလာပါတယ်။ စောစောကကျွန်တော်ပြောသလို ဒီမှာက GM အနေနဲ့ ဒါပေမဲ့ဒီမရောက်ခင်တုန်းကတော့ GM မဟုတ်ပေမယ့် အပြည့်အဝလုပ်ခွင့်ရခဲ့ပါတယ်။ ဒါတွေကကိုယ့်အတွက် ပြင်ဆင်မှုတွေဖြစ်သွားခဲ့တာပါ။ ဒီနေ့ခေတ်မှာက အကုန်လုံးကိုမတတ်ရင် မရတော့ပါဘူး။ Marketing ၊ IT ဒါတွေမတတ်ရင်လည်း မရပါဘူး။ နောက်ပြီးတော့ Life Long Learning ပါပဲ။ ကိုယ်မသင်ဘူးဆိုရင် ကျန်ခဲ့မှာပါ။

အခု ဒီဟိုတယ်ဆိုရင်လည်း ၂၀၁၄ ခုနှစ်၊ ဧပြီမှာ စတင်ဖွင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာဆိုရင်လည်း Gold Circle Award ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Travelers’ Choice Award ရခဲ့ပါတယ်။ ကျန်တဲ့ Trip Advisor တို့ Booking.com တို့မှာလည်း Ranking ကောင်းပါတယ်။ မနှစ်ကဆိုရင်လည်း ၈.၇ လောက် ရခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ Service အကောင်းဆုံးထိပ်ဆုံး ဆယ်ခုထဲမှာ နံပါတ်ငါးနေရာလောက်ကနေ ပါခဲ့ပါတယ်။

အချိန်အားဖြင့်တော့ ကျွန်တော် Invest လုပ်ခဲ့ရတာက တော်တော်လေးကိုကြာခဲ့ပါတယ်။ အခုလောလောဆယ်ဆိုရင် ကျွန်တော်လုပ်ခဲ့တာက နှစ် ၂၀ ကျော်နေပါပြီ။ ဒီရာထူးကလည်း ကျွန်တော့်အတွက် အတော်လေးတာဝန်ကြီးပါတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုရင် သင်တန်းတွေနဲ့လည်း နာမည်ကြီးပါတယ်။ ကိုယ်လည်း အဲဒီတွေမှာ ဝင်ရောက်လေ့လာသင်ယူပါတယ်။ အခြေခံကစပြီး လေ့လာလုပ်ကိုင်ခဲ့ရတာပါ။

အဖွဲ့အစည်းတစ်ခုလုံးကို တာဝန်ယူဦးဆောင်နေရသူတစ်ယောက်အနေနဲ့ ကြုံတွေ့ရမယ့် Challenge တွေ…

ဒီနေ့ခေတ်မှာက စိန်ခေါ်မှုတွေကများပါတယ်။ ခေတ်လူငယ်တွေက နောက်ပိုင်းမှာ Sacrifice မလုပ်ချင်ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘဲ ချက်ချင်းလက်ငင်း ဖြစ်ချင်ကြပါတယ်။ အဲဒီတော့ နေရာတိုင်းမှာ ဝန်ထမ်း Turn Over တွေ ရှိနေပါတယ်။ ဒါကလည်း ပညာရေး၊ နိုင်ငံရေးနဲ့ အခြားသော အကြောင်းတွေလည်း ပါမှာပါ။ ဒါတွေက တစ်ခါတလေမှာ စိန်ခေါ်မှုတွေဖြစ်စေပါတယ်။

Challenge မှာတော့ Internal နဲ့ External ရှိပါတယ်။ Internal ကတော့ ကိုယ့်ဘာသာဖြေရှင်းလို့ရနိုင်ပါတယ်။ External Challenge ကတော့ အခုလိုမျိုး Tourism ကကျတယ်၊ ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ဖြစ်ရပ်တွေကတော့ Out of Control ဖြစ်တဲ့အတွက် ကိုယ်ကဘာမှ မတတ်နိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကတော့ အမြဲတမ်းအကောင်းဆုံးဖြစ်အောင် တတ်နိုင်သလောက်တော့ ပြင်ဆင်နေပါတယ်။ တစ်ချိန်လုံး လေ့လာသင်ယူမှုတွေကလည်း လုပ်နေရပါတယ်။

Owner-Manager မဟုတ်တဲ့အတွက် ကြုံတွေ့ရမယ့် Challenge တွေနဲ့ ဘယ်လိုဖြေရှင်း တာဝန်ယူခဲ့ရပါသလဲ…

ကိုယ်က သူဌေးနဲ့ကိုယ်နဲ့မှာတော့ သဘောတူညီမှုယူထားရပါတယ်။ ကျွန်တော်တို့သူဌေးက အတော်လေး အဆင်ပြေပြီး Full Authority ပေးထားတဲ့အတွက် အားလုံးကိုဆုံးဖြတ်ခွင့်ရှိပါတယ်။ အဲဒီအတွက် လုပ်ရတာလည်း ပိုကောင်းပါတယ်။ တခြားလူတွေအတွက်ဆိုရင်လည်း Full Authority ရရင်၊ လုပ်ပိုင်ခွင့်ရရင် ပိုအဆင်ပြေမယ်လို့ ကျွန်တော်ယူဆပါတယ်။

Owner-Manager မဟုတ်တဲ့အတွက် ကိုယ်တိုင် ဘယ်လိုခံယူချက် သဘောထားတွေနဲ့ လုပ်ငန်းကို တာဝန်ယူ၊ တာဝန်ခံ ဦးဆောင်နေပါသလဲ…

ကျွန်တော်က ပိုင်ရှင်စိတ်မွေးပါတယ်။ ဒါက ကိုယ့်ရဲ့ ဟိုတယ်ပဲလို့ စိတ်ထားပါတယ်။ ဝန်ထမ်းတွေကိုသင်တန်း ပေးလေ့ကျင့်ရင်လည်း ဌာနခေါင်းဆောင်တွေကအစ၊ ဝန်ထမ်းငယ်လေးတွေအထိ သူတို့ကို အဲဒီစိတ်ထားလေး တွေသင်ပေးပါတယ်။ ကိုယ့်ရဲ့အလုပ်ကဲ့သို့ သဘောထားပါ၊ မကုန်သင့်တာမကုန်အောင်လုပ်ပါ။ အဲဒါမှ အောင် မြင်မယ်လို့ ကျွန်တော်ပြောလေ့ရှိပါတယ်။ အခုဝန်ထမ်း ဘဝမှာကတည်းက ဒီလိုစိတ်ထားမျိုးနဲ့ လုပ်ကိုင်ခဲ့ရင် တစ်ချိန်ကိုယ့်လုပ်ငန်းတည်ထောင်တဲ့အခါ ဒီအတွေ့အကြုံတွေကြောင့် အဆင်ပြေသွားမှာဖြစ်ပါတယ်။

မိမိကဲ့သို့ Owner- Manager မဟုတ်တဲ့သူတွေကို လုပ်ငန်းခွင်ဘဝ၊ အလုပ်အကိုင်လမ်းကြောင်း အောင်မြင်ရေးအတွက် အကြံပြုချက်…

အခုကတည်းက ကြိုတင်ပြင်ဆင်ရပါမယ်။ ကိုယ်မတတ်သေးတာရှိရင်လည်း မတတ်ကြောင်းပြောပါ။ တတ်ချင်ယောင်မဆောင်ပါနဲ့။ မတတ်တာက ဘာမှပြဿနာမဟုတ်ပါဘူး။ ကိုယ်မတတ်သေးတာတွေကို တတ်အောင်လုပ်ရပါမယ်။ ပိုင်ရှင်စိတ်မွေးရမယ်။ နောက်ပြီး အမြဲတမ်း လေ့လာသင်ယူနေရပါမယ်။ ကမ္ဘာမှာဘာဖြစ်နေတယ်၊ ပြည်တွင်းမှာဘာတွေဖြစ်နေလဲ၊ ဥပမာ-ခရီးသွားလုပ်ငန်းဆိုလည်း ဘယ်လိုအလားအလာတွေရှိနေလဲ စသဖြင့် လေ့လာသုံးသပ်ခန့်မှန်းနိုင်ရပါမယ်။

အဖွဲ့အစည်းအတွင်း Succession Planning နဲ့ ပတ်သက်ပြီး ကိုယ်တိုင်လုပ်ကိုင်နေမှုတွေ…

Succession Planing နဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့က Low Season တွေဆိုရင် Cross Training ပေးပါတယ်။ Department Head တွေဆိုရင် ကျွန်တော်လည်း Training လုပ်ပေးပါတယ်။ တချို့နေရာတွေမှာ လိုအပ်ရင် အပြင်သင်တန်းတွေတက်ခိုင်းပါတယ်။

ကျွမ်းကျင်သူတွေဆီပို့ ပေးပါတယ်။ Succession Planning ကတော့ လုပ်ထား သင့်ပါတယ်။ အမြဲတမ်းအစားထိုးနိုင်အောင် ကြိုတင်ပြင် ဆင်ထားပါတယ်။ တချို့ကျတော့လည်း နားမလည်ဘူး။ ဒါမျိုးကို Invest မလုပ်ချင်ကြပါဘူး။ သူတို့ကိုတော့ ကိုယ်က ရှင်းပြရပါတယ်။ ဝန်ထမ်းတွေကိုလည်း အမြဲတမ်း ကိုယ်ကရှင်းပြရပါတယ်။ ဒါတွေတတ်ထားရင် ဒီမှာလုပ်မှမဟုတ်ဘူး၊ ဘယ်နေရာပဲရောက်ရောက် အသုံးဝင်တယ်ဆိုတာမျိုးကို သူတို့နားလည်အောင်လုပ်ရပါတယ်။