SME တည်ထောင်သူတွေ သတိပြုစရာ လက္ခဏာ ၁၀ ချက်

ကိုယ်ပိုင်ဆိုင်တဲ့ SME ကို လူပိုစိတ်ဝင်စားအောင်လုပ်ရုံနဲ့ ငွေမရပါဘူး။ ကုန်စည်ပြပွဲတွေတက်၊ ဆုတွေယူပြီး Twitter မှာ Follower ဦးရေနှစ်သိန်းရှိတာဟာ အောင်မြင်မှုအညွှန်းကိန်းမဟုတ်သေးပါဘူး။

သင်အကြိုက်ဆုံး ပင်လယ်ကမ်းခြေမြို့လေးက (SME မဟုတ်တဲ့) ကော်ဖီဆိုင်လေးဟာ Facebook မှာ Follower တစ်ယောက်မှမရှိပေမယ့် အကြိမ်ကြိမ်ပြန်လာ စားသောက်သူဦးရေ ၇၀ ရာခိုင်နှုန်းရှိပြီး သင့်လုပ်ငန်းထက်ဝင်ငွေအဆတစ်ရာပိုရတဲ့ ဆိုင်လေးဖြစ်နေရင် ရေရှည်မှာ ရှင်ကျန်ဖို့ အလားအလာပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဆိုင်ပိုင်ရှင်တွေဟာ SME တွေအတွက်ရင်းနှီး မတည်ငွေရှာဖွေပွဲမှာ ငြီးငွေ့နေတဲ့ ပရိသတ်ကို ရှင်းပြနေတာထက် သူတို့ရဲ့ရောင်းအားကို အာရုံစိုက်နေကြလို့ပါပဲ။

သင့်အနေနဲ့ SME လုပ်ငန်းထူထောင်တဲ့နေရာမှာ သတိထားရှောင်သင့်စရာနဲ့လိုက်နာစရာအကြောင်းဆယ်ချက်ကို ဒီဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

၁။ SME အရောင်းမြှင့်တင်ရေးပွဲတွေများလွန်းတယ် (အဲဒါကို ရပ်လိုက်ပါ)။
SME တွေဟာ ချက်ချင်းမတည်ငွေထုတ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ရဖို့ မျော်လင့်ပြီး အဲဒီလိုပွဲတွေကို တက်ရောက်ကြတယ်။ အကောင်းဆုံးကုမ္ပဏီတွေဟာ အဲဒီပွဲတွေမှာ ဝယ်ချင်အောင် အမွှမ်းတင်ခြင်းမလုပ်ကြသလို အကောင်းဆုံးရင်းနှီးမြှုပ်နှံသူတွေက လည်း အဲဒီကိုမလာပါဘူး။

သူတို့ကို သင်ကိုယ်တိုင်တက်ကြွစွာရှာဖွေပြီး တွေ့ဆုံဖို့လိုတယ်။ သင်ရှာဖွေနေတဲ့ပုဂ္ဂိုလ် တကယ်တက်မယ့်ပွဲကိုသာ သင်လိုက်တက်ပြီး သင့်လုပ်ငန်းကိုကူညီနိုင်မယ့်လူတွေ ရှိမရှိ သူ့ကို နှစ်ကိုယ်ကြားမေးကြည့်ပါ။ SME ပွဲတွေ လျောက်တက်မယ့်အစား သင့်ရဲ့ဝယ်သူတွေ၊ ဒါမှမဟုတ် စီးပွားဖက်တွေရှိရာကိုသွားဖို့ သင်အာရုံစိုက်ပါ။ ဥပမာ- Winerist အဖွဲ့ဟာ ဝိုင်လုပ်ငန်းနဲ့ ဝိုင်ကြိုက်သူတွေလို အလားအလာရှိတဲ့ ဖောက်သည်တွေအများကြီးနဲ့ တွေ့ရတဲ့ ဝိုင်မြည်းပွဲတွေကို မကြာခဏတက်ရောက်ပါတယ်။

၂။ ဘဏ္ဍာငွေရှာခြင်း (သင်ကိုယ့်သင်ရောင်းစားပါ)။

ဘဏ္ဍာငွေရှာတဲ့အခါ သင့်ကိုယ်သင်ရောင်းစားဖို့နဲ့ ဖော်လံဖားလုပ်တတ်ဖို့ အများကြီးဂရုစိုက်ရပါတယ်။ SME တည်ထောင်သူက ပထမဖြစ်ပြီး သင့်စိတ်ကူးက ဒုတိယပဲဖြစ်လို့ပါ။ ဘဏ္ဍာငွေရှာတာဟာ သုံးလမှကိုးလအထိ ကြာနိုင်တာမို့ စိတ်ပင်ပန်းတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။

သင့်ကိုယ်သင်ရောင်းစားဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူများလက်ကို သင့်ကိုယ်သင်အရင်အပ် ထားဖို့လိုပါတယ်။ ဘဏ္ဍာငွေပေးသူတွေနဲ့ အုပ်စုဖွဲ့ ဘဏ္ဍာငွေထည့်ဝင်မှုတွေ အတော်များများဟာ ထုံးစံအား ဖြင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပွဲခယူပြီး သင့်အတွက် ရင်းနှီးမြှုပ်နှံသူကို ရှာပေးကြပါတယ်။သင့်လုပ်ငန်းနဲ့ အသင့်တော်ဆုံး ရင်းနှီးမြှုပ်နှံသူကို သင်ရွေးချယ်ပါ။ သူဟာ သင့်ထုတ်ကုန်/လုပ်ငန်းကိုသဘောကျပြီး သင့်ရဲ့နောက်ဆုံးဖောက်သည် ဖြစ်လာနိုင်ပါတယ်။

၃။ SME ဆွေးနွေးပွဲတွေဟာ ညည့်နက်ပိုင်း စီးပွားရေးလုပ်ခြင်းပါ။

အဲဒီစည်းဝေးပွဲတိုင်းဟာ အတော်ငြီးငွေ့စရာကောင်းပါတယ်။ လူတိုင်းဟာ ကိုယ့်ကို PR လုပ်ပေးနိုင်မယ့်သူကို ရှာဖွေနေကြတာပါ။ သင်ဟာ အစည်းအဝေးလုပ်ဖို့ မတိုင်ခင်အီးမေးလ်နဲ့အကြောင်းကြားချက်တွေရာချီပြီး ပေး ပို့/လက်ခံရလိမ့်မယ်။ ဒါပေမဲ့ လုပ်ငန်းအများစုကို ညည့်နက်ပိုင်းမှာ လုပ်ဖြစ်ကြတော့ အစည်းအဝေးအပြီးမှာ ကျင်းပတဲ့ပါတီပွဲကိုဝင်နွှဲဖို့ ဧည့်သည်စာရင်းထဲပါ အောင်လုပ်ပါ။ သင်တက်ချင်တဲ့ အစည်းအဝေး၊ သင်တွေ့ချင်တဲ့လူကို သေချာရွေးချယ်ပါ။ ဒီအချိန်မှာ သင်ဟာ ဖောက်သည်တွေနဲ့အတူ အချိန်ဖြုန်းရင်း သူတို့လိုအပ်ချက်ကိုလေ့လာပြီး အရောင်းမြှင့်တင်ရင် ပိုသင့်တော်ပါလိမ့်မယ်။ စည်းဝေးပွဲတက်တဲ့ လူတွေနောက်ကို မလိုက်သွားဘဲ သင်အချိန်အတူဖြုန်းချင်တဲ့ လူဆယ်ဦးလောက်ကိုရွေးပြီး အပြင်မှာအရက်ခေါ်တိုက်တာမျိုးက ပိုထိရောက်ပါတယ်။

၄။ အမျိုးသမီးများနှင့် SME များ (မထင်မှတ်တာကို မျော်လင့်ထားပါ)။

အမျိုးသမီးတွေအနေနဲ့ ‘SME’ တည်ထောင်ဖို့ခက်ခဲတုန်းပါပဲ။ ၂၀၁၄ ခုနှစ်က စစ်တမ်းတစ်ခုအရအမျိုးသားတွေက အမျိုးသမီးတွေထက် SME ဘဏ္ဍာငွေရဖို့ အလားအလာ ၆၀ ရာခိုင်နှုန်းပိုရှိသတဲ့။ စွန့်ဦးတီထွင်အမျိုးသမီးတွေဟာ ယောကျ်ားတွေနဲ့တန်းတူ သူတို့လုပ်ငန်းကိုဝယ်ချင်အောင် အတော်လေးဆွယ်ရလေ့ရှိပါတယ်။ အမျိုးသမီးတွေ တည်ထောင်တဲ့ SME တွေဟာ ကလေးကျောင်းပို့ ကျောင်းကြိုချိန်နဲ့ညှိပြီး အဆင်ပြေအောင်လုပ်ထားတဲ့ ဘဝနေမှုဟန် စီးပွားရေးလုပ်ငန်းတွေအဖြစ် မကြာခဏ သဘောထားခံရပါတယ်။ (ဥပမာ- ယောဂသင်တန်းနဲ့ ခြေသည်း၊ လက်သည်း အလှပြင်ဆိုင်ဖွင့်တာမျိုး။)အမျိုးသမီးဖြစ်တာ ကြောင့် အိမ်ထောင်ပြုခြင်း၊ ကိုယ်ဝန်ဆောင်ခြင်၊ ကလေးထိန်းခြင်းတို့နဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူအများစုရဲ့ မသိစိတ်မှာ မေးခွန်းတွေရှိနေပါတယ်။ ဒါတွေကို အမျိုးသမီးတွေက ကြိုသိထားပြီး ယောကျ်ားတွေထင်တာ မှားယွင်းကြောင်းသက်သေပြဖို့ ပိုကြိုးစားကြရပါတယ်။ ဒီလို သူများထက်ပိုမိုကြိုးစားရလေ့ရှိတာကြောင့် သုတေသနပြုချက်အသစ်တစ်ခုမှာတော့ မိန်းမအရာရှိတွေရဲ့ SME တွေက အောင်မြင်ဖို့ အလားအလာပိုရှိကြောင်း ဖော်ပြထားပါတယ်။

၅။ ငှားရမ်းခြင်း (အကျိုးမျော်လင့်ကာ ငှားရမ်းခြင်း)။

အမှုထမ်း ငှားရမ်းတာဟာ ဘဏ္ဍာငွေရှာတဲ့နည်းနဲ့တူပါတယ်။ ဒီမှာလည်း သင့်ကုမ္ပဏီနဲ့ သင့်ကိုယ်သင်ရောင်း စားဖို့လိုပါတယ်။ အတော်ဆုံးအမှုထမ်းတွေကကြေးများတယ်။ ကာလပေါက်ဈေး လစာငွေ၊ သားနားတဲ့ ရုံးခန်း၊ အားလပ်ချိန်ခပ်များများနဲ့ တစ်နေကုန်ဘီယာသောက်ခွင့် စတာတွေကို သူတို့ကမျော်မှန်းပါတယ်။ သင့်ရဲ့သာမန် အစုရှယ်ယာတန်ဖိုးက ဈေးကောင်းပေမယ့် ဘယ်သူမှ အလကားမလုပ်ပေးပါဘူး။

သိပ်တော်တဲ့ အမှုထမ်းမျိုးကိုရှာတွေ့ဖို့ ကွန်ရက်ဖွဲ့လုပ်ကိုင်ဖို့လိုတယ်။ သူတို့ မနက်ဖြန်သင့်ဆီမှာ အခမဲ့လာလုပ်ဖို့ မျော်လင့်မနေပါနဲ့။ လမ်းခုလတ်မှာ အိမ်ရှေ့မင်းသားဖြစ်နိုင်မယ့်သူကိုရှာရင်း ဖားတွေအများကြီး ကိုနမ်းဖို့ သင်မျော်လင့်ထားလိုက်ပါတော့။

၆။ ဆရာများ သားသေ။

သင့်လုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံဗဟုသုတပိုရှိတဲ့ ဆရာတွေတွေ့ရဖို့ သိပ်အရေးကြီးပါတယ်။ နည်းပညာ၊ အွန်လိုင်းဈေးကွက်တင်ရေး၊ ပြည်သူ့ဆက်ဆံရေး၊ ဘာပဲဖြစ်ဖြစ် သင့်လုပ်ငန်းအတွက် လိုအပ်တဲ့၊ ကျွမ်းကျင်မှု ရှိတဲ့ ဆရာကိုရှာပါ။ သူတို့က အဖိုးတန်ပေမယ့် ‘ဆရာများ သားသေ’ ဖြစ်နိုင်တဲ့အတွက်သတိထားပါ။

သင့်ကုမ္ပဏီအနေနဲ့ ဘယ်ဟာကို ဇောင်းပေးသင့်ကြောင်း ဆရာတိုင်းမှာ ထင်မြင်ချက်ကိုယ်စီရှိပါတယ်။ ပထမတော့သင်ကနားထောင်ပြီး အဓိပ္ပာယ်ရှာမိမယ်။ နောက်တော့ သင်ဟာ ‘ဆရာများသားသေ’ ဖြစ်မယ်။ သင့်အဖို့ သင့်ဖောက်သည်တွေနဲ့အတူ အစည်းအဝေးပြန်လုပ်ပြီး သင့်အလိုအလျောက် သိစိတ်အရလုပ်ပါ။ သင့်လုပ်ငန်းပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင့်ဖောက်သည်တွေက ပြောပြနိုင်ပါတယ်။

၇။ (အံကိုက်ဖြစ်တဲ့) ထုတ်ကုန်ဈေးကွက်။

”ဝယ်သူဆီက တစ်ဒေါ်လာကရင်းနှီးမြှုပ်နှံသူရဲ့ ဆယ်ဒေါ်လာထက် တန်ဖိုးပိုရှိတယ်” လို့ ပညာရှင်တစ်ဦးပြောဖူးတာ မှန်ပါတယ်။ ပညာရှင် ‘ပီတာဒရပ်ကား’ကလည်း ”ဝယ်သူဟာ ကုမ္ပဏီက ရောင်းရမယ်ထင်တာကို ဝယ်လေ့ဝယ်ထမရှိဘူး” လို့ ပြောပါတယ်။ ဝယ်သူတွေနဲ့ သင် စကားစမြည်ပြောပြီး သူတို့ပြောတာကို နားထောင်ပါ။ သင်ဟာ SME ဖြစ်ကြောင်း မပြောပါနဲ့။ အဲဒါကို သူတို့နားမလည်ဘူး။ သင့်ကုန်စည်၊ သင့်အောင်မြင်မှုနဲ့ မီဒီယာမှာ ဖော်ပြခံရမှုတွေကို ဇောင်းပေးပါ။ ပြီးရင် သင့်ထုတ်ကုန်အတွက် ဇွဲကောင်းကောင်းနဲ့ ဆက်လုပ်ပါ။ အံကိုက်ဖြစ်တဲ့ ထုတ်ကုန်ဈေးကွက်ကို ရှာဖွေပါ။ သင့်ပတ်ဝန်းကျင်က SME တွေ ဝင်ငွေမရဘဲ တစ်လကို ဒေါ်လာတစ်သိန်း လောက်ကုန်နေချိန်မှာ သင်ကဝင်ငွေရပြီး ဝယ်သူတွေပျော်နေရင် သင်အဆင်ပြေပါပြီ။ ဘယ်လိုအဟန့်အတား ရှိရှိ ဝင်ငွေမရှိတာဟာ အမင်္ဂလာပါ။

၈။ ‘SME’ သင်တန်း (စီမံဆောင်ရွက်ခြင်းသာအဓိက)

သင်ဟာ အထက်တန်းစား ပြည့်တန်ဆာလို လူရှေ့သူရှေ့ ပထမဆုံးမထွက်လာခင် နှစ်ပေါင်းများစွာ စာပေ၊ အကနဲ့ ကျင့်ဝတ်တွေကို ဆည်းပူးကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။ ဒါပေမဲ့ ကိစ္စအများစုကို လုပ်ရင်းကိုင်ရင်း သင်တတ် မြောက်လာလိမ့်မယ်။ သင်ဟာ ယခင်က ဘဏ်လုပ်ငန်း ရှင်၊ အာကာသယာဉ်မှူး၊ ဒါမှမဟုတ် PowerPoint ပါရဂူ၊ ဘာပဲဖြစ်ဖြစ် သင့်ကုမ္ပဏီကိုဦးစီးဖို့ သီးခြားကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ အဲဒါက သင်အလုပ်ကြိုးစားဖို့နဲ့ ဝီရိယရှိဖို့ အခြေခံအုတ်မြစ်ချပေးပေမယ့် သင့်လုပ်ငန်းကို အထောက်အကူပြုမယ့် လတ်တလော သင့်ရဲ့ဆာလောင်မှုနဲ့ လက်ခံကျင့်သုံးနိုင်စွမ်းတို့က အဓိကကျပါတယ်။ စိတ်ကူးထုတ်ရတာကက လွယ်တယ်။ လက်တွေ့လုပ်ရတာက ခက်တယ်လို့ ပြောကြပါတယ်။

၉။ ငွေစကား ကြေးစကားပြောကြစို့။

သင်ဟာ ‘SME’ တည်ထောင်သူဖြစ်ပေမယ့်၊ သင်သိပ်တော်တယ်ဆိုပေမယ့် လစာငွေလုံးဝရမှာမဟုတ်ဘူး။ ဒါ မှမဟုတ် နည်းနည်းလေးပဲရမယ်။ သင်ဟာကံကောင်းလို့ ဘဏ္ဍာငွေစုဆောင်းနိုင်ခဲ့ရင်တောင် ကာလပေါက်ဈေးအတိုင်း လစာငွေသင်မရဘူး။ ရင်းနှီးမြှုပ်နှံသူတွေက သင် မရသင့်ဘူးလို့ ယူဆတာကြောင့်၊ နောက်ပြီး သင်ဝင်ငွေ အမြောက်အမြားမရှာနိုင်ရင် သင်မရသင့်ဘူးလို့ သူတို့ထင်တာကြောင့်ပါပဲ။

၁၀။ ‘ထွက်ပေါက်’ ဆိုတာ (ညစ်ညမ်းဝေါဟာရ ဖြစ်ချင်ဖြစ်မယ်)။

သင်လည်း သင့်ဘဝရဲ့ထွက်ပေါက်လိုချင်မှာပါ။ သင့်မှာ ငွေစုမိဆောင်းမိတဲ့အခါ လက်ရှိလုပ်ငန်းနဲ့မဆိုင်တဲ့ တ ခြားအလုပ်တစ်ခုခုကို ပိုလုပ်ချင်မှာပါပဲ။ ‘SME’ တွေရဲ့ ပြဿနာက အဲဒါပါပဲ။ ‘SME’ တည်ထောင်သူတိုင်းက သူ့ကုမ္ပဏီကို ဈေးအများဆုံးပေးသူကို မတည်ငွေပမာ ဏအများဆုံးရဖို့အတွက် ရောင်းစားဖို့ စဉ်းစားတယ်။ မြှုပ်နှံသူတွေနဲ့ တခြားပါဝင်ပတ်သက်သူတွေအတွက် စွန့်စားမှုနဲ့ သက်ရောက်မှု အနည်းဆုံးဖြစ်စေချင်ကြပါတယ်။

များသောအားဖြင့် တည်ထောင်သူတွေဟာ ငွေ လေးနည်းနည်းပိုက်မိတာနဲ့ ရတဲ့အနည်းငယ်လေးနဲ့ပဲ ကျေနပ်စွာ ထွက်ခွာသွားလိမ့်မယ်။ အဲဒီမှာ လက်တစ်ဆုပ် စာခြွင်းချက်တွေပါသွားမယ်။ အဲဒီလူ အများစုဟာ နောက် လှည့်မကြည့်ဘဲ အောင်မြင်ပြီးသား ကုမ္ပဏီတွေမှာအ လုပ်ဝင်လုပ်မယ်။ အနည်းစုကသာ ကုမ္ပဏီတွေ ပြန်တည် ထောင်ကြပါတယ်။ ဒါကြောင့် ကိုယ်တကယ်ရောက်ချင် တဲ့ပန်းတိုင်ရောက်အောင် တစိုက်မတ်မတ်ကြိုးစားကြဖို့ လိုပါတယ်။

‘SME’ မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတည်ထောင် ကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေသာလျင် အကျိုးကျေး ဇူးရရှိပြီး စည်းစိမ်ခံစားကြရသူတွေဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုယ်အပတ်တကုတ်ကြိုးစား ပြီးတည်ဆောက်ထားတဲ့ လုပ်ငန်းငယ်လေးကို တစ်ဆင့် မြှင့်တင်ပြီး အကျိုးအမြတ်များတဲ့ လုပ်ငန်းတစ်ခုဖြစ်နိုင် ဖို့အတွက်ဆိုရင် ငွေရှာဖွေစုစည်းပြီး ကိုယ့်လုပ်ငန်းကိုယ် ရောင်းစားနေရုံလောက်နဲ့ မရနိုင်ဘူးဆိုတာ ကြိုသိထားဖို့လိုပါလိမ့်မယ်။